Saturday, July 13, 2024

ပြင်ဦးလွင်-နောင်ချိုနယ်စပ် တိုက်ပွဲပြင်းထန်၊ ရှေးဟောင်း ဘုန်းတော်ကြီးကျောင်း မီးလောင်ပြာကျ

Must read

ပြင်ဦးလွင်မြို့ ယမန်နေ့ ညပိုင်း ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရပြီးနောက် လက်တုန့်ပြန်မှု အဖြစ် စစ်ကောင်စီတပ်က ပြင်ဦးလွင်နှင့် နောင်ချိုမြို့နယ် နယ်စပ်ဒေသကို စစ်ကြောင်းထိုးရာက တိုက်ပွဲများ ပြင်းထန်နေသည်ဟု ဒေသခံများက ယနေ့ (ဧပြီလ ၁၅ ရက်) တွင် ပြောသည်။

ယမန်နေ့ (ဧပြီ ၁၄)ရက် ည ၉ နာရီကျော်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တပည့် စစ်ဗိုလ်ချုပ်များ အပန်း‌ဖြေနေသည့် ပြင်ဦးလွင်မြို့ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခံရသည်။

ထို့နောက် ယနေ့ (ဧပြီ ၁၅)ရက် နံနက် အစောပိုင်း တိုက်ပွဲများ ပြင်းထန်ရာက မနက် ၅ နာရီခန့်တွင် နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာရှိ ရှေးဟောင်း ဘုန်းတော်ကြီးကျောင်း မီးလောင်သွားပြီး ရွာသားများ ထွက်ပြေးနေရသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

“ခုမနက် အစောကြီးကတည်းက တိုက်ပွဲဖြစ်တယ်။ ရုတ်တရက် ဖြစ်တာ။ ရွာထဲမှာ ပစ်ကြတာ။ ရွာထဲက ရှေးဟောင်း ဘုန်းကြီးကျောင်း မီးလောင်သွားပြီ။ ရွာသားတွေ အကုန် ထွက်ပြေးနေရတယ်။ အနီးနားက ရွာတွေလည်း ပြေးနေရတယ်” ဟု ဒေသခံ တစ်ဦးက ဆိုသည်။

စစ်ရေးအရ အရေးပါပြီး တော်လှန်ရေးတပ်များ စိုးမိုးထားသည့် ပြင်ဦးလွင်-နောင်ချို နယ်စပ် တိုက်ပွဲများအတွင်း ထိခိုက်မှုများနှင့် ပတ်သက်၍ ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။

အဆိုပါဒေသတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး မဟာမိတ်ညီနောင်တပ်များ၏ သျှမ်းမြောက် စစ်ဆင်ရေး အတွင်း စစ်ရေးအရ အချက်အခြာကျသည့် သံဘိုရွာ တိုက်ပွဲမှာ ထင်ရှားသည်။

ယနေ့ ဖြစ်ပွားနေသော တိုက်ပွဲကြောင့် သရက်ကုန်းရွာ၊ ဇာလီကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် နေထိုင်သည့် ထောင်နှင့်ချီသည့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article