Sunday, September 8, 2024

ကွတ်ခိုင်မြို့ နေအိမ်မီးလောင် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး သေဆုံး

Must read

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး မီးလောင်မှုကြောင့် အသက် သေဆုံးခဲ့ရကြောင်း သတင်းသိရသည်။

ကွတ်ခိုင်မြို့

ယမန်နေ့ (နိုဝင်ဘာလ ၂၇) ရက် ည ၁၀ နာရီကျော်တွင် ကွတ်ခိုင်မြို့ ရပ်ကွက် ၇ တွင် နေထိုင်သည့် ဦးကျူးချောက်ခန်း၏ နေအိမ်တွင် မီးလောင်ခြင်းဖြစ်ပြီး အိပ်ပျော်နေသည့် ကလေးတစ်ဦးလည်း မီးထဲ သေဆုံးခဲ့ရကြောင်း သတင်းသိရသည်။

အဆိုပါ မီးလောင်မှုကို ဗြဟ္မစိုရ်နှလုံးသား လူမှုကူညီရေးအသင်း နှင့် မီးသတ်တပ်ဖွဲ့တို့က သွားရောက်ကူညီခဲ့ ရကြောင်း ကွတ်ခိုင်မြို့ မီးသတ်တပ်ဖွဲ့ စခန်းမှူးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ ရောက်သွားတဲ့ အချိန်မှာတော့ မီးက တစ်အိမ်လုံးကို ကူးနေပြီ၊ ရေပိုက်တွေနဲ့ မီးတွေကိုငြိမ်းပြီး ၊ ပျဥ်ပြားတွေ သစ်တွေကိုဖယ်ထုတ်လိုက်တဲ့ အခါမှာတော့ မီးလောင်တဲ့ သစ် ပိပြီး သေဆုံးနေတဲ့ ကလေး တစ်ဦး တွေ့ရတယ်၊ တခြား ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူး” ဟု မီးသတ်တပ်ဖွဲ့ စခန်းမှူးက ပြောသည်။

မီးလောင်မှုကြောင့် သေဆုံးရသည့် ကလေး၏ ရုပ်အလောင်းကို ဗြဟ္မစိုရ်နှလုံးသား လူမှုကူညီရေးအသင်းမှ လာရောက်ကူညီ သယ်ဆောင်ကာ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။

ယင်းမီးလောင်မှုသည် ကလေးငယ်တစ်ဦးက ဖယောင်းတိုင်မီးဖြင့် စာကျက်ပြီးနောက် အိပ်ပျော်သွားပြီး ခြင်ထောင်ကို မီးစွဲရာမှ မီးလောင်ရခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“ တစ်အိမ်လုံး ဆုံးရှုံး သွားတယ်၊ သက်ကြီးရွယ်အိုလည်း ရှိနေတော့ လူကိုပဲ အရင်ထုတ်ပြီး ပစ္စည်းတွေက ဘာမှ မယူလိုက်ရဘူး” ဟု မီးသတ်တပ်ဖွဲ့ စခန်းမှူးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ကွတ်ခိုင်မြို့ အပါအဝင် သျှမ်းပြည်တဝန်းလုံး၌ လျှပ်စစ် မီး မကြာခဏ ပြတ်တောက်နေသည့်အတွက် လျှပ်စစ်မီးအစားထိုး ဆိုလာပြား မီး နှင့် ဖယောင်းတိုင်မီးများကို အသုံးပြုလာရကြောင်း သတင်းသိရသည်။

ယင်းကဲ့သို့ လျှပ်စစ်မီးမကြာခဏ ပြတ်တောက်နေသည့်အတွက် ဝါယာကြိုး ရှော့ဖြစ်ပွားပြီး မီးလောင်မှုများလည်း မကြာခဏ ဖြစ်ပွားနေလျက်ရှိသည်။

Leave a Comments

- Advertisement -spot_img

Latest article