Friday, May 3, 2024

ဆီဆိုင်မြို့နယ် ရက်ပေါင်း ၂၀ ကျော်ကြာ တိုက်ပွဲထဲ စစ်ကောင်စီအပေါင်းအပါ ၆၀ ခန့် သေဆုံး

Must read

သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA၊ ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ၊ ပြည်သူ့စစ်အဖွဲ့ PNO တို့အကြား တိုက်ပွဲ ရက်ပေါင်း ၂၀ ကျော်တွင် စစ်ကောင်စီအပေါင်းအပါ ၆၀ ခန့်သေဆုံးသွားကြောင်း သိရသည်။

ဇန်နဝါရီလ ၂၂ ရက်မှစတင်ပြီး ဆီဆိုင်မြို့နယ် နော်ထော်ကျေးရွာရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLAတို့ ဗဟိုဌာနချုပ် အသိုက်အဝန်းကို စစ်ကောင်စီတပ်ဖွဲ့မှ လေယာဉ်ဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်ပြီးနောက် နှစ်ဖက်တပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားလာပြီး လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့ PNO ဘက်မှ တပ်သား ၆၀ ခန့် ကျဆုံးသွားကြောင်း PNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုထဲတွင် ပြည်သူ့စစ်အဖွဲ့ PNO မှတပ်ဖွဲ့ဝင် ၂ ဦးအရှင်ဖမ်းမိပြီး လက်နက်နှင့် ခဲယမ်းပစ္စည်းများလည်း သိမ်းဆည်းရမိကြောင်း ဆိုသည်။

အလားတူ ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ဆီဆိုင်မြို့ထဲသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ပအိုဝ်းတပ်ဖွဲ့ PNLA တို့ မြို့၏မြောက်ဘက်တစ်နေရာတွင် တိုက်ပွဲဆက်လက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့်ပြည်သူ့စစ်အဖွဲ့ ၈ ဦးထက်မနည်းသေဆုံးကာ သေနတ် ၂ လတ်၊ ကား ၁ စီးနှင့် ခဲယမ်း ကျည်ဆံအချို့ သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ထားသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် ဆီဆိုင်မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းဆောင် စုစုပေါင်း ၆ ခု၊ ဓမ္မရုံ ၁ ခု၊ ဘုရားရှိခိုးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်းနှင့် ဒေသခံပြည်သူနေအိမ် အများအပြား မီးလောင်၊ ပျက်စီး သွားခဲ့သည်။

ထို့အပြင် ဖေဖော်ဝါရီလ ၄ ရက်တွင်လည်း ဆီဆိုင်မြို့နယ် အောင်ဆုဗွေစခန်းမှ ဆေးဖြတ်သူ လူငယ် ၁၂ ကို ရှေ့တန်းသို့ ပို့ဆောင်ရန် ငြင်းဆန်သည့်အတွက် စစ်ကောင်စီက ပစ်သတ်ခဲ့ကြောင်း သတင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article