Friday, May 3, 2024

စစ်ရှောင်အိပ်မောကျချိန် စစ်ကောင်စီ လေကြောင်းဖြင့် ဗုံးကြဲ၊ ကလေးငယ် အပါအဝင် မိသားစုဝင် ၃ ဦးထိခိုက်ဒဏ်ရာရ

Must read

ကရင်နီ (ကယား) ပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် မိသားစုဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

လက်နက်ကြီးထိမှန်သည့် စစ်ရှောင်စခန်း

ယနေ့ (ဇူလိုင် ၄) ရက် နံနက် ၂ နာရီဝန်းကျင်မှစပြီး ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင် စခန်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့မှ လေယာဉ်ဖြင့် လာရောက်ပြီး ၄ ကြိမ်ခန့် ဗုံးကြဲချခဲ့သောကြောင့် ယာယီတဲအတွင်း အိပ်မောနေသည့် ၃ နှစ်အရွယ် ကလေးငယ် အပါအဝင် မိသားစုဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“မနက် ၂ နာရီအချိန် လာကြဲတာ။ ကလေးက ၂ နှစ်ကျော် ၃ နှစ်ထဲပဲ ရှိသေးတာ။ အိပ်မောကျချိန်ဆိုတော့ ကယောင်ကတန်း ဖြစ်ကုန်တာ။ PDF ရှိတယ်ထင်ပြီး လာကြဲတယ်ထင်တာပဲ။ အမှန်က အဲ့ဖက်မှာ စစ်ရှောင်တွေပဲ ရှိတာလေ။ သူတို့ မိသားစု ၃ ယောက် ပြေးဝပ်ဖို့လုပ်တာ ပြန်ပတ်လာတော့ ဝပ်ချိန်မရလိုက်ဘူး “ ဟု ၎င်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လက်နက်ကြီးထိမှန်သည့် စစ်ရှောင်စခန်း

အဆိုပါ စစ်ကောင်စီမှ လေယာဉ်ဖြင့် လာရောက်ပြီး ဗုံးကြဲချမှုကြောင့် စစ်ဘေးရှောင်စခန်း အချို့ ပျက်စီးမှုရှိခဲ့ပြီး စာသင်ကျောင်းဆောင်လည်း ပျက်စီးခဲ့ကြောင်း သိရသည်။

လက်ရှိ ဗုံးကြဲတိုက်ခိုက်ခံရသည့် စစ်ဘေးရှောင်စခန်းရှိ စစ်ရှောင်များသည် နီးစပ်ရာဆွေးမျိုးနှင့် တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ အဲ့မှာ စစ်ရှောင်တဲက အလုံး ၅၀ လောက်ရှိတယ်။ တချို့တွေက နီးစပ်ရာ ဆွေမျိုးရှိတဲ့ ရွာတွေ ပြေးကြတယ်။ တောတောင်ထဲကို ပြေးကြတယ်။ တချို့လည်း ပြေးစရာမရှိလို့ ပြေးကိုပြေးရမှန်း မသိတဲ့သူလည်း ရှိတယ် “ ဟု ၎င်း သတင်းရင်းမြစ်တစ်ဦးက ထပ်လောင်းပြောသည်။

ထို့အပြင် စစ်ကောင်စီသည် ၎င်းတို့ကို တော်လှန်တိုက်ခိုက်နေသည့် တပ်ဖွဲ့များကို အပြင်းအထန် နှိမ်နှင်းလာပြီး တိုက်ခိုက်လာမှုကြောင့် ပြီးခဲ့သည့် ၂၈ လအတွင်း အရပ်သား ၄၆၂ ဦး သေဆုံးပြီး လေကြောင်းတိုက်ခိုက်မှု ၄၃၆ ကြိမ် ခံခဲ့ရကြောင်း ကရင်နီပြည်သူ့အင်အားစု PKPF က ယခင်လ (ဇွန် ၁) ရက်တွင် ထုတ်ပြန်ထားသည်။

Leave a Comments

- Advertisement -spot_img

Latest article