Saturday, April 20, 2024

မွေးဖွားစရိတ်အတွက် ပူပန်သောက ရောက်နေတဲ့ စစ်ရှောင်ကိုယ်ဝန်သည်များ

Must read

“ပြောင်းဖူးခြံထဲမှာ နေကလည်းပူ၊ ယားကလည်းယား အဲ့လိုတော့ ခံစားရတာပေါ့။ တစ်ဖက်က ကိုယ့်အတွက်လည်း စားဝတ်နေရေးက လိုအပ်တယ်” လို့ အသက် ၃၇ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး ဒေါ်ဆာတီးနာက ဝမ်းနည်းစွာနဲ့ ပြောပြလာပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီး

ဒေါ်ဆာတီးနာ ဟာ လက်ရှိမှာ ကိုယ်ဝန်ဆောင် (၈) လ လွယ်ထားရပြီး ဆီဆိုင်မြို့နယ် စစ်ရှောင်စခန်း တစ်နေရာတွင် စစ်ရှောင်ခိုလှုံနေတာပါ။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလတုန်းက ကရင်နီပြည် (ကယားပြည်) ဒီးမော့ဆိုမြို့ ပဒုမ္မာရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF တို့ တိုက်ပွဲအပြင်းအထန် လက်နက်ကြီးဖြင့် ပစ်ခတ် ဖြစ်ပွားခဲ့သောကြောင့် အိုးအိမ်စွန့်ပြီး ထွက်ပြေး တိမ်းရှောင်ခဲ့ရသူ တစ်ဦးဖြစ်ပါတယ်။

ထွက်ပြေးလာချိန်တုန်းက ဒေါ်ဆာတီးနာဟာ ကိုယ်ဝန် (၃) လ ကျော် လွယ်ထားရတဲ့အချိန်ဖြစ်ပြီး မိသားစုဝင် ၄ ဦး တောလမ်းကနေပြီး ခက်ခက်ခဲခဲ နဲ့ ဆီဆိုင်မြို့နယ် စစ်ရှောင်စခန်းအတွင်းကို လာရောက် ခိုလှုံခဲ့ရတယ်လို့ ဆိုပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီး

“ကျေးရွာဘက်မှာ သူတို့ လက်နက်ကြီးတွေနဲ့ ထုတော့ နေလို့မရတော့ဘူး။ တောထဲမှာ ဟိုပြေးလိုက် ဒီပြေးလိုက် တိုက်ပွဲရှောင်နေတယ်။ ပြီးမှ ဆီဆိုင်ဘက်ကို ရောက်လာတယ် “ လို့ ဒေါ်ဆာတီးနာက ထွက်ပြေးလာချိန်တုန်းက အကြောင်းကို ပြန်ပြောပြနေပါတယ်။

စစ်ရှောင်စခန်းတွင် ကိုယ်ဝန်ဆောင် (၄) လ ဝန်းကျင်အတွင်း ရောက်ရှိအချိန်မှာတော့ ဆေးရုံ၊ ဆေးခန်းမှာ ဗိုက်အပ်ဖို့အတွက် ဒေါ်ဆာတီးနာဟာ စစ်ရှောင်တစ်ဦးဖြစ်နေတဲ့အတွက် ဆေးရုံမှ သားဖွားဆရာများမှာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်း လက်မခံမည်ကို စိုးရိမ်စိတ် ဖြစ်ခဲ့ရသေးတယ်လို့ ဆိုပါတယ်။

“ကျမ ကိုယ်ဝန်ဆောင် (၄) လလောက်မှာ ဆေးခန်းကို ဗိုက်သွားအပ်ရတယ်။ ဆေးခန်းသွားအပ်တုန်းကလည်း ကိုယ်က စစ်ရှောင်ဆိုတော့ သားဖွားဆရာမတွေက လက်ခံမလား၊ လက်မခံဘူးလား ဆိုတာ စိုးရိမ်ရသေးတယ်” ဟု ဒေါ်ဆာတီးနာက ပြောပါတယ်။

စစ်ဘေးရှောင်စခန်းမှ ကလေးငယ်

သူမဟာ တိုက်ပွဲကြားထဲက ကိုယ်ဝန်တဖက် ကလေး ၂ ယောက်က တဖက်နဲ့ အသက်လုပြီး ထွက်ပြေးလာရတဲ့အတွက် ဘာပစ္စည်းမှ မသယ်နိုင်ခဲ့ပါဘူး။

