Saturday, May 4, 2024

“ နိုင်ငံရေးမူ တစ်ယောက်တစ်ပေါက် ချမှတ်နေရင် သျှမ်းလူငယ်တွေ မျိုးချစ်စိတ် ပြင်းပြဖို့ လုပ်တဲ့နေရာ ထိခိုက်သွားနိုင်တယ်”

Must read

စစ်မှုထမ်းဥပဒေအကြောင်းတွေ ၊ သျှမ်းပြည်အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ လူမျိုးရေးပြဿနာတွေန သျှမ်းလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ဘယ်လိုပြုပြင်သင့်လဲ၊ သျှမ်းလူငယ်တွေ လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကြပ်ရိုက်မှုတွေကဘာတွေလဲဆိုတာကို သျှမ်းနိုင်ငံရေးသုတေသီ စိုင်းဝမ်းစိုင်းကို သျှမ်းသံတော်ဆင့် ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ စစ်ရေးရှုံးနိမ့်နေတဲ့ စစ်ကောင်စီက စစ်မှုထမ်းဉပဒေကို အတည်ပြု ကျင့်သုံးလိုက်တဲ့ အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ စစ်ကောင်စီက အခု စစ်ရှုံးနေတော့ စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းလိုက်တာဟာ နောက်ဆုံးရှိတဲ့ ကောက်ရိုးမျှင်လေးတစ်မျှင်ကို ကပ်တွယ်လှမ်းဆွဲပြီးတော့ ထွက်ပေါက်များ ရမလားဆိုပြီး လုပ်နေတဲ့အလုပ်လို့ ကျနော်က အဲ့လိုယူဆပါတယ်။

မေး။ ။ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပေါင်းဆုံ အများအပြားရှိတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်တယ်။ စစ်ကောင်စီရဲ့ စစ်မှုထမ်းဉပဒေက တကယ်ကော အသက်ဝင်လာနိုင်မှာလား။ သျှမ်းပြည်မှာကော ဘယ်‌လောက်ထိ စိန်ခေါ်မှု ရှိလာနိုင်လဲ။

ဖြေ။ ။ ယေဘုယျအားဖြင့်တော့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့တွေ ရွာတွေ မှာတော့ အထိုက်အလျှောက် အောင်မြင်နိုင်မယ်လို့ ကျနော်တို့ ပြောလို့ရတယ်။ သူတို့မှာ အာဏာရှိတယ်၊ သူတို့ မထိန်းချုပ်ထားတဲ့ နယ်မြေကတော့ သူတို့ရဲ့အာဏာက မသက်ရောက်နိုင်ဘူး။ မသက်ရောက်နိုင်တဲ့အတွက် သူတို့ရဲ့ အောင်မြင်မှုက မရနိုင်ဘူး။ ရမယ်ဆိုရင်လည်း အင်မတန် နည်းမယ်ပေါ့။

နောက်ပြီး သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲကလည်း ပြည်သူတွေမှာ( ၁ ) ထွက်ပြေးမယ်၊ ( ၂ ) တော်လှန်ရေး အင်အားစုထဲ ဝင်မယ်၊ ( ၃ ) သူတို့ နည်းလမ်းရှာ ပြီးတော့ နိုင်ငံခြားကို ထွက်မယ်။ အဲ့လိုတွေ စဉ်းစားနိုင်တယ်။ အဲ့ဒီလို မတတ်နိုင်လို့ အတင်းဆွဲခေါ်ပြီး စစ်ထဲဝင်ခိုင်းတဲ့ လူတွေကြတော့ အတင်း ဆွဲဝင်ရင်လည်း ဝင်မယ်။ ဝင်ပြီးရင်လည်း သေနတ်ကို သူတို့ဘက် ပြန်လှည့်မယ်၊ အဲ့လိုတွေလည်း ရှိနေတယ်ဆို‌တော့ အောင်မြင်မှု ကြည့်ရတာ သိပ်ပြီးတော့ မများဘူးလို့ ကျနော်ကတော့ ပုဂ္ဂိုလ်ရေး အရ အဲ့လိုထင်တယ်။

