Friday, May 3, 2024

“သား” လေယာဥ်ပျံကို ကြောက်တယ် အမေ

Must read

ကောင်းကင်ယံက လေယာဥ်ပျံဝဲသံကို ကြားလိုက်တာနဲ့ ကလေးငယ်တွေရဲ့ သဘာဝအရ ပြေးကြည့်တာ၊ လေယာဥ်ပျံ အရုပ်ကို ဝယ်ပြီး ဆော့တာတွေ လုပ်လေ့ရှိကြပါတယ်။

Photo – Credit (စစ်ကောင်စီမှ လေယာဥ် နဲ့ စစ်ရှောင်စခန်းတွေကို ဗုံးကြဲတိုက်ခိုက်)

ဒါပေမယ့် အခုတော့ ကလေးတွေ ဟာ လေယာဥ်သံကြားလိုက်တာနဲ့ ဆော့နေရင်း တန်းလန်းနဲ့ အိမ်ကို တန်းပြေးလာပြီး ပုန်းကွယ်ဖို့ အသည်းအသန် လိုက်ရှာနေကြပါတယ်။

“သူတို့တွေ (ကလေး) အခြားတစ်နေရာမှာ ဆော့နေရင်း လေယာဉ်သံတွေကြားရင်၊ လေယာဉ်လာတာ မြင်ရင် အိမ်ကို တန်းပြေးလာတယ်” ဆိုတဲ့ အကြောင်းကို မိခင်ဖြစ်သူ မအာငဲက သား ၂ ယောက် လက်ရှိဖြစ်နေတဲ့ အခြေအနေကို ပြောပြလာပါတယ်။

မအာငဲက ဖယ်ခုံမြို့နယ် ဆောင်းဖွေးကျေးရွာမှာ နေထိုင်တဲ့သူဖြစ်ပြီး အသက် (၄) နှစ်အရွယ် နဲ့ အသက် ၅ နှစ်အရွယ် သား ၂ ဦး ရှိတဲ့ မိခင်ဖြစ်ပါတယ်။

သူမတို့ နေထိုင်တဲ့ ဆောင်းဖွေးကျေးရွာ က စစ်ဘေးရှောင် ၃၀၀ ကျော် အားကိုးရတဲ့ ဆေးခန်း နဲ့ စစ်ရှောင်စခန်းကို စစ်ကောင်စီ တပ်က ဧပြီ ၂၅ ရက် မွန်းလွဲ ၁၂ နာရီမှာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဆေးရုံလည်း ရစရာမရှိအောင် ပျက်စီးခဲ့သလို သူနာပြုဆရာမ တစ်ဦး၊ ကလေးငယ်တစ်ဦး နဲ့ စစ်ရှောင် အမျိုးသမီး တစ်ယောက် ဒဏ်ရာ ရခဲ့ပါတယ်။

Photo – Credit (ဆောင်းဖွေးဆေးရုံကို စစ်ကောင်စီ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်)

အဲ့ဗုံးကြဲတိုက်ခိုက်တဲ့အချိန်မှာ မအာငဲတို့ မိသားစုကလည်း အဲ့အနီးဝန်းကျင်မှာရှိပြီး ထွက်ပြေးခဲ့ရပါတယ်။

“ကျမတို့က အိမ်ထဲမှာ စကားထိုင်ပြောနေကြတာ။ ကလေးတွေက အိမ်ပြင်မှာ ဆော့နေကြတာလေ။ ရုတ်တရက် ဗုံးသံကြားတော့ ထိတ်လန့်ပြီး အရင်ဆုံး ကလေးတွေကို သတိရသွားတယ်။ ပြီးတော့ ဗုံးခိုကျင်းထဲ ပြေးဝင်သွားတယ်” လို့ မအာငဲက စိတ်မကောင်းစွာ ပြန်ပြောပါတယ်။

စစ်ကောင်စီရဲ့ တိုက်လေယာဥ်ဟာ ဆောင်းဖွေးကျေးရွာထဲကို နေ့စဥ်နဲ့အမျှ ပျံဝဲနေကြတာ ဖြစ်တဲ့အတွက် စစ်ရှောင်တွေဟာ ဒီလို ရက်စက်စွာ ဗုံးကြဲခဲ့မယ်ဆိုတာကို မထင်ခဲ့တဲ့အတွက် လေယာဥ်လာရင်လည်း ပုံမှန်သာ အလုပ်လုပ်ခဲ့ကြပါတယ်။

