သျှမ်းပြည် ကျိုင်းတုံမြို့တွင် စစ်ကောင်စီများ ဖမ်းဆီးထားသည့် အွန်လိုင်းဂိမ်းလုပ်သူများ နှင့် တရားမဝင်လာသည့် တရုတ်လူမျိုးများကို နေရပ်ပြန်ပို့ရန် စီစဥ်နေကြောင်း စုံစမ်းသိရသည်။
စစ်ကောင်စီ မှ တာချီလိတ်၊ မိုင်းဖြတ် တွင် အွန်လိုင်းဂိမ်းပြုလုပ်နေသူများကို ဖမ်းဆီးထားပြီး ၊ ထိုသူများကို နေရပ်ပြန်ပို့ရန်အတွက် ယမန်နေ့ (နိုဝင်ဘာ ၇)ရက်တွင် ကျိုင်းတုံ ဘောလုံးကွင်း၌ ထားရှိကြောင်း ကျိုင်းတုံဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ အခုက အွန်လိုင်းဂိမ်းလုပ်လို့ ဖမ်းထားတဲ့သူတွေကို ကျိုင်းတုံ ဘော်လုံးကွင်းမှာထားထားတယ်။ လူတွေကတော့တော်တော်များတယ်။ သူတို့ကို ဒီကနေ (နိုဝင်ဘာ ၈)ရက်မှာ မိုင်းလားဘက်ပြန် ပို့နေတယ်။ တရုတ်တွေများတယ်” ဟု ၎င်းအမျိုးသား ကဆိုသည်။
လက်ရှိ နေရပ်ပြန်ပို့မည်သူများသည် ကျိုင်းတုံ ဘော်လုံးကွင်းရှိ မိုးလုံလေလုံထဲတွင် အပြည့်ရှိကြောင်း၊ တာချီလိတ်ဘက်မှ ခိုးဝင်လာသူများနှင့် အွန်လိုင်းဂိမ်းပြုလုပ်သူများဖြစ်ကြောင်း ကျိုင်းတုံ ဘော်လုံးကွင်း အနီးတဝိုက်တွင် နေထိုင်သည့် ဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
အလားတူ တရုတ်အစိုးရအနေဖြင့် အွန်လိုင်းငွေလိမ်လည်မှုများအား အပြင်းအထန် တိုက်ဖျက်လျက် ရှိရာ UWSA ထိန်းချုပ်နယ်မြေအတွင်း ဖမ်းဆီးမှုများလည်း ပြုလုပ်နေပြီး UWSA ဘက်မှလည်း အွန်လိုင်းငွေကြေး လိမ်လည်မှုလုပ်ငန်းနှင့် ဆက်နွယ်သူ ထောင်နှင့်ချီကာ တရုတ်အစိုးရထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်းသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၆ ရက်က တရုတ်နိုင်ငံအစိုးရ ပြည်သူ့လုံခြုံရေးဌာန ထုတ်ပြန်ချက်အရ အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ဆက်စပ်သူ တရုတ်လူမျိုး များထပ်မံ လွှဲပြောင်းခဲ့ကြောင်းသိရသည်