Saturday, April 27, 2024

မူဆယ် ကမ္ဘောဇဘဏ် (၃) ဝင်ပစ်ခံရ၊ ၃ ဦးသေဆုံး ၁ ဦးထိခိုက်ဒဏ်ရာရ

Must read

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ရှိ သိန်းသန်းချီ ကားကြီးကွင်းထဲမှ ကမ္ဘောဇဘဏ် (၃) ကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့ က ယနေ့ (စက်တင်ဘာ ၁၃) ရက် နေ့လည် ၁ နာရီဝန်းကျင်တွင် ဝင်ရောက်ပစ်ခတ်ကာ (၃) ဦး သေဆုံးပြီး၊ ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရသည်။

“ပစ်ခတ်မှုတွေ ရှိတယ်ဆိုတာ ဟုတ်ပါတယ်။ (၄) ဦး ထိခိုက်ဒဏ်ရာ ရရှိပြီးတော့ (၃) ဦး သေဆုံးသွားပြီး (၁) ဦး ထိခိုက်ဒဏ်ရာ ရရှိထားတယ်။ အခု ဆေးရုံကို ပို့ဆောင်လုပ်နေပါတယ်” ဟု မူဆယ်မြို့ နှလုံးလှ ပရဟိတအသင်းမှ တာဝန်ရှိသူ တစ်ဦး သျှမ်းသံတော်ဆင့် ကိုပြောသည်။

သိန်းသန်းချီ ကားကြီးကွင်း

ထိုပစ်ခတ်ခံရသူ (၄) ဦးသည် ဘဏ် လုံခြုံရေး ယူထားသည့် ပြည်သူ့စစ် နှင့် စစ်ကောင်စီလက်အောက်ခံ တပ်သားများ ဖြစ်ကြပြီး၊ လက်ရှိ ထိခိုက်ဒဏ်ရာရရှိသူများ နှင့် သေဆုံးသူများကို လူမှုရေးပရဟိတ အသင်းမှ လာရောက် သယ်ဆောင်သွား ကြောင်း မူဆယ်မြို့ ဒေသခံများ ပြောပြချက်အရ သိရသည်။

“ပစ်ခံရတဲ့သူက ဘဏ်လုံခြုံရေးယူတဲ့ ပြည်သူ့စစ်နဲ့ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့တွေပါ။ အခုစစ်တပ်ဘက်က လုံခြုံရေးတွေ အများအပြားလာနေပြီ” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

မူဆယ်မြို့နယ်သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှု များ နေ့စဥ် နှင့် အမျှရှိပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူမှု မရှိပေ။

“ဒီမှာတော့နေ့တိုင်း ရင်တထိတ်ထိတ်ပဲ။ တရက်တရက် ဒုစရိုက်သမား တွေက နည်းမျိုးစုံပဲ။ အိမ်ပြင်ထွက်ရမှာ တောင် ကြောက် နေရတယ်” ဟု အထက်ပါ အမျိုးသားက ဆိုသည်။

မူဆယ်မြို့နယ်သည် စစ်ကောင်စီအပြင် ပြည်သူ့စစ်များ၊ တိုင်းရင်းသားလက်နက်ကိုင်များ နှင့် နွေဦးတော်လှန်ရေး ကာလမှာ ထွက်ပေါ်လာသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များလည်း ရှိသည့် နယ်မြေဒေသဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article