Tuesday, April 23, 2024

ပင်းတယမြို့နယ် ဘုန်းကြီးတစ်ပါး မင်္ဂလာ ပန်းရထားပေါ် ပြုတ်ကျ ခြေထောက်ကျိုး

Must read

သျှမ်းပြည် တောင်ကြီးခရိုင် ပင်းတယမြို့နယ် ပွေးလှမြို့ ရေဂနိုင်ကျေးရွာ ထီးတင်ပွဲပြုလုပ်ရာ ဘုန်းကြီးတစ်ပါးသည် မင်္ဂလာပန်းရထားပေါ် ပြုတ်ကျရာမှ ခြေထောက်ကျိုးခဲ့ကြောင်း စုံစမ်းသိရသည်။

ထီးတော်တင်မယ့် စေတီ

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်တွင် ပင်းတယမြို့နယ် ရေဂနိုင်ကျေးရွာတွင် ထီးတင်ပွဲပြုလုပ်ရာတွင် ဘုန်းကြီးတပါး မင်္ဂလာပန်းရထားဖြင့် စေတီပေါ်သို့ စီးသွားရာတွင် စေတီမရောက်ခင် ပြုတ်ကျပြီး ခြေထောက်ကျိုးသွားခဲ့ကြောင်း သိရသည်။

အဆိုပါနေ့တွင် ရေဂနိုင်ကျေးရွာမှ ပွေးလှမြို့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးမကုသနိုင်သဖြင့် အောင်ပန်းမြို့ ဆေးရုံသို့ ပို့ဆောင်ထားရသည်။

“အဲ့နေ့မှာပဲ သူတို့ ပွေးလှဆေးရုံကို ပို့လာခဲ့တာ။ ဓာတ်မှန်ရိုက်ကြည့်တော့ ခြေထောက်ကျိုးသွားတယ်။ ပွေးလှဆေးရုံမှာ မနိုင်လို့ အောင်ပန်းဆေးရုံကို အဲ့နေ့ကပဲ ချက်ချင်းပို့လိုက်တာ။ ကျန်တာ ဘာဒဏ်ရာတွေ ရသွားတာလဲတော့ မသိဘူး” ဟု ပွေးလှ ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို မင်္ဂလာပန်းရထားပေါ်ပြုတ်ကျသည့် ဘုန်းကြီးသည် စစ်ကောင်စီ နှင့် ပူးပေါင်းပြီး ထီးတင်ပွဲ ပြုလုပ်နေကြောင်း ပင်းတယ ဒေသခံ တစ်ဦးက ပြောသည်။

“ သူက စစ်ကောင်စီတွေနဲ့လည်း ပူးပေါင်းနေတယ်လို့ သတင်းရတယ်။ ပျူစောထီးတွေနဲ့ အမြဲဆက်သွယ် နေတယ်တဲ့” ဟု ၎င်းက ဆိုသည်။

ပင်းတယမြို့နယ်သည် စစ်ကောင်စီက ကြီးစိုးနေသည့် မြို့ဖြစ်ပြီး ပျူစောထီးများ အများအပြား သွားလာလှုပ်ရှားနေသည့် ဒေသတစ်ခုဖြစ်ပြီး၊ ပင်းတယမြို့နယ်ရှိ အရပ်သားနေအိမ်များကို စစ်ကောင်စီမှ မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article