အဲ့ဆိုရင် လူငယ်တွေ ကြားမှာလဲ ခုအရမ်းကို ပြောနေကျ စကားတစ်ခွန်းပေါ့နော်။ တကယ်လို့ မရမက ဆွဲသွားမယ်ဆိုရင် ဝင်သွားရင်လည်း သူတို့က စစ်ရေးလေ့ကျင့်ပြီးတော့ သူတို့ကို ပြန်တိုက်ခိုက်မယ်ဆို‌တော့၊ ဒီဟာလိုမျိုး တကယ်လို့ အခုကြည့်မယ်ဆိုရင် စစ်အာဏာရှင်ကို တိုက်ခိုက်နေတဲ့ အချိန်ပေါ့နော်။

မေး။ ။ တကယ်လို့ သူတို့ စစ်မှုထမ်းဥပဒေထဲကနေ အတင်းအဓမ္မ ခေါ်သွားပြီးတော့ ဒီလိုမျိုး စစ်မှုထမ်းရတဲ့ သူတွေဆိုရင်ကော မကြာခင်မှာ သူရဲ့လုပ်ရပ်နဲ့ တပ်တွင်းပုန်ကန်မှု ဆိုတာ အကြီးအကျယ် ဖြစ်လာနိုင်လား။

ဖြေ။ ။ ဖြစ်နိုင်တယ်လို့ ထင်တယ်။ သတင်းတစ်ပုဒ် ဖတ်ရတာ အဲ့ဒါက တပ်တွင်းမှာရှိတဲ့ လူတွေက အဲ့ဒီ စစ်မှုမထမ်းမနေရ စနစ်ကို မကြိုက်တဲ့ လူတွေ။ သူတို့က ပြောတာဆိုတာတွေ ထွက်လာတယ်။ ဘယ်လိုပြောလဲဆိုတော့ အခုအသစ်ခေါ်ယူမယ့် လူတွေက နှစ်နှစ်ပဲ စစ်မှုထမ်းပြီး ထွက်လို့ ရတယ်ပေါ့။ သူတို့ကြတော့ စစ်မှုထမ်းလာတာ ၂ ကျော်နေတဲ့အပြင် တချို့ဆိုရင် ၄၊ ၅၊ ၆ နှစ်တောင် ရှိနေပြီ။ သူတို့က ထွက်လို့ မရဘူးပေါ့နော်။ သူတို့ကိုလည်း နှစ်နှစ်နဲ့ ထွက်ခွင့်ပြုဖို့ ခွင့်ပြုသင့်တယ်ပေါ့ အဲ့လိုပြောတယ်။

နောက်တခုကလည်း စစ်မှုမထမ်းမနေရ ဥပဒေကြီးက စစ်ဗိုလ်ချုပ်တွေရဲ့ သားသမီးတွေကျတော့ အကျုံးမဝင်ဘဲနဲ့ သူတို့ကို နိုင်ငံခြားတွေ ပို့ထားတာ၊ ဒါကိုလည်း သူတို့က မကျေနပ်ဘူး။ ဆိုတော့ အခုအချိန် အထိတော့ သူတို့က စည်းစည်းလုံးလုံးနဲ့ ဒီစစ်မှုမထမ်းမနေရ ဥပဒေကြီးကို တော်လှန်တုန့်ပြန်တဲ့ လုပ်ရှားမှုက မရှိဘူး။ ဒါတောင် တပ်တွင်းထဲက သူ့ကို မကျေနပ်ဘူး ဖြစ်နေတယ်။ ဒါပေမဲ့ အပြင်မှာရှိတဲ့ လူငယ်လူရွယ်တွေရဲ့ မိဘကလည်း အဲ့တာကို လုံးဝဆန့်ကျင်တယ်ဆိုတာ သူတို့က အခု လူမှုကွန်ယက်မှာ ကျနော်တို့က တွေ့နေရပြီ။ ဒါက လူထုတွေရဲ့ ခံစားချက်ကို ထင်ဟပ်စေတယ်လို့ မြင်ပါတယ်။

