မိုးကုတ်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်အတွင်း စစ်ကောင်စီနှင့် တအာင်း (ပလောင်)လွတ်မြောက်ရေးတပ်မတော် (TNLA)တို့ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများပြီး၊ လက်နက်ခဲယမ်း အချို့သိမ်းဆည်းရမိကြောင်း TNLA က ထုတ်ပြန်ကြေညာခဲ့သည်။

ယမန်နေ့ (အောက်တိုဘာ ၂၁)ရက် နံနက် ၁၀နာရီဝန်းကျင်တွင် နမ့်ခမ်းမြို့နယ်အတွင်း စယ်နေ နှင့် ဖာပြန်ရွာအကြား TNLA တပ်ကို စစ်ကောင်စီ လက်အောက်ခံ (ခလရ-၄၂၇) တပ်က ထိုးစစ်ဆင်တိုက်ခိုက်သဖြင့် တိုက်ပွဲသည် (၆)နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သားအလောင်း တစ်လောင်းနှင့် လက်ထောက်သေနတ် ၁လက်သိမ်းဆည်းရမိခဲ့ကြောင်း TNLA သတင်းပြန်ကြားရေးဌာနက ယမန်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သည်။

အလားတူ ယမန့်နေ့ (အောက်တိုဘာ ၂၁)ရက် နေ့လည် ၂နာရီဝန်းကျင်တွင် မိုးကုတ်မြို့နယ် အထက်ညောင်ကုန်းနှင့် အောက်ညောင်ကုန်းကျေးရွာအကြား TNLA တပ်ဖွဲ့ကို စစ်ကောင်စီမှ ထိုးစစ်ဆင်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည်.
ထိုတိုက်ပွဲအကြား စစ်ကောင်စီဘက်မှအရာရှိများထိခိုက်သေဆုံးမှုများကြောင်းလည်း TNLA ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများသဖြင့် စစ်ကောင်စီသည် TNLA တပ်စခန်းရှိမည်ဟု ယူဆသည့်နေရာများကို လေကြောင်းဖြင့်တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အထက်ညောင်ကုန်းကျေးရွာရှိ ဒေသခံနေအိမ် (၁၀)လုံးထက်မနည်း ထိခိုက်မီးလောင်ခဲ့ကြောင်း TNLA ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်အကြား အောက်တိုဘာလအတွင်း တိုက်ပွဲ (၁၅)ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။











Leave a Comments