Friday, May 17, 2024

ကလေးငယ်ကို ရိုက်နှက်ခဲ့သည့် ဆရာမကို အရေးယူမှုမရှိသေး

Must read

သျှမ်းပြည် မိုင်းရှူးမြို့နယ် ဟိုနမ့်ရွာအတွင်း နေထိုင်သည့် ကလေးငယ်တစ်ဦး ဆရာမက ညိုမဲအောင် ရိုက်နှက်ခဲ့သော်လည်း လက်ရှိအချိန်ထိ အရေးယူမှု မရှိသေးကြောင်း စုံစမ်းသိရသည်။

ကလေးငယ်ကို ရိုက်နှက်ခဲ့သည့် ဆရာမကို အရေးယူမှုမရှိသေး။

ထိုရိုက်နှက်သည့် ညိုမဲသည့် ဒဏ်ရာကြောင့် ကလေးငယ်သည် စိတ်ပိုင်းဆိုင်ရာ ခံစားမှုပြသာနာ ကြုံတွေ့နေရကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ အခု လူကြောက်နေတယ်။ စကားမပြောရဲဘူး။ မျက်နှာလည်း မရွှင်ဘူး”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် (အောက်တိုဘာလ ၉ ) ရက်တွင် မိုင်းရှူးမြို့နယ် ဟိုနမ့်ရွာရှိ အခြေခံ လူလတန်းကျောင်းမှ ပထမတန်းကျောင်သူ နန်းငင်းနွံသည် “ စားရမသေးဘူး “ ဆိုပြီး ဆရာမကိုပြောဆိုမိရာမှ ရိုက်နှက်ခံရပြီး ဦးခေါင်းနှင့် မျက်နှာတပြင်လုံး ညိုမဲစွဲအထိ ဒဏ်ရာရရှိခဲ့သည်။

အောက်တိုဘာလ ၁၁ ရက်မှ ယမန်နေ့ အောက်တိုဘာလ ၁၈ ရက်အထိ ခုနှစ်ရက်ကြာ ခိုလမ်မြို့ စစ်ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူခဲ့ရသည်။

လက်ရှိ ကလေးငယ်၏ ကျန်းမာရေးမှာ ဆရာဝန်များ၏ပြောပြချက်အရ မျက်လုံးအနီးတဝိုက်နှင့် နားတွင် အရိုးအပ်ကွဲ ဒဏ်ရာရှိနေကြောင်း ၎င်းနှင့်ဆွေမျိုးတော်စပ်သူ နန်းဆိုင်ဟန်က ပြောသည်။

ကလေးငယ်ကို ရိုက်နှက်ခဲ့သည့် ဆရာမကို အရေးယူမှုမရှိသေး။

“ ဆရာဝန်တွေ ဓာတ်မှန်ရိုက်ကြည့်တော့ အပြင်ပိုင်းဒဏ်ရာတွေပဲ မြင်ရတယ်။ ဒါပေမယ့် အထဲမှာတော့ အရိုးကပ်ကွဲတဲ့ ဒဏ်ရာတွေ ရှိတယ်။ မျက်လုံး တဝိုက်နဲ့ နားတဝိုက်တွေမှာ အရိုးအပ်ကွဲတဲ့ ဒဏ်ရာတွေ ရှိတယ်လို့ ပြောတယ်။ ဆေးရုံကနေ ဆင်းသွားပြီဆိုရင် ဆရာဝန်ကပေးတဲ့ဆေးအတိုင်း သောက်ရင် သက်လာမယ်လို့ ပြောတယ် “ ဟု ရိုက်နှက်ခံရသည့် ကလေးငယ်ကျန်းမာရေးအခြေအနေကို နန်းဆိုင်ဟန်က ပြောသည်။

ရိုက်နှက်ခံရသည့် နန်းငင်းနွံတစ်ဦးသည် ဆရာမ၏ ဆဲဆိုပြောဆိုမှု၊ ပြင်းပြင်းထန်ထန် ရိုက်နှက်ချက်များကြောင့် လက်ရှိမှာ ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာ ခံစားမှုပြသာနာ ကြုံတွေ့နေရကြောင်း သွားရောက်ကူညီ ခဲ့သည့် ဟိုလမ်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ ကလေးရဲ့အခြေအနေကတော့ လူတွေ့ရင် ကြောက်နေတယ်။ စကားသိပ်မပြောဘူး။ စိတ်ဒဏ်ရာ ရတယ်လို့တော့ ထင်တယ်။ သူ့ကိုသွားကြည့်တာတော့ စကားသိပ်မပြောဘူး။ မျက်နှာက ငေးငေးမှိုင်မှိုင် ဖြစ်နေတယ်။ ဦးခေါင်းကတော့ သက်သာလာပြီ။ ဒါပေမယ့် ဦးခေါင်းကို တုတ်နဲ့ရိုက်ခဲ့လို့ အာရုံကြောကနေ မျက်ကွင်းညိုလာတာ ဖြစ်နေတယ်။ ပြန်သက်လာမယ်လို့တော့ ဆရာဝန်ကပြောတယ် “ ဟု ဟိုလမ်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် ကလေးငယ်ကို ရိုက်နှက်ခဲ့သည့် ကျောင်းဆရာမ နန်းနွန်းကို လက်ရှိမှာ မြို့နယ်ပညာအုပ်ချုပ်ရေးမှူးမှ အရေးယူထားကြောင်း သိရှိရပြီး အသေးစိတ်ကို ဆက်သွယ်မေးမြန်းရန် မရခဲ့ပေ။