မေး။ ။ သျှမ်းလူငယ်တွေ ဒီတော်လှန်ရေးထဲ ပါလာဖို့ဆိုရင်ကော ဆရာအနေနဲ့ ဘာတွေပြောချင်လဲ။ သျှမ်းတပ် ၂ တပ်လုံးက ဘယ်လိုပြုပြင်သင့်တယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ သျှမ်းလူငယ်တွေ တော်လှန်ရေးထဲ ပါလာအောင် ပြောဖို့ဆိုတာက သူတို့ကို နိုင်ငံရေးအသိ နှိုးကြားဖို့အတွက် သူတို့ကို သိမ်းသွင်းဖို့လည်း လိုတာပေါ့။ အဲ့ဒါနဲ့အတူ လက်တွေ့ သွားဖို့ အပိုင်းကလည်း ပါတယ်။ လက်တွေ့သွားဖို့ အပိုင်းတွေက ဘာလဲဆိုတော့ သျှမ်းတပ်နှစ်တပ်က အခုအပစ်အခတ် ရပ်စဲရေးနဲ့ သွားဖို့မလုံလောက်ဘူး။ ဒီထက်ပိုပြီး အတူတူတွဲပြီး အလုပ်လုပ်နေတဲ့ အဆင့်ထိကို တိုးပြီးလုပ်ဖို့ လိုအပ်တယ်။

နိုင်ငံရေးမူ ချမှတ်ဖို့လည်း တစ်ယောက်တစ်ပေါက် ချမှတ်နေရင်တော့ သျှမ်းတွေရဲ့ စည်းလုံးမှုကို ထိခိုက်စေတဲ့အပြင် သျှမ်းလူငယ်တွေကို တပ်ထဲဝင်ဖို့၊ မျိုးချစ်စိတ် ပိုပြီးပြင်းပြဖို့ လုပ်တဲ့နေရာမှာလည်း ထိခိုက်သွားနိုင်တယ်။ သျှမ်းတပ် ၂ တပ်ရယ်၊ နောက်ပြီး သျှမ်းနိုင်ငံရေး ပါတီတွေရယ် သူတို့က အတူတူ ပူးပေါင်းပြီးတော့ ဘုံရည်မှန်းချက်တွေကို ပြည်သူလူထုထံ ချပြဖို့လိုမယ်လို့ ကျနော်ထင်တယ်။

မေး။ ။ သျှမ်းပြည်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲဟာဆိုရင် နှစ်ပေါင်း ၇၀ ကျော်နေပြီ။ အခုထိ စစ်ရေးတွေက ပိုပြီး ရှုပ်ထွေးလာသလို တိုင်းရင်းသား အချင်းချင်းကြားရော ပဋိပက္ခတွေ ပိုများလာတယ်။ ဒီအပေါ်မှာကော ဆရာ့အနေနဲ့ ဘယ်လိုမြင်လဲ။

ဖြေ။ ။ တစ်အချက်က ကျနော်တို့ ဒီတိုင်းရင်သားနယ်မြေမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေ အများကြီးရှိတယ်။ အဲ့ထဲမှာလည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပဋိပက္ခတွေဖြစ်တယ်။ ဖြစ်ရတဲ့ အကြောင်းရင်းကလည်း နှစ်ခုရှိတယ်။ တစ်ခုကတော့ သျှမ်းမဟုတ်တဲ့ တိုင်းရင်းသားတွေရဲ့ အင်းအားတွေက အမျိုးသားရေး နှိုးကြားမှုတွေ သူတို့ကို ရိုက်ခက်လာတာ တစ်ခု။