ဒါပေမယ့် အဲ့ရက်မှာတော့ မအာငဲ နည်းတူ စစ်ရှောင်တွေက ထင်မှတ်မထားဘဲ စစ်ကောင်စီက တိုက်လေယာဥ်နဲ့ ဗုံးကြဲလိုက်တဲ့အတွက် စစ်ရှောင်အားလုံးဟာ ကိုယ့်ရင်သွေးတွေကို အမြန်ခေါ်ပြီး ဗုံးခိုကျင်းထဲသို့ ကြောက်စိတ် တုန်လှုပ်စိတ်နဲ့ ပြေးဝင်ခဲ့ ရပါတယ်။

“ ဗုံးခိုကျင်းထဲမှာ ခဏနေပြီးတော့ ကျမတို့ ကြောက်ကြောက်နဲ့ ပြေးရတာပေါ့။ ကျွန်မ ပြေးနေရင်းတန်းလန်း အနောက်မှာ ပစ်နေတဲ့ အသံတွေလည်း ကြားရတယ်။ လန့်လည်းလန့်တယ်။ ကလေးတွေလည်း အခုဆို လေယာဉ်သံကြားရင် ငိုတယ်။ ကလေးတွေက သူတို့ကြောက်စိတ်တွေ တအားများတယ်။ လေယာဉ်သံ ကြားပြီဆိုတာနဲ့ အော်ငိုနေပြီ “ လို့ မအာငဲက ပြောပါတယ်။

တိုက်ပွဲကြောင့် ပြည်သူများ တောထဲ ထွက်ပြေးတိမ်းရှောင်စဥ်

သူမတို့ မိသားစုဟာ ဖယ်ခုံမြို့နယ်ထဲက ကျေးရွာတစ်ခုမှာ နေထိုင်ပြီး စစ်ကောင်စီ နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစု (PDF) တွေ တိုက်ပွဲပြင်းထန်မှုကြောင့် ဆောင်းဖွေးကျေးရွာကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ ရောက်ရှိလာခဲ့ပါတယ်။

မအာငဲတို့ မိသားစုဟာ တိုက်ပွဲတွေ လေယာဥ် ဗုံးကြဲမှုတွေကြား သေကံမရောက်ဘဲ ပြေးရင်းလွှားရင်း တိမ်းရှောင်ရင်း အကြိမ်ရေများလာကာ လက်ရှိမှာတော့ ဖယ်ခုံမြို့နယ်ရှိ တောတနေရာမှာ တိမ်းရှောင်နေရပါတယ်။

“ကျမတို့ တိမ်းရှောင်ရတာ အကြိမ်ရေ အရမ်းများပြီ။ ဆောင်းဖွေးမှာ ကောင်းကောင်းနေရမယ်ရှိတုန်း၊ ရဟတ်ယာဥ် နဲ့ ဗုံးလာကြဲတော့ ပြန်ပြေးရတယ်လေ။ အခုတော့ သူတို့ (စစ်ကောင်စီ) မပစ်ဘူးလို့ထင်တဲ့ တောထဲက ကွင်းပြင်မှာ တဲထိုးပြီး နေနေရတယ်”လို့ တုန်ရီတဲ့ လေသံနဲ့ မအာငဲက ဆိုပါတယ်။

လက်ရှိ မအာငဲတို့ မိသားစု ရောက်ရှိနေတဲ့စစ်ရှောင်စခန်း

သျှမ်း နဲ့ ကရင်နီ (ကယား) နယ်နိမိတ် ထိစပ်နေသည့် မိုးဗြဲ၊ ဖယ်ခုံ နှင့် ပင်လောင်းမြို့နယ်ဒေသမှ နေ့စဉ်နီးပါး ဗုံးကြဲချမှုတွေ ဖြစ်ပြီးတော့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးမှု ပြည်သူစားရင်းဟာ ရာဂဏန်းထိ ရှိလာပါတယ်။

အဲ့ဒီဒေသက စစ်ကောင်စီ နဲ့ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေ ပြီးတော့ စစ်ကောင်စီက တိုက်လေယာဉ် အမျိုးမျိုးဖြစ်တဲ့ Yar-130၊ ရဟတ်ယာဉ်တွေကို အသုံးပြုပြီး တိုက်ခိုက်လာပါတယ်။

လက်ရှိအချိန်ထိ စစ်ရှောင်တွေဟာ တောတောင်ထဲကို ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ပြီး တချို့မှာလည်း ပြေးစရာနေရာ မရှိတော့သဖြင့် ဗုံးကြဲခံထားရတဲ့ စစ်ရှောင်စခန်းကို ပြန်သွားနေရပါတယ်။