ကလေးငယ်ကို အလွန်အကျွံ ရိုက်နှက်မိကြောင်း တောင်းပန်သည့်အနေဖြင့် (အောက်တိုဘာလ ၁၀ ရက်)က ဆရာမဖြစ်သူ နန်းနွန်းသည် ၎င်းနေအိမ်သို့ သွားရောက်ပြီး မုန့်ဖိုးဟုဆိုပြီး ကျပ်ငွေ ၅ သိန်း ပေးခဲ့ကြောင်း သိရသည်။

ပညာရေးဝန်းထမ်းများသည် ကလေးငယ်များအတွက် အလွန်အရေးပါသည့် ရှေ့ဆောင်လမ်းပြဖြစ်သဖြင့် ကလေးကို အကြမ်းမဖက်ဘဲ မှန်ကန်သည့်နည်းလမ်းဖြင့် သွန်သင်ဆုံးမသင့်ကြောင်း၊ ကျောင်းပျော်မှ စာတော်မည်ဟု မူလတန်းကျောင်း ဆရာမ နန်းခမ်းက မှတ်ချက်ပြုသည်။

“ ကလေးငယ်ကို အဲ့လိုတော့ ရိုက်လို့မရဘူး။ ကလေးဉာဏ်မီသလောက်ပဲ သင်ပေးရတာ။ ကလေး စာစိတ်ဝင်စားရင် စာရမယ်။ စိတ်မဝင်စားရင် မရဘူး။ အရင်ဆုံး ကလေးကို ကျောင်းပျော်အောင် ထားရမယ် “ ဟု မှန်ချက်ပြုသည်။

တစ်ဖက်တွင် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အတွင်း ပညာရေးဝန်ထမ်းရှားပါးလာမှုကြောင့် (၁၀) တန်း အောင်မြင်ပြီးသွားသည့် သူများကို တလလျှင် ကျပ်ငွေ ၁ သိန်းခွဲဖြင့် ကျောင်းဆရာ၊ ဆရာမအဖြစ် ပြည်သူလူထုမှ ခန့်အပ်နေရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာတဝှမ်းလုံးမှ ပညာရေးဝန်းထမ်းများသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်လာကြပြီး၊ တစ်ဖက်မှာလည်း နိုင်ငံရေး အခြေအနေကြောင့် လစာအခက်ခဲဖြစ်လာပြီး စစ်ကောင်စီ ပေးအပ်သည့် လစာမှာ မမှန်ကန်မှုကြောင့် ဝန်ထမ်းဘဝမှ ရပ်ဆိုင်းခဲ့သည်။

ဆီဆိုင်မြို့နယ် ကျောင်းသားမိဘတစ်ဦးက “ တကယ့် ဆရာ၊ ဆရာမတွေလောက်တော့ မမီဘူးပေါ့။ သင်တန်းတွေလည်း မတက်ရဘူး။ သူတို့ တက်သလိုသာ သင်နေရတာ။ ကိုယ့်ကလေးအတွက်တော့ စာသင်တဲ့အခါမှာ ကောင်းကောင်းနားမလည် နိုင်မှာကိုဘဲ စိုးရိမ်တယ် “ ဟု ၎င်းကျောင်းသားမိဘတဦးက ပြောသည်။

အာဏာသိမ်းပြီး ၂ ကျော်ကာလအတွင်း မြန်မာနိုင်ငံတဝှမ်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှု ပိုမို များပြားလာပြီး၊ အဲ့ထဲမှ ပညာရေးဝန်ထမ်းများသည် ကျောင်းသား၊ ကျောင်းသူများကို ကလေးအခွင့်အရေး ချိုးဖောက်မှုကလည်း ယခင်ထက် ပိုများလာကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူမှ မှတ်ချက်ပြုလိုက်သည်။

Leave a Comments

- Advertisement -spot_img

Latest article