နောက်တစ်ခုကတော့ လူဦးရေ အများဆုံးဖြစ်တဲ့ သျှမ်းတပ် ၂ တပ်ကလည်း ဖြည့်ဆည်းမှု မရှိတဲ့ အခါကြတော့ ကျနော်တို့ထဲကို ဝင်ဖို့လည်း မဖြစ်နိုင်တော့ သူတို့ဟာသူတို့ တပ်ပြန်ထောင်တယ်။ လုပ်ရတဲ့ အပိုင်းတွေက နည်းနည်းတော့ များလာတာပေါ့။ အဲ့တာကြောင့်မလို့ တစ်ယောက်နဲ့ တစ်ယောက် မတိုက်ခိုက်ဖို့၊ စိတ်ဝမ်းမကွဲဖို့၊ စုစည်းဖို့ အတွက်ဆိုရင်တော့ ဘုံအမျိုးသားရေး ကြန်အင်လက္ခဏာကို ကျနော်တို့ တည်ဆောက်ဖို့လိုမယ်။

ကျနော်တို့က တည်ဆောက်ဖို့လိုတယ် ဆိုတဲ့နေရာမှာ ဟိုးအရင် “ဖက်ဒရယ်သျှမ်းပြည်များ” အဲ့ဒီပုံစံကို ကျနော်တို့ ယူပြီးတော့ သျှမ်းပြည်ထဲမှာရှိတဲ့ တိုင်းရင်းသားတွေကိုလည်း သူတို့နယ်မြေကို သူတို့ဘာသာ သူတို့အုပ်ချုပ်၊ သျှမ်းတွေလဲ သူတို့ဟာ သူတို့အုပ်ချုပ်။ အဲ့တာတွေ အကုန်လုံး ပူးပေါင်းပြီးတော့ စုပေါင်းခေါင်းဆောင်မှုနဲ့ ကျနော်တို့ အတူတူ အလုပ်လုပ်ကြမယ် ဆိုရင်တော့ အခုလိုဖြစ်နေတဲ့ ပဋိပက္ခတွေက အေးငြိမ်းသွားမယ်လို့ ကျနော်ထင်တယ်။ မအေးငြိမ်းရင်တောင်မှ လျော့နည်းသွားမယ်လို့ ကျနော်ထင်တယ်။

အဲ့အတွက်တော့ ကျနော်တို့ ပညာပေးမှု အပိုင်းတွေလည်း လိုမယ်။ တစ်ယောက်နဲ့ တစ်ယောက် စကားပြောဖို့ အပိုင်းတွေလည်း လိုမယ်။ အဲ့လိုမှ မဟုတ်ဘဲနဲ့ သျှမ်းမဟုတ်တဲ့ လက်နတ်ကိုင် အများစုတွေက သျှမ်းတွေ အများစုနေတဲ့ နယ်မြေထဲကို အတင်းဝင်ပြီး တပ်မတော်ကို မောင်းထုတ်ပြီးတာနဲ့ သူတို့ရဲ့ နယ်မြေဆိုပြီး သိမ်းယူဖို့ လုပ်မယ်ဆိုရင်တော့ ကျနော်တို့ အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်ဖို့ လမ်းစတွေက ပိုပြီးများလာမယ်။

အဲ့ဒီအတွက် သျှမ်းပြည်ထဲမှာရှိတဲ့ တော်လှန်ရေး အင်အားစုတွေ အားလုံး ဂဃနဏ စဉ်းစဉ်းစားစား ချင့်ချင့်ချိန်ချိန်နဲ့ စားပွဲဝိုင်းမှာ ထိုင်ပြီး ဆွေးနွေးဖို့ လိုမယ်လို့ ကျနော်ထင်တယ်။

