Tuesday, April 16, 2024

ကလောမြို့ NLD လူငယ်တစ်ဦးနေအိမ်ကို စစ်ကောင်စီ ချိတ်ပိတ်သိမ်းယူ

Must read

သျှမ်းပြည်တောင်ပိုင်း ကလောမြို့မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူငယ်အဖွဲ့ဝင် ဆိုင်ကယ်သမား (Biker) တစ်ဦး၏ နေအိမ်ကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့မှ ချိတ်ပိတ်သိမ်းယူလိုက်ကြောင်း သတင်းသိရသည်။

ယမန်နေ့ (သြဂုတ် ၁၀) ရက်တွင် ကလောမြို့ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD လူငယ်အဖွဲ့ဝင် အကြမ်းစီး ဆိုင်ကယ် Biker ဖြစ်သူ ကိုရဲပြည့်အောင်၏ နေအိမ်ကို စစ်ကောင်စီတပ်သားများက ပိတ်သိမ်းကြောင်း ဗွီနိုင်းစာရွက်လာကပ်သွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

NLD လူငယ်တစ်ဦးနေအိမ်ကို စစ်ကောင်စီ ချိတ်ပိတ်သိမ်းယူ

“မနေ