တိုက်ပွဲကြောင့် ပြည်သူများ တောထဲ ထွက်ပြေးတိမ်းရှောင်စဥ်

“လူတွေက တစ်ယောက်တစ်နေရာ ရောက်ကုန်တယ်။ တချို့ သွားဖို့ နေရာမရှိတော့ အဲ့နေရာမှာဘဲ ပြန်နေကြတယ်။ ဆေးဝါးတွေကလည်း အခက်ခဲ ရှိနေတယ်။ လာလှူပေးမယ့် အလှူရှင်တွေလည်း မရှိဘူး။ ဆေးရုံ၊ ဆေးခန်းလည်း ပျက်သွားတော့ အဲ့မှာ မနေရဲကြတော့ဘူး။ ပိုက်ဆံကလည်း မရှိတော့ ဒီအတိုင်း တတ်နိုင်သလောက်ဘဲ ကုပေးနေရတယ် “ လို့ မအာငဲ က ပြောပါတယ်။

အလားတူ မေ ၂၇ ရက် မနက် ၇ နာရီအချိန်မှာ “အုန်း” ကနဲဆိုတဲ့ အသံနဲ့ မစန္ဒာ (အမည်လွှဲ) တို့ မိသားစုဟာ ဗုံးခိုကျင်းထဲ ပြေးနေခဲ့ရပါတယ်။

ဒီအဖြစ်အပျက်ကလည်း မစန္ဒာ အနေ နဲ့ စစ်ကောင်စီကနေ တိုက်လေယာဥ်လာကြဲ တာကို ပထမဆုံး ကြုံတွေ့ရခြင်းဖြစ် ပါတယ်။

စစ်ကောင်စီမှ လေယာဥ် နဲ့ စစ်ရှောင်စခန်းတွေကို ဗုံးကြဲတိုက်ခိုက်

“တစ်ခါမှ မကြုံဖူး၊ မမြင်ဖူးတော့ ပထမဆုံး အကြိမ်ဆိုတော့ ကြောက်တာပေါ့။ ဗုံးပေါက်ကွဲသံ အုန်းခနဲ ကြားပြီဆိုရင် လှန့်နေတာ။ ကလေးငယ်တွေခေါ်ပြီး ဗုံးခိုကျင်းထဲကို ပြေးဝင်ရတယ်။ အဲ့နေ့ ဗုံးခိုကျင်းထဲမှာ ကျမရဲ့ ကလေး ၂ ယောက် နဲ့ ဆိုရင် ၆ ယောက်လောက်ရှိတယ်“ လို့ မစန္ဒာက တိုက်လေယာဥ် နဲ့ ဗုံးကြဲခံခဲ့ရစဥ် ကြုံတွေ့ရတဲ့ အဖြစ်အပျက်ကို ပြန်ပြောပြ နေခြင်း ဖြစ်ပါတယ်။

မစန္ဒာကလည်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ပေါ်ရှိ ညောင်ဝိုင်းရပ်ကွက်၊ ဈေးကုန်းရပ်ကွက် နေထိုင်သူ ဖြစ်ပါတယ်။ အဲ့နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ စစ်ကောင်စီကြား တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီဘက်မှ တဖက်သတ် တိုက်လေယာဥ်သုံးပြီး ဗုံးလာကြဲသလို လက်နက်ကြီးနဲ့လည်း မြို့ထဲကို ပစ်ခတ်ခဲ့တယ်လို့ မစန္ဒာက ပြောပါတယ်။

“သူတို့ ဗုံး ၃ လုံး ဆက်တိုက်ကြဲတာ။ ကျမရဲ့ ကလေးတွေဆို ကြောက်ပြီး အော်ငိုတာ၊ ဗုံးခိုကျင်းထဲမှာဆိုတော့ ကြာကြာ မနေနိုင်ဘူး။ ၁ နာရီလောက် ကြာပြီဆို အပြင်ထွက်ပြီး လေကြောင်းတွေကို ကြည့်တယ်။ မလာတော့ဘူးဆိုရင် ပြန်ထွက်လာပြီး နေတယ်“ လို့ မစန္ဒာ က ဝမ်းနည်းစွာ နဲ့ ပြောပြလာနေပါတယ်။

စစ်ရှောင်များနေထိုင်သည့် နေရာများ

အဲ့နေ့မှာ စစ်ကောင်စီရဲ့ မိုးဗြဲအခြေစိုက် ခမရ (၄၂၂) တပ်ရင်းက မိုးဗြဲမြို့ပေါ်ရှိ စည်ကား ၃ ရပ်ကွက်ကို လက်နက်ကြီးဖြင့် အလုံး ၂၀ ထက်မနည်း တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း သေဆုံးခဲ့ရပါတယ်။