မေး။ ။ သျှမ်းမြောက်မှာ “၁၀၂၇ စစ်ဆင်ရေး” ဖြစ်လာပြီးတဲ့ နောက်ပိုင်းမှာ စစ်ကောင်စီကို တိုက်ထုတ်နိုင်တဲ့ တပ်ဖွဲ့က အဲ့နေရာမှာနေမယ်၊ ပြီးရင် အဲ့နေရာမှာပဲ အုပ်စိုးသွားမယ်ဆိုတာ ဒီလိုမျိုး ဖြစ်နေတယ်‌။ ပြီးတော့ လက်ရှိမှာဆိုရင် သျှမ်းလူထုတွေက အကြပ်ရိုက်တဲ့ အထဲမှာ ရောက်နေပြီလား။ သျှမ်းပြည် မြေပုံသစ် ထွက်လာနိုင်မှာလား၊ ပြီးရင် နိုင်ငံရေးအားက လျော့ကျနေပြီလားဆိုတာ ဆရာ့အမြင် ပြောပြပေးပါ။

ဖြေ။ ။ သိမ်းပိုက်ခံရတဲ့ နယ်မြေတွေမှာ သျှမ်းလူမျိုးတွေက အကြပ်ရိုက်တာကတော့ အဲ့ဒါ အမှန်တရားပဲ။ လောလောဆယ် ဖြစ်ပေါ်နေတဲ့ အနေအထားကို သူတို့ဘယ်လို ကျော်လွှားမလဲဆိုတာ ကျနော်အနေနဲ့လည်း အတော်ရင်လေးတယ်။ အဲ့ဒါကို ဘယ်လိုကျော်လွှားမလဲ ဆိုတာကို စကားပြောတဲ့ နေရာမှာ စစ်ရေးအရ သွားဖြေရှင်းရင်လည်း ကျ‌နော်တို့ တစ်ယောက်နဲ့ တစ်ယောက် တိုက်ယုံပဲ။

နိုင်ငံရေးအရ ဖြေရှင်းမယ်ဆိုရင်လည်း သူတို့ အဆင်သင့် ဖြစ်ရဲ့လားပေါ့။ စကားပြောဖို့ အဆင်သင့် ရှိရင်တော့ အဲ့ဒါ နယ်မြေပိုင်းခြားပြီး သူ့နယ်မြေ ကိုယ့်နယ်မြေ လုပ်တယ်ဆိုတဲ့ ကိစ္စက တိုက်လို့ နိုင်လို့ လုပ်လို့ရတဲ့ ကိစ္စမျိုး မဟုတ်ဘူး။ နိုင်ငံရေးစည်းမျဉ်း သတ်မှတ်ဆိုတာက နည်းနာ နိဿယတွေ စည်းမျဉ်းစံနှုန်းတွေရှိတယ်။ အဲ့စည်းမျဉ်းစံနှုန်းတွေအတိုင်း လူထုကို မေးပြီး လုပ်ရတဲ့အလုပ်။ အဲ့အဆင့်ကို ကျနော်တို့က မရောက်သေးဘူး။

အဲ့အဆင့်ကို ဘာကြောင့် မရောက်ဘူးလဲဆိုတော့ စစ်တပ်က အခု လုံးဝအာဏာကို အနည်းငယ် ရှိနေသေးတယ်။ စစ်တပ်က အာဏာလုံးဝ မရှိတော့ဘူးဆိုမှ ကျ‌နော်တို့ အချင်းချင်း ထိုင်ပြီး စံနှုန်းစံညွှန်းတွေ ပြည်နယ် သို့မဟုတ် အုပ်ချုပ်ရေးဒေသ ဖွဲ့ခွင့်တွေကနေ အဲ့တာတွေကို ကျနော်တို့က အသေးစိတ် တစ်ယောက်နဲ့တစ်ယောက် ထိုင်ပြီးစဉ်းစားရမှာ။