လက်ရှိမှာတော့ ဒေါ်ဆာတီးနာရဲ့ သားအကြီးဟာ ဆီဆိုင်စစ်ရှောင်စခန်းမှာ နေထိုင်ရတာ မပျော်တဲ့အတွက် ကရင်နီ (ကယားပြည်) ဘက်က စစ်ရှောင်စခန်းမှာ အဒေါ်တွေနဲ့ အတူ သွားရောက်နေထိုင်ပြီး ကျောင်းတက်နေတယ်လို့ သူမက စိတ်မကောင်းစွာ ပြောပါတယ်။

“အကြီးတစ်ယောက်က ကျာင်း (၇) တန်း တက်နေပြီ။ ဟိုတခေါက် တုန်းကတော့ ဒီမှာအတူနေသေးတယ်။ ဒီမှာ နေမပျော်လို့ဆိုပြီး ကယားပြည် တောထဲက စစ်ရှောင်စခန်းမှာ သူ့အဒေါ်နဲ့ ပြန်သွားနေတယ်။ အဲ့မှာ ကျောင်းပြန်တက်နေတယ်။ အဲ့ဖက် တိုက်ပွဲဖြစ်နေတယ်လို့ ကြားရင် သူ့ကို အရမ်းစိုးရိမ်ရတယ်။ ဒီကို ပြန်လာနေဖို့ အမြဲခေါ်ပါတယ် မလာဘူး၊ သူအဲ့မှာ ကျောင်းတက်ချင်တယ်တဲ့၊ ပြန်မလာတော့ဘူးပြောတယ် “ ဟု ဒေါ်ဆာတီးနာက ဝမ်းနည်းစွာနဲ့ ပြောပြလာပါတယ်။

စစ်ဘေးရှောင်စခန်းမှ စစ်ရှောင်များ

စစ်ရှောင်စခန်းမှာ လူဦးရေ ၄၀၀ ကျော် နေထိုင်ရတော့ အစစအရာရာ အလွန်ပင် ခက်ခဲပြီး အလှူရှင်ပေးကမ်းမှ စားသောက်ရကြောင်း လက်ရှိအချိန်မှာ အလှူရှင်တွေကလည်း သိပ်မရှိတော့တဲ့အတွက် ဒေါ်ဆာတီးနာ တယောက်ဟာ ကိုယ်ဝန်ရင့်မာနေပေမယ့် နားနားနေနေ မနေရဘဲ နေ့စားအလုပ်ကို ထွက်ပြီး ရုန်းကန်နေရပါတယ်။

“ပြောင်းဖူး ချိုးတယ်ဆိုတာလည်း အလုပ်ပဲလေ။ ကိုယ်အလုပ်သွားရင် ဗိုက်ကြီးသည်ကြီးနဲ့မို့ သူများက ကိုယ့်ကို ဘယ်လိုထင်မလဲဆိုတဲ့စိတ်နဲ့ တစ်ခါတလေ ရှက်တော့ရှက်ပါတယ်။ ကိုယ်က သူများလိုမျိုး အလုပ်မလုပ်နိုင်မှာ ကြောက်ပြီး မျိုးစုံ တွေးနေတာပေါ့။ တစ်ဖက်ကလည်း ကလေး သုံးစရိတ် လိုအပ်တယ်လေ “ ဟု ဒေါ်ဆာတီးနာ က သူ့၏ အခက်ခဲကို ပြောပြပါတယ်။

နေ့စားလုပ်အားခ ပြောင်းဖူးချိုးအလုပ်က တစ်နေ့ကို ကျပ်ငွေ (၉,၀၀၀) ရရှိပေမယ့် မိသားစုဝင် ၄ ဦး နဲ့ မွေးစရိတ်အတွက် စုဆောင်းရတာ နဲ့ အဆင်မပြေကြောင်းကို သူမက ဆက်ပြောပါတယ်။

စစ်ရှောင်စခန်းမှ စစ်ရှောင်များ

“ကိုယ်ဝန်ဆောင်ပြီး ကတည်း အလုပ်ကတော့ နည်းနည်းပါးပါး လုပ်သေးတယ်။ အလုပ်မလုပ်ဘဲ ဒီအတိုင်း နေမယ်ဆိုရင်လည်း အဆင်မပြေဘူး။ စားဝတ်နေရေးက ကျန်သေးတော့ နည်းနည်းပါးပါး လုပ်ရတာပေါ့။ ကိုယ်က ဗိုက်ကြီးနဲ့ဆိုတော့ နှစ်ရက်သွားပြီး တစ်ရက်နားရတယ်။ အလုပ်က ပြန်လာရင်လည်း ကိုက်ခဲနေတာပဲ၊ လွယ်တော့မလွယ်ဘူး “ လို့ ဒေါ်ဆာတီးနာ က စိတ်မကောင်းစွာ ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မိခင် နှင့် ကလေးအတွက် ကျန်းမာရေး စောင့်ရှောက်မှု ကျဆင်းခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ မီးဖွားတဲ့အချိန်မှာ အန္တရာယ်ရှိတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ရဲ့ ၂၀၂၂ ခုနှစ် ဇွန်လမှာ ထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

