သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်အတွင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် နိုင်ငံတကာ အာဆီယံ အဖွဲ့အစည်း သံတမန်ယာဉ်တန်းကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO က ပစ်ခတ်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မေလ ၇ ရက်နေ့တွင် ဟိုပုံး – ဆီဆိုင် ပြည်ထောင်စု ကားလမ်းမပေါ်ရှိ နန်းဩကျေးရွာအနီး စစ်ရှောင်များကို ကူညီပေးနေသည့် နိုင်ငံတကာ အာစီယံ အဖွဲ့စည်း သံအမတ်ကြီးအပါဝင် ကိုယ်စားလှယ်များစီးလာသည့် ယာဉ်တန်း ပစ်ခတ်ခံခဲ့ရသည်။
အဆိုပါ အာစီယံ ယာဉ်တန်းကို ပစ်ခတ်ခဲ့သည့် လက်နက်ကိုင် အဖွဲ့စည်းသည် ဆီဆိုင်မြို့နယ်အတွင်း လှုပ်ရှားနေသည့် ဌာနေ ပြည်သူ့စစ်ဖြစ်သောကြောင့် ဒေသခံများ ပြောပြချက်အရ သိရသည်ဟု PNFC အတွင်းရေးမှူး – ၂ ခွန်ဝေထူးက ပြောသည်။

“ အဲ့ဘက်မှာ လှုပ်ရှားနေတဲ့ ဌာနေပြည်သူ့စစ်ကတော့ PNO ပဲရှိပါတယ်။ အဲ့ဘက်မှာကလည်း ဌာနေပြည်သူ့စစ်တွေ စိုးမိုးတဲ့နေရာတွေဖြစ်တယ်။ ကျနော်တို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ဒေသခံတွေစီ စုံစမ်းမေးမြန်းကြည့်တဲ့အခါမှာ သံတမန် ယာဉ်တန်းတွေကို ပစ်ခတ်လိုက်တဲ့အဖွဲ့က ဌာနေပြည်သူ့စစ်တွေ ဖြစ်တယ်ဆိုတာ မျက်မြင်တွေ့သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်” ဟု ခွန်ဝေထူးက ပြောသည်။
အလားတူ အာစီယံ သံတမန်ယာဉ်တန်းကို ပစ်ခံရခြင်း နှင့် ပတ်သက်ပြီး PNO တပ်ဖွဲ့ကလည်း PNLO တပ်ဖွဲ့ဖြစ်ကြောင်း ပြောဆိုထားသည်။
ထိုသို့ PNO တပ်ဖွဲ့သည် PNLO က ပစ်ခတ်ခဲ့သည့်ဟု စွပ်စွဲခဲ့သည့်အကြောင်းကိုလည်း PNFC ခွန်ဝေထူးက စစ်ကောင်စီ သည် တိုင်းရင်းသားတွေ အချင်းချင်းကြား ကွဲလွဲမှုဖြစ်အောင် ပြုလုပ်ခဲ့ကြောင်း ပြောသည်။
“ စစ်ကောင်စီ ကတော့ ဒီ စာနာထောက်ထားမှု အကူညီကို အသုံးချပြီးတော့ ကျနော်တို့ ပအိုဝ်းအချင်းချင်း ကြားမှာကော၊ ပအိုဝ်း နဲ့ တစ်ခြားတိုင်းရင်းသားကြားမှာကော နားလည်မှုလွဲအောင် လူမျိုးရေး သွေးခွဲအောင် လုပ်နေတာဖြစ်တယ်။ စစ်ကောင်စီကလည်း အင်အားတွေ နည်းလာနေတဲ့အချိန်မှာ တိုင်းရင်းသားတွေ စည်းလုံးသွားမှာကို သူလည်းကြောက်နေတာကြောင့် ဖြစ်တယ်” ဟု ခွန်ဝေထူးက ပြောသည်။
ဆီဆိုင်မြို့နယ်တွင်း ပစ်ခတ်ခံရသည့် ယာဉ်တန်းများထဲတွင် ရန်ကုန်မြို့ စင်ကာပူ သံရုံး အရာရှိ ၂ ဦး ၊ အင်ဒိုနီးရှားသံရုံး အရာရှိ ၂ ဦး၊ AHA ရုံး တာဝန်ရှိသူ ၃ ဦး နှင့် စစ်ကောင်စီ လက်အောက်ခံ အထွေထွေ အုပ်ချုပ်ရေး ဝန်ထမ်း ပါဝင်ကြောင်း သိရသည်။











Leave a Comments