အဲ့စံနှုန်းတွေ ချပြီးတဲ့အချိန်မှ လူထုကိုမေးပြီး ကျနော်တို့က လုပ်ရမဲ့အလုပ်၊ နောက်ပြီး အဲ့တာတွေက Referendum (လူထုဆန္ဒ ခံယူခြင်း) တွေနဲ့ နှီးနွယ်နေတဲ့အလုပ်။ အခုက သေနတ်နဲ့ပစ်ပြီး စစ်ကောင်စီကို မောင်းထုတ်လို့ရတိုင်း ဒါကျနော်နယ်မြေဆိုပြီး ပြောပြီးလုပ်လို့ရတဲ့ အလုပ်မဟုတ်ဘူး။

အဲ့လိုလုပ်ရင်လည်း မကြာခင် အတင်းလုပ်ပြီး သိမ်းယူမယ်ဆိုရင်လည်း တစ်ယောက်နဲ့တစ်ယောက် တိုက်ဖို့ပဲရှိမယ်။ အဲ့တာကြောင့် သျှမ်းပြည်လူထုရဲ့ အရေးကြီးတဲ့ အဖြေရှာနည်းက‌တော့ တစ်ယောက်နဲ့ တစ်ယောက် စကားပြောဖို့ရယ်၊ နောက်ပြီး ဘုံ အမျိုးသားရေး ကြန်အင်လက္ခဏာ တစ်ခုကို ဘယ်လို တည်ဆောက်မလဲဆိုတာရယ် အဲ့တာတွေကို အတူတူ ထိုင်ပြီး စဉ်းစားဖို့လို့တယ်။

မေး။ ။ ဒီအချိန်မှာက စစ်ကောင်စီကို တိုက်ထုတ်ဖို့ အချိန်ကောင်း ဖြစ်နေမလား။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက် ကလည်း မွန်ပြည်သစ်ပါတီကနေလည်း စစ်ကောင်စီကို တိုက်ထုတ်သွားမယ်ဆိုပြီးတော့ ထုတ်ပြန်လာခဲ့တယ်။ ဒီအချိန်က တကယ် တော်လှန်မယ်ဆိုရင် ဘယ်လို အခြေအနေမျိုး ရှိနေလဲ။ တော်လှန်ဖို့ အချိန်ကောင်း ဟုတ် မဟုတ်ဆိုတာကို ဆရာ့အနေနဲ့ ဘယ်လိုမြင်မိပါသလဲ။

ဖြေ။ ။ တော်လှန်ဖို့ ကောင်းတဲ့အချိန်ကတော့ ကျနော်အထင် ဒီအချိန်ပေါ့။ ဒါကတော့ သိပ်ပြီး ငြင်းစရာ အကြောင်းမရှိပါဘူး။ နောက်ပြီး မွန်ပြည်သစ်ပါတီ တစ်ပိုင်းက ခွဲထွက်ပြီး တိုက်မယ်ဆိုတာလည်း အဲ့တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ကျနော်က မြင်ပါတယ်။ အခုကျနော်တို့ သျှမ်းပြည်မှာဆိုရင်လည်း တပ်နှစ်တပ်ရှိတယ် တစ်တပ်ကတော့ NCA လက်မှတ်မထိုးထားဘူး၊ တစ်တပ်က NCA ထိုးထားတယ်။

NCA ထိုးထားတဲ့ RCSS တပ်က စစ်ကောင်စီနဲ့ စကားပြောနေသေးတယ် PPST ရဲ့ အလံအောက်မှာ။ အခု ဒီ SSPP ကျတော့ ပြည်တောင်စုနေ့မှာ NUG ကျင်းပတဲ့ အခမ်းအနားကို KIA ၊ CNF ၊ SSPP သူတို့က အတူတူ သဝဏ်လွှာ ပို့တယ်။ အဲ့သဝဏ်လွှာထဲမှာလည်း ပင်လုံကို ပြန်ပြီး သရုပ်ဖော်ဖို့လည်း ပါတယ်။ ကျနော်တို့ ပြောလို့ရတာက SSPP က စစ်ကောင်စီကို ဆန့်ကျင်တယ်လို့ ကြေညာတယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်တယ်။

