သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) အခြေစိုက်တပ် ရှိရာကို စစ်ကောင်စီမှ ဂျက်လေယာဥ်ဖြင့် တိုက်ခိုက်မှုကြောင့် လူနေအိမ် ပျက်စီးမှုလည်း ရှိနေကြောင်း သတင်းသိရသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၇ ) ရက် မွန်းလွဲပိုင်း ၂ နာရီ မြေပြင်တိုက်ပွဲအပြီး ည ၇ နာရီကျော်မှ စတင်ကာ နမ့်ဆန်မြို့ရှိ TNLA တပ်ကို စစ်ကောင်စီ တပ်ဖွဲ့မှ ဂျက်လေယာဥ် ၆ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သည့်အပြင် မြေပြင် စစ်အင်အား ဖြည့်တင်းပြီး ထိုးစစ်ဆင်ခဲ့ကြောင်း သတင်း သိရသည်။
ထို့အပြင် ယနေ့ (ဒီဇင်ဘာလ ၈ ) ရက် နံနက် ၄ နာရီဝန်းကျင်တွင် စစ်ကောင်စီသည် ဂျက်လေယာဥ် ၂ စီးဖြင့် ထပ်မံလာ ရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“မနေ့ ညက တိုက်ပွဲမှာ စစ်ကောင်စီက လေယာဥ် ၆ စီးနဲ့ လာပြီး ဗုံးကြဲတယ်၊ မြေပြင်တိုက်ပွဲလည်း ဖြစ်တယ်၊ ဒီနေ့မနက်လည်း လေယာဥ် ၂ စီးက လာပတ်ပြီး ဗုံး ၅ လုံးထပ်ကြဲသွားတယ်၊ မြေပြင် ထိတွေ့ တိုက်ပွဲကလည်း ပြင်းထန်နေတုန်းပဲ” ဟု နမ့်ဆန်မြို့နေ အသက် ၃၀ နီးပါး အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
အဆိုပါ ထိတွေ့တိုက်ပွဲသည် မွန်းလွဲပိုင်း ၂ နာရီတွင် တစ်ကြိမ် ၊ ည ၇ နာရီမှ ၁၀ နာရီအထိတွင် တစ်ကြိမ် ထိတွေ့တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ စစ်ကောင်စီဘက်မှ ဂျက်လေယာဥ်ဖြင့် လေကြောင်းလိုင်းနှင့် တိုက်ခိုက်မှုကြောင့် နမ့်ဆန်မြို့ရှိ ဟူးမန်းရွာ ၊ ရူဘောင်ရွာ နှင့် ကုန်းသာရွာအနီး လက်နက်ကြီး ဗုံးတွေ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်ထိခိုက် ပျက်စီးမှုများလည်း ရှိနေကြောင်း သတင်းသိရသည်။
“တိုက်ပွဲကတော့ ဆက်ဖြစ်နေတုန်းပဲ။ အသံမျိုးစုံကို ထွက်နေတယ်။ တချို့ရွာခံတွေက နမ္မတူဘက် ထွက်ပြေးသွား ကြတယ်၊ လားရှိုးကို ပြေးတဲ့ သူလည်း ရှိတယ်၊ လူဦးရေတော့ မသိရသေးဘူး၊ လက်နက်ကြီးကြောင့် လူနေအိမ် ထိခိုက်ပျက်စီးမှုလည်း ရှိတယ်၊ အသေးစိတ်တော့ မသိရသေးဘူး” ဟု နမ့်ဆန်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။
ယနေ့ ဒီဇင်ဘာလ ၈ ရက်တွင်လည်း နမ္မတူမြို့နယ် နှင့် သီပေါဘက်မှ စစ်ကောင်စီ စစ်ကူအင်အားများထပ်မံ ရောက်ရှိလာပြီး နမ့်ဆန်မြို့အခြေစိုက် စစ်ကောင်စီတပ်မှလည်း လက်နက်ကြီးဖြင့် စစ်ကူပစ်ပေးနေကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် တာဘုန်းကျော်ကို အကြိမ်ကြိမ် ဖုန်းဆက်မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။
စစ်ကောင်စီ တပ်ဖွဲ့သည် နိုင်ငံတော် အာဏာသိမ်းယူပြီးနောက် ရက္ခိုင့်တပ်တော် AA နှင့် အပစ်ခတ်ရပ် ငြိမ်းချမ်းရေး ယူပြီး သျှမ်းပြည်မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို ထိုးစစ်ဆင်မှု ခပ်စိတ်စိတ် ပြုလုပ်လာကြောင်း ပြောဆိုသုံးသပ်မှုလည်း ထွက်လာသည်။











Leave a Comments