Friday, May 3, 2024

လက်နက်ကြီးကြောင့် ပျက်စီးသွားသည့် ဒီးမော့ဆို စစ်ဘေးရှောင်စခန်း အကူညီလိုအပ်နေ

Must read

ကရင်နီ (ကယား) ပြည် ဒီးမော့ဆို အနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင် စခန်းတစ်ခုသည် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အဆောက်အဦးတချို့ ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။

စစ်ရှောင်စခန်း

ပြီးခဲ့သည့် ဇွန်လ ၁၀ ရက် ညပိုင်းအချိန်တွင် စစ်ကောင်စီမှ ပစ်ခတ်လိုက်သော လက်နက်ကြီးများကြောင့် ဒီးမော့ဆိုအနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုထံ ကျရောက်ပေါက်ကွဲသွားရာ အဆောက်အဦး တချို့ ပျက်စီးသွားခဲ့ကြောင်း ဒီးမော့ဆို ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ လူ့အထိအခိုက်တော့ မရှိဘူးဗျ။ ဒါပေမယ့် တဲအချို့တော့ ပျက်စီးသွားတာ ရှိတယ်။ သူတို့ နေတဲ့နေရာက လက်နက်ကြီးတွေ ခဏခဏကျတယ်။ လေယာဉ်တွေလည်း ခဏခဏလာဝဲတယ်။ အလှူရှင်တွေလည်း သူတို့နား မလာရဲကြဘူး။ အလှူရှင်က ရိက္ခာမရတာလည်း နှစ်လကျော်နေပြီ။ အခုဆန်တွေ လိုအပ်နေတယ် “ ဟု ၎င်းဒေသခံ တစ်ဦးက ပြောသည်။

စစ်ဘေးရှောင်စခန်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲသည့်ရက်တွင် စစ်ရှောင်များ စခန်းနှင့် မနီးမဝေးနေရာသို့ ပြေးခဲ့ရာ စစ်ကောင်စီမှ လက်နက်ကြီး ပစ်ပြီးနောက် စခန်းသို့ အရဲစွန့်ပြီး ပြန်သွားနေရကြောင်း သိရသည်။

လက်ရှိ စစ်ဘေးရှောင်များသည် ပြေးစရာမြေမရှိသည့်အတွက် စခန်းသို့ ပြန်သွားနေရခြင်း ဖြစ်သည်။

အဆိုပါ စစ်ဘေးရှောင်စခန်းအတွင်း အိမ်ခြေ ၃၉ အိမ် နှင့် လူဦးရေ ၁၇၀ ကျော် ရှိပြီး၊ စစ်ရှောင်များအတွက် အလှူရှင် ရောက်မလာခဲ့သည်မှာ နှစ်လကျော်ကြာခဲ့ပြီဖြစ်သည့်အတွက် လက်ရှိမှာ ဆေးဝါး နှင့် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်းလည်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာပြည်တဝှမ်းအတွင်း အရပ်သား နေအိမ်အဆောက်အဦး ၆ သောင်းကျော် မီးလောင်ပျက်စီးခဲ့ပြီး အရပ်သား ၁ ဒသမ ၈ သန်း အိုးအိမ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ၏ စာရင်းအရ သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article