SSPP ကတော့ တိုက်ဖို့ အဆင်သင့် ဖြစ်နေတယ်ဆိုတဲ့ ပုံစံမျိုး ပေါက်ရောက်တယ်လို့ ကျနော်ကတော့ အဲ့လို သုံးသပ်တယ်။ RCSS ကတော့ မတိုက်ချင်သေးဘူး အခုအဲ့တာကြောင့်မလို့ စစ်ကောင်စီနဲ့ စကားပြောနေသေးတယ်လို့ ကျနော်ကတော့ အဲ့လိုထင်တယ်။ သျှမ်းတပ်နှစ်တပ် အတူတူပေါင်းပြီး တိုက်မှ တိုက်မယ်ဆိုတာထက် SSPP တိုက်ရင်လည်း ကျနော်တို့က အားပေးဖို့ပဲလိုတယ် ကျနော်ကတော့ အဲ့လိုမျိုးပဲထင်ပါတယ်။

မေး။ ။ ဒီအချိန်က စစ်ကောင်စီကို တော်လှန်ဖို့ အကောင်းဆုံး အချိန်တစ်ခုလည်း ဖြစ်နေတယ်ဆိုတော့ ဒီတပ်နှစ်တပ်က အခုချိန်ထိ မတိုက်ခိုက်သေးတာက ဘာကြောင့်ဖြစ်မလဲပေါ့နော် ။သူတို့နောက်ကွယ်က အကြောင်းရင်းက ဘာတွေရှိနေမလို့လဲ။

ဖြေ။ ။ SSPP က NCA မထိုးထားဘူး၊ ကြားနေပြီး ဘယ်ဘက်လည်းမပါ ညာဘက်လည်းမပါ ဆိုတဲ့ “ဝ” UWSA ရဲ့ ရပ်တည်မှုနဲ့ သူက တူတယ်လို့ ပြောလို့ရတယ်။ ပြည်ထောင်နေ့ သဝဏ်လွှာ မပို့ပေးတဲ့ အချိန်ထိ‌ပေါ့။ အခုက ပြည်ထောင်စုနေ့ကို သူက သဝဏ်လွှာ ပို့လိုက်ပြီဆိုတော့ သူက NUG ကို ဗမာအစိုးရအနေနဲ့ လက်ခံပြီး ကျနော်တို့ ပင်လုံမှာ ပင်လုံစာချုပ် ကတိကဝတ်အတိုင်း ကျနော်တို့တွဲပြီး လုပ်ကြရအောင်လို့ ချင်းရယ် ကချင်ရယ် သျှမ်းရယ် ပေါင်းပြီးတော့ ပြောတာပေါ့။ ပြောရရင် SSPP ရဲ့လိုင်းက နည်းနည်းတော့ ပြောင်းသွားတာပေါ့။ အခု ဒီစစ်ကောင်စီကို တိုက်ဖို့ အဆင်သင့် အနေအထား ရောက်နေပြီ။

RCSS ကျတော့ NCA ထိုးထားတယ်၊ သူတို့ရဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်ကလည်း အဲ့ဒီ NCA လုံးဝ မပျက်အောင် သူက ကိုင်ထားမယ်။စစ်ကောင်စီနဲ့ သူက သဘောထားချင်း တူနေတယ်။ တူနေတဲ့အပြင်ကို စစ်ကောင်စီက ခေါ်တဲ့ အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့တွေက တက်ရောက်ဆွေးနွေးပွဲကို RCSS က တက်တယ်။ တက်တယ်ဆိုတော့ သူက စစ်ကောင်စီကို တိုက်မယ်ဆိုတဲ့ အနေအထားမျိုး မရောက်သေးဘူး။

