Saturday, December 3, 2022

သီပေါမြို့နယ် သျှမ်းနှစ်သစ်ကောက်သစ်ဆွမ်းလှူဒါန်းရန် ပြင်ဆင်ချိန် စစ်ကောင်စီမှ SSPPကို ထိုးစစ်ဆင်

Must read

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကုန်းသာကျေးရွာတွင် ယနေ့ (နိုဝင်ဘာ ၂၅)ရက် နံနက် ၆နာရီဝန်းကျင် သျှမ်းနှစ်သစ် ကောက်သစ်ဆွမ်းလှူဒါန်းရန် ပြင်ဆင်နေချိန် ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းနေရာကို စစ်ကောင်စီက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သတင်းသိရသည်။

ထိုသျှမ်းနှစ်သစ်ကောက်သစ်ဆွမ်းကပ်လှူဒါန်းရန် လုံခြုံရေး ယူပေနေသည့် SSPP/SSA ကို စစ်ကောင်စီ က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်မှ (၅)ဦး သေဆုံးပြီး၊ SSPPဘက်မှ ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း အသက် ၃၀ ဝန်းကျင်ရှိ ကုန်းသာကျေးရွာမှ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“မိုးမလင်းခင် ၆ နာရီကျော် ကတည်းက ပစ်ခတ်သံတွေ စကြားရတယ်၊ စစ်တပ်တွေက ကုန်းသာရွာမှာ ရှိတဲ့ SSPP/SSA ကို စ ပစ်ခဲ့တာ၊ ထိတွေ့မှု တိုက်ပွဲ နာရီဝက်ဖြစ်သွားတယ်။ စစ်တပ်ဘက်က ၅ယောက်သေတယ်။ SSPP ဘက်က ၈ယောက်လောက်ထိတယ်” ဟု ကုန်းသာရွာခံအမျိုးသာက ပြော သည်။

ထိုပစ်ခတ်မှုကြောင့် သျှမ်းနှစ်သစ်ကောက်သစ်ဆွမ်းကပ်မှုလည်း မပြုလုပ်ခဲ့ရကြောင်း၊ ပွဲခင်းမှစျေးဆိုင်များလည်း သိမ်းဆည်းခဲ့ရသည့်အပြင် အရပ်သား (၅၀၀)ကျော် သီပေါမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။

“ တိုက်ပွဲဖြစ်တာနဲ့ ပွဲခင်းထဲက ဆိုင်တန်းတွေလည်းပိတ်သိမ်း ပြီးတော့ ရွာသားတချို့လည်း သီပေါမြို့ပေါ်ကို စစ်ရှောင်သွားကြတယ်၊ အခုချိန်ထိ စစ်ကောင်စီတွေက ရွာထဲမှာ နေရာယူထားတုန်းပဲ၊ ပွဲလည်း ပျက်သွားတယ်” ဟု အထက်ပါ ကုန်းသာရွာခံအမျိုးသားက ဆက်ပြောသည်။

လက်ရှိတွင် စစ်ရှောင်ရသည့် ပြည်သူများက ကုန်းသာရွာ၊ နောင်အန်ရွာ၊ ကုန်းပင်ရွာ နှင့် ဆီဆုံရွာတို့ဖြစ်ကြပြီး စစ်ရှောင်ဦးရေ ၅၀၀ နီးပါးခန့်ရှိနေကြောင်း သတင်းသိရသည်။

ကုန်းသာကျေးရွာမှ သျှမ်းနှစ်သစ်ကူးပွဲတော်သည် ပြီးခဲ့သည့် ၂၂ ရက်နေ့မှ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပွဲအပြီး ယနေ့ နိုဝင်ဘာလ ၂၅ ရက်နံနက်ပိုင်းအတွက် သျှမ်းနှစ်သစ်ကူး ဆွမ်းကပ်အလှူလည်း ပျက်သွားရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့တွင်လည်း သီပေါမြို့နယ် ကုန်းသာကျေးရွာအနီးတွင် စစ်ကြောင်းချီတက်လာသည့် စစ်ကောင်စီနှင့် SSPP/SSA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ဖူးသည်။

Leave a Comments

- Advertisement -spot_img

Latest article