ကျန်းမာရေး နှင့် ပတ်သက်တဲ့ ကူညီထောက်ပံ့မှုတွေကို ဖြတ်တောက်ခံရခြင်း၊ ဆေးဝါးပစ္စည်း သယ်ယူ ပို့ဆောင်တာကို ပြင်းထန်စွာ ကန့်သတ်ခံရခြင်း စတဲ့ ကျန်းမာရေးစောင့်ရှောက်မှု အခြေနေဟာ ပိုမိုဆိုးရွားလာတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်ရှောင်စခန်း

ဒါ့အပြင် ကျန်းမာရေး ဝန်ထမ်းတွေဟာ စစ်ကောင်စီ ရဲ့ အဓိက ပစ်မှတ်ဖြစ်လာတဲ့အတွက် ကျန်းမာရေး စောင့်ရှောက်မှု အနည်းငယ်သာ ရရှိထားတဲ့ ကျေးလက်ဒေသမှာ လှုပ်ရှားမှုတွေ လျော့နည်းလာပြီး စစ်ဘေးရှောင်တွေအတွက် ကျန်းမာရေး ဝန်ထမ်းမရှိပါက ကျန်းမာရေးစောင့်ရှောက်မှု မရရှိနိုင်ကြောင်းကိုလည်း KHRG က ဖော်ပြထားပါတယ်။

ဆီဆိုင်မြို့နယ် စစ်ရှောင်စခန်းမှ ကိုယ်ဝန်အမျိုးသမီးများသည် ဆေးခန်းမှ တစ်လလျှင် တစ်ကြိမ် ကျန်းမာရေး စစ်ဆေးခွင့်ရရှိကြောင်း ဒေါ်ဆာတီးနာက ဆိုပါတယ်။

လက်ရှိ ဆီဆိုင်မြို့နယ်အတွင်းသို့ ရောက်ရှိနေတဲ့ စစ်ရှောင် ကိုယ်ဝန်ဆောင် အမျိုးသမီးများမှာ စုစုပေါင်း ၂၄ ဦးရှိပြီး အဲ့ထဲမှ ကိုယ်ဝန်ဆောင် (၈) လအရွယ် မိခင်များမှာ ကလေးမွေးဖွားရန်အတွက် ငွေရေးကြေးရေး လိုအပ်နေကြာင်း စစ်ရှောင်ကူညီသူ ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်ရှောင်များ

အရင် စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင် အမျိုးသမီးများကို ဆီဆိုင်မြို့နယ် ပြည်သူ့ဆေးရုံမှ အခမဲ့စနစ်ဖြင့် ကလေးမွေးဖွားပေးသော်လည်း ယခုနှောင်းပိုင်းတွင် အခမဲ့စနစ်ဖြင့် မမွေးဖွားပေးသောကြောင့် သောက်သုံးရေများ၊ ဆေးဝါး အကိုက်ခဲပျောက်ဆေးကအစ ဝယ်သောက်ရတဲ့ အဆင့်ထိ ဖြစ်နေတယ်လို့ စစ်ရှောင်ကူညီတဲ့သူက ဆိုပြန်ပါတယ်။

“အခု ဆေးရုံတက်တာကလည်း အရင်လို အခမဲ့စနစ်နဲ့ ကုသပေးတာမဟုတ်တော့ ကုန်ကျစရိတ်တော့ ရှိတာပေါ့နော်။ ကလေးကြီးထွားဖို့ကလည်း ဆေးရုံနဲ့မှဘဲ အဆင်ပြေတယ်လေ၊ အရင်ကတောာ့ အစိုးရက တစ်ဝက်၊ ပြည်သူ့တစ်ဝက် ခံပေမယ့်လည်း အခု ထောက်ပံ့ပေးတဲ့သူက လုံးလုံးကို မရှိတော့ဘူး။ အခုက ကိုယ်တိုင်ဆေးဝါးတွေကအစ ဝယ်ရတာ ပိုများတယ် “ ဟု စစ်ရှောင်ကူညီသူ ဒေသခံတစ်ဦးက ပြောပါတယ်။

