သျှမ်းပြည် ကျိုင်းတုံမြို့ နေ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို အမည်မသိ လက်နက်ကိုင် လူတစ်စုက သေနက်ဖြင့် ပစ်ခတ်ခဲ့ပြီး ရွှေ ၃ ပိဿ နှင့် ကားကို ဓားပြတိုက်လုယူခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ (မေလ ၁၃ ရက်) နေ့လည် ၁ နာရီကျော်တွင် ကျိုင်းတုံမြို့ ၊ ရပ်ကွက် (၃) တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး အိမ်သို့ပြန်လာစဉ် အမည်မသိ လက်နက်ကိုင်ဆောင်သူ အမျိုးသား ၄ ဦးသည် ကားတစ်စီးဖြင့် ရောက်ရှိလာပြီး ဓားပြတိုက်လုယက်ကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း ကျိုင်းတုံမြို့ အသက် ၄၀အရွယ်ရှိ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ရွှေဆိုင်ပိုင်ရှင်ပါ ဆိုင်သိမ်းပြီ အိမ်ပြန်လာတဲ့အချိန် ဓားပြတိုက်တဲ့လူက သူတို့ကိုစောင့်ပြီး လုယက်တာပါ။သူတို့ အိမ်ရှေ့မှာပဲ ဖြစ်သွားတာ။ သေနတ်နဲ့လည်း ပစ်သွားတယ်။သူတို့ကို ကားပေါ်က ဆွဲချပြီးတော့ ကားပါ လုပြေးသွားတယ်။ ကားပေါ်မှာလည်း ရွှေ ၃ ပိဿ ပါလာတယ်။ကားလည်း ယူပြေးသွာတာ”ဟု ၎င်းအမျိုးသားက ပြောသည်။
ထိုသေဆုံးသူ အမျိုးသမီးသည် ကျိုင်းတုံမြိုမစျေးရှိ ခေမာရဋ်ရွှေဆိုင်ပိုင်ရှင် ဖြစ်ကြောင်းသိရပြီး ဓားပြတိုက်ခံရစဉ်တွင် သေနက်ဖြင့် ၃ ချက် ပစ်ခတ်ခံရကာ ရွှေပိဿ ၃၊ ကား နှင့် ငွေသားအချို့ လုယူခံခဲ့ရကြောင်း သိရသည်။
ကျိုင်းတုံမြို့တွင် ပြည်သူများ အတွက် လုံခြုံမှုကင်းမဲ့နေသည့်အပြင် စစ်ကော်မရှင် လက်အောက်ခံ တာဝန်ရှိသူများမှ ခိုးဆိုးလုယက်ခြင်း နှင့် ဓားပြတိုက်မှုများကို ထိရောက်စွာ ဖမ်းဆီး အရေးယူးဆောက်ရွက်မှုမရှိကြောင်း ၎င်းက ထပ်လောင်းပြောသည်။
“လုယူတာတွေ၊ဆိုင်ကယ်ဓားပြတိုက်တာတွေ အများကြီးရှိတယ်။ဖမ်းတာ မိလည်း မမိဘူး။ရဲတွေက အလုပ်မှမလုပ်တာ။ဆိုင်ကယ် လုခံရတာလည်း မြို့လည်ခေါင်ကြီးမှာ။အခု ဓားပြတိုက်ခံရတာလည်း မြို့လည်ခေါင်ကြီးမှာ။ပြည်သူကတော့ စိုးရိမ်ပြီး မလုံခြုံသလိုခံစားရတယ်။သေနက်နဲ့ ပစ်လိုက်၊ဓားနဲ့ ခုတ်လိုက်နဲ့ ခဏခဏဖြစ်တယ်။မမီဘူးလေ။”ဟု အထက်ပါ အမျိုးသားက ကျိုင်းတုံမြို့အခြေအနေကို ပြောပြသည်။
အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာခြင်းအပါအဝင် အခြားအကြောင်းအရင်များကြောင့် မြန်မာနိုင်ငံတဝှမ်းတွင် စီးပွားရေးကျဆင်းလာပြီး စားဝတ်နေရေး ခက်ခဲခြင်းကြောင့် ခိုးဆိုးလုယက်ခြင်း၊ ဓားပြတိုက်ခြင်း၊ ပြန်ပေးဆွဲခြင်းများလည်း နေ့စဉ်နီးပါး ရှိလာသည်။












Leave a Comments