နေ့စဉ်နီးပါး စစ်ကောင်စီ ရဲ့ လေကြောင်းတိုက်ခိုက်မှု ခံရနေတဲ့ မစန္ဒာ တယောက်ဟာ ခံပြင်းထားတဲ့ စိတ်ဓာတ်တွေကြောင့် အခုချိန်မှာ စစ်ကောင်စီကို တန်ပြန်တော်လှန်တိုက်ချင်တဲ့ စိတ်က ပြင်းထန်လာတယ်။

“အရင်ကတော့ ကျမတို့က ပြည်သူတွေပေါ့။ မဆိုင်တဲ့ ကြားထဲက ခံရတာများလာတော့ သူတို့ကို ပြန်ပြီး တော်လှန်ချင် လာတယ်။ ဖြစ်ရင်နိုင်တော့ ကျမတို့ကို လေယာဉ်ပစ်တဲ့ လက်နက်ထောက်ပံ့ပေးဖို့ဘဲ တောင်းဆိုချင်တယ်” လို့ မစန္ဒာ က ပြောပါတယ်။

အရင်ကတည်းက အဲ့ဒေသတလျောက်မှာ စစ်ကောင်စီ နဲ့ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲ ဖြစ်ပွားခဲ့တယ် ဆိုပေမယ့် လေကြောင်း တိုက်ခိုက်မှုကတော့ နည်းခဲ့ပါတယ်။

စစ်ရှောင်များ ပုန်းခိုသည့် နေရာ

၂၀၂၃ ခုနှစ် နှစ်ဦးပိုင်း ရောက်ရှိလာခဲ့ပြီးနောက် အဲ့ ဒေသတလျောက်ရှိ လက်နက်ကိုင်တပ်ဖွဲ့တွေကို တပ်ဆုတ်ခွာ သွားအောင် စစ်ကောင်စီက လေကြောင်းကို ပိုအသုံးပြုပြီး ပြင်းပြင်းထန်ထန် နှိမ်နင်းတိုက်ခိုက်နေတာ ဖြစ်တယ်လို့ PNDF-KK မှ မြေပြင် နဲ့ သတင်းပြန်ကြားရေး တာဝန်ခံဗွေဟုင်းက ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်း – ကယား နယ်စပ်ဒေသ တလျောက်ရှိ ပင်လောင်း၊ ဖယ်ခုံ နှင့် မိုးဗြဲ မြို့နယ်မှာ လက်နက်ကိုင် ခုခံမှုကို စစ်ကောင်စီတပ်ဖွဲ့မှ အပြင်းအထန် နှိမ်နင်းလာမှုကြောင့် ပြီးခဲ့တဲ့ ၂၈ လ အတွင်း အရပ်သား ၄၆၂ ဦး သေဆုံးခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က ဇွန်လ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်ထားပါတယ်။

စစ်ရှောင်များနေထိုင်သည့် စခန်း

“ဒီဘက်က သူတို့ စစ်ကြောင်းထိုးဖို့ မလွယ်ဘူး။ အဓိက လေယာဉ်တွေ၊ လက်နက်ကြီးတွေကိုပဲ အားကိုးတယ်။ အကြောင်းရင်းကတော့ PDF စိုးမိုးနယ်မြေလို့ သူတို့သတ်မှတ်ပြီး တိုက်ခိုက်နေတာပဲ “ ဟု ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) မှ မစုစုက ပြောပါတယ်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကို PKPF ရဲ့ စာရင်းမှတ်တမ်းအရ ၂၀၂၁ ခုနှစ်တွင် ၂ ကြိမ်၊ ၂၀၂၂ ခုနှစ်တွင် ၁၈၂ ကြိမ် နဲ့ အခု ၂၀၂၃ ခုနှစ် ပထမ (၅) လအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု ၄၃၆ ကြိမ် မြင့်တက်လာကြောင်း သိရပါတယ်။

“ရှေ့တန်းစစ်မြေပြင်မှာ တိုက်ခိုက်တာဆိုရင် ကျေနပ်တယ်။ အခုက မဆိုင်တဲ့ ပြည်သူကို လုပ်တာဆိုတော့ မကျေနပ်ဘူး။ သတ္တိရှိရင် မြေပြင်မှာ လာရင်ဆိုင်ပါ “ ဟု ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) မှ စုစုက ထပ်လောင်းပြောပါတယ်။