ကိုယ်ဝန်ဆောင် အမျိုးသမီးများဟာ စစ်ရှောင်စခန်းမှာ ခိုလှုံနေတဲ့အတွက် အလုပ်အကိုင် အခွင့်အရေး ရှားပါးနေသလို၊ အလုပ်လက်မဲ့ နဲ့ နေထိုင်သူတွေဖြစ်တာကြောင့် ကလေးမွေးဖွားစရိတ် မရှိကြဘူးလို့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက ပြောဆိုလာပါတယ်။

စစ်ရှောင်စခန်းမှ ကလေးများ

ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးက သမာရိုးကျ မြို့နယ်ဆေးရုံမှာ ကလေးမွေးဖွားမယ်ဆိုရင် အနည်းဆုံး ကျပ်ငွေ (၂) သိန်း အထက် ကုန်ကျစရိတ်ရှိပြီး သမာရိုးကျမဟုတ်ဘဲ ဝမ်းဗိုက်ခွဲမွေးရသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် ပြည်နယ်ဆေးရုံးထံ မွေးဖွားရသည့်အတွက် ကုန်ကျစရိတ် ပိုများတယ်။

နိုင်ငံရေး ရှုပ်ထွေးမှုကြား အဖက်ဖက်မှ ကုန်စျေးနှုန်းမြင့်တက်လာပါတယ်။ ဆီဆိုင်မြို့မှ တောင်ကြီးမြို့ထိ ကလေးသွားရောက်မွေးမယ်ဆိုပါက လက်ထဲမှာ ကျပ်ငွေ အနည်းဆုံး ၅ သိန်း ရှိမှသာ အဆင်ပြေနိုင်သလို ဆီဆိုင်မြို့အတွင်းသာ မွေးမယ်ဆိုရင် ကျပ်ငွေ ၂ သိန်း ရှိမှသာ အဆင်ပြေနိုင်ကြောင်း စစ်ရှောင်ကူညီသူတွေက ပြောဆိုပါတယ်။

ဒါ့ကြောင့် မကြာမီမှာ ကလေးမွေးရန် စောင့်ဆိုင်းနေတဲ့ ကိုယ်ဝန်ဆောင် (၈) လ နဲ့ မဆုကလည်း ငွေရေးကြေးရေး မတတ်နိုင်တဲ့အတွက် စိုးရိမ်ပူပန်မှုတွေ ဖြစ်နေပါတယ်။

“ကလေးမွေးမယ်ဆိုရင်တော့ ဟိုဘက်က အခြေနေ ပြန်ကောင်းရင် အိမ်မှာပြန်မွေးမယ်လို့ စဉ်းစားထားတယ်။ လွိုင်ကော်ဘက်ကလည်း အခြေနေမကောင်းတော့ မသွားရဲဘူး။ ဆီဆိုင်ဘက်ကဆိုလည်း ဆွေးမျိုးတွေက မရှိတော့ ဘယ်လိုမွေးရမှန်းမသိဘူး။ သားဖွား ဆရာမနဲ့ပဲ မွေးရမလား မသိသေးဘူး “ လို့ ကိုယ်ဝန်သည် မဆုက ဆိုပါတယ်။

စစ်ရှောင်စခန်းမှ ကိုယ်ဝန်သည်အမျိုးသမီး

ကုန်စျေးနှုန်းမြင့်တက်မှု နဲ့ အလုပ်လက်မဲ့ ဖြစ်နေတဲ့ ဆီဆိုင်စစ်ရှောင် ကိုယ်ဝန်သည်တွေဟာ ကလေးမွေးဖွားဖို့အတွက် စိုးရိမ်သောကတွေ နဲ့ ရင်ဆိုင်နေရပြီး ၊ ကိုယ်ဝန်ရင့်မာဖြစ်ပေမယ့် သားဖွားဖို့ ငွေရရန် နေ့စားလုပ်ဆောင်နေရပါတယ်။

လက်ရှိမှာ ဒေါ်ဆာတီးနာ တယောက် အေးတာ၊ ပူတာတွေကို ဥပက္ခာပြုပြီး ကလေးမွေးဖွားစရိတ်ရဖို့ သာ စဥ်းစားပြီး နေ့စား လုပ်ဆောင်နေရသူဖြစ်ပါတယ်။

“ ကျမ ရဲ့ အိမ်မှာပဲ ပြန်မွေးချင်တာပေါ့။ အရင်အိမ်မှာ နေသလိုမျိုး အခြေနေတွေ မဟုတ်တော့ အခက်ခဲကတော့ အများကြီးရှိပါတယ်။ ကလေးမွေးတဲ့ အချိန်မှာလည်း တစ်ခုခုဖြစ်မှာကို စိုးရိမ်တာပေါ့” လို့ ဒေါ်ဆာတီးနာက စိတ်မကောင်းစွာနဲ့ဆိုပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article