မရောက်သေးတဲ့ အတွက်ကြောင့် ကျနော်တို့ပြောရမှာက သျှမ်းလက်နက်ကိုင် အဖွဲ့အစည်းနှစ်ခုက တစ်ခုနဲ့တစ်ခု နိုင်ငံရေးရပ်တည်မှုက မတူဘူးလို့ ပြောလို့ရတယ်။ အဲ့တာကြောင့် ခြုံငုံပြီး ပြောရင်တော့ တစ်ဖွဲ့က ဘာကြောင့် တိုက်မယ့်လမ်းကို နီးစပ်လာပြီး တစ်ဖွဲ့က ဘာကြောင့် မတိုက်ဘဲနဲ့ ငြိမ်ချမ်းရေး ဆွေးနွေးပွဲလမ်းကြောင်းကို ဂဃနဏ ကျနော်တို့ တွေ့လို့ရတာပေါ့။

မေး။ ။ နောက်ဆုံးအနေနဲ့ သျှမ်းလူထုတွေလည်း နိုင်ငံရေးထဲ အရှိန်မြင့်တက်လာစေဖို့ ဆရာအနေနဲ့ ဘာတွေများ အကြံပြု ပြောကြားချင်လဲ။

ဖြေ။ ။ သျှမ်းလူထုလို့ ကျနော်ပြောတဲ့နေရာမှာ သျှမ်းစကား ပြောတဲ့လူတွေကိုပဲ မရည်ညွှန်းချင်ဘူး။ ကျနော် ရည်ညွှန်းချင်တာက သျှမ်းပြည်အတွင်းမှာ မှီတင်းနေထိုင်တဲ့ လူမျိုးတိုင်း လူမျိုးတိုင်းကို ကျနော် ရည်ညွှန်းချင်ပါတယ်။

ခုနက ထပ်ခါတလဲလဲ ကျနော်ပြောထားတဲ့အတိုင်း ကျနော်တို့ “ဖက်ဒရယ် သျှမ်းပြည်များ Federated Shan States” ပုံစံကို ကျနော်တို့ ကြည့်ကြရအောင်၊ အဲ့တာကို ကျနော်တို့ ပြန်ပြီး မွမ်းမံပြီး အသုံးပြုကြရအောင် ကျနော်က အဲ့လိုပြောချင်တယ်။ အဲ့လို လုပ်မှသာလျှင် ကျနော်တို့ တစ်ယောက်နဲ့တစ်ယောက် ဘုံအမျိုးသားရေး ကြန်အင်လက္ခဏာကို လက်ခံနိုင်မယ်။ ကျနော်တို့ လက်ခံနိုင်ရင် တစ်ယောက်နဲ့တစ်‌ယောက် ကူးလူးဆက်ဆံနိုင်မယ်။

တစ်ချိန်ထဲမှာ ကိုယ်ရဲ့ယဉ်ကျေးမှု၊ ကိုယ်ရဲ့ ဘာသာစကား ဓလေ့ထုံးစံကိုလည်း လွတ်လွတ်လပ်လပ် ဖန်တီးပြီး ကာကွယ်ပြီး ကျနော်တို့က နေသွားလို့ရမယ်။

အင်္ဂလိပ်လို့ကတော့ Unity in Diversity ကွဲပြားခြားနားမှုမှသည် စည်းလုံးညီညွတ်ခြင်းပေါ့။ ဒီနိုင်ငံရေး ရည်မှန်းချက်ကို တူတူညီညီ ကျနော်တို့ ဦးထိပ်ထားနိုင်မယ် ဆိုရင်တော့ ကျနော်တို့ ရည်မှန်းထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ကို တည်ထောင်နိုင်မယ်လို့ ထင်မြင်ယူဆပါတယ်။

ဒါတွေအပြင် ကျနော်တို့ သျှမ်းပြည်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေလည်း ပြေငြိမ်းသွားမယ်လို့ ကျနော်ယုံကြည်ပါတယ်။

မေး။ ။ ဟုတ်ကဲ့၊ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article