စစ်ကောင်စီရဲ့ တိုက်လေယာဥ်ကနေ ဗုံးကြဲတိုက်ခိုက်တဲ့ လုပ်ငန်းစဥ်ဟာ မနက်အစောပိုင်း ဒါမှမဟုတ် ညပိုင်းတွေမှာ ပိုလုပ်တတ်တဲ့အတွက် စစ်ရှောင်တွေက အချိန်တိုင်း စိုးရိမ်ထိတ်လန့်မှုတွေနဲ့ အသက်ရှင်သန်နေရတဲ့အဆင့်ပါပဲ။

စစ်ကောင်စီမှ လေယာဥ် နဲ့ စစ်ရှောင်စခန်းတွေကို ဗုံးကြဲတိုက်ခိုက်

“အခု သူတို့ လေကြောင်း ပိုတိုက်ခိုက်လာတော့ ကျမတို့အတွက် ဘာမှ လုံခြုံမှု မရှိတော့ဘူး။ တချို့နေအိမ်ထဲမှာ ဗုံးကြဲခံရတော့ တောတောင်ထဲကို ထွက်ပြေးကြရတယ်။ တောထဲမှာဆို မြွေ၊ ကင်းမြီးကောက် ကြောက်ရတယ်လေ။ အခု သူတို့ လေယာဉ်ဗုံးကြဲလာတာကလည်း မနက် ၃ နာရီ၊ ၄ နာရီ အဲ့လိုမျိုး လာကြဲတော့ ပိုပြီးခက်ခဲတယ် “ ဟု ပင်လောင်း -ဖယ်ခုံ နယ်စပ်ဒေသရှိ စစ်ရှောင်စခန်းမှ မွေးအုံ (အမည်လွှဲ) က စိုးရိမ်ပူပန်မှုကို ရင်ဖွင့်လာပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုကို အကြိမ်ပေါင်းများစွာ ပြေးရှောင်ရပြီး တောထဲမှာ ပုန်းကွယ် အိပ်ခဲ့ရသလို အစာငတ်ပြီး ကလေးတွေနဲ့ အတူ မအာငဲ ငိုရတဲ့ရက်တွေကလည်း မရေတွက်နိုင်တော့ပါဘူး။

“တိုက်ပွဲကလည်း ပြေးရတယ်၊ တောထဲမှာလည်း အိပ်ရ။ ပြေးရတဲ့အထဲ ထမင်းမစားရတဲ့ ရက်လည်းရှိတယ်။ ကလေးတွေကလည်း ဗိုက်ဆာ အော်ငို ကျမလည်း မတတ်နိုင်ဘူး ငိုချလိုက်တာပဲ” လို့ မအာငဲက တုန်ရီတဲ့ အသံနဲ့ ပြန်ပြောပြပါတယ်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ခံနေရသည့် မအာငဲ ကတော့ လက်ရှိ စစ်တပ်၏ လုပ်ဆောင်နေသည့် လုပ်ရက်ကို လွန်စွာစိတ်နာမိကြောင်း၊ တော်လှန်ရေးကို မြန်မြန် ပြီးစေချင်လိုကြောင်း ပြောပါတယ်။

“တအား စိတ်နာတယ်။ လေယာဉ်တွေနဲ့ ပျံဝဲလာရင် ကျွန်မတို့မှာ ဘယ်ကို ပြေးရမှန်းမသိ ဖြစ်နေတာ။ သူတို့က နေ့တိုင်းလိုလို လေယာဉ်နဲ့ လာပစ်တယ်၊ ဗုံးတွေလာကြဲတယ်။ ကျွန်မကတော့ ဒီတော်လှန်ရေး မြန်မြန် ပြီးစေချင်တယ် “
မအာငဲ ဟာ တခါတလေမှာ သေမထူး၊ နေမထူး ဆိုတဲ့ စိတ်ဓာတ်ကျတာတွေဖြစ်လာပြီး သေချင်လည်း သေဆိုတဲ့ အတွေးတွေ ဝင်လာချိန် ကိုယ့်ဘေးမှာ ကလေး ၂ ယောက်ရှိပြီး ရှေ့ဆက် အရာရာ ရင်ဆိုင်ဖို့ အားတင်းနေ ရပါတယ်။

လေယာဥ်သံကြားရင် အော်ငိုနေတဲ့ သား (၂) ယောက်ကို မိခင်ဖြစ်သူ မအာငဲ ကတော့ သားတွေ စိတ်ဒဏ်ရာတွေနဲ့ ကြီးပြင်းလာမှာကို စိုးရိမ်စိတ်တွေနဲ့ ပူပန်စိတ်တွေ ဖြစ်နေပြီး မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့ ညစဥ် ဆုတောင်းနေပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article