သျှမ်းပြည် ဆီဆိုင်မြို့ တွင် မပေါက်ကွဲသည့် ဗုံးကို သွားရောက်ထိမိရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေးတစ်ဦနှင့် မိသားစုဝင် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့ သီရိရပ်ကွက် နယ်မြေ ၃ တွင် မတ်လ ၁၅ ရက် နံနက် ၉ နာရီဝန်းကျင်တွင် ကလေးတစ်ဦး မီးလောင်ပြင်အတွင်း သံတို သံစသွားကောက်ရာမှ ဗုံးထိမိကာ ပေါက်ကွဲမှုဖြစ်သွားခဲ့ပြီး မိခင်ဖြစ်သူနှင့် ဦးလေး ပါ ဒဏ်ရာရရှိခဲ့ကြောင်း ဆီဆိုင်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“မီးလောင်ပြင်ထဲက သံတိုသံစတွေ ကောက်ရင်၊ ဘောပင်အရွယ်လုံးပတ်ရှိတဲ့ တစ်လက်မခန့် အရှည်သတ္ထု ချောင်းကို တူနဲ့ထုမိရာကနေ ပေါက်ကွဲမှုဖြစ်ပြီး လက်ချောင်းသုံးချောင်းပြတ်ထွက်သွားတာ ဒဏ်ရာအပြင်းအထန်ရသွားတာ။ အနားမှာရှိတဲ့အမေဖြစ်သူကနားရွက်မှာအစမှန် ဦးလေးဖြစ် သူကနဖူးမှာအစမှန် ဒါဏ်ရာ မပြင်းထန်”ဟု ၎င်းကပြောသည်။

ထို ထိခိုက်ဒဏ်ရာပြင်ထန်သော ကလေးငယ်သည် အသက် ၁၃ နှစ် ခွန်ရန်ပိုင်စိုးဖြစ်ပြီး ညာဘက်လက်သုံးချောင်း ပြတ်ထွက်သွားသော ဒဏ်ရာအပြင် ဘယ်ဘက်လက်ချောင်း၊ခြေထောက် တို့တွင်းလည်း ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ပြီး လက်ရှိမှာ တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံးတွင် ဆေးကုသခံယူနေကြောင်း သိရသည်။

ဆီဆိုင်မြို့တွင် ယခုသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း မပေါက်ကွဲသေးသည့် စစ်ကျန် အသုံအဆောင်ပစ္စည်းများ၊လက်နက်ကြီးများနှင့်မြေမြုပ်မိုင်းများစွာ ကျန်ရှိခဲ့ကြောင်း သိရသည်။
သျှမ်းတောင်တွင် တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ရှောင်ရင်း နေအိမ်သို့ ရိက္ခာ ပြန်ယူမှုကြောင့် မြေမြုပ်မိုင်းနင်းမိသည့် ဒေသခံ ၁၀ဦးထက်မနည်းရှိကြောင်း သိရသည်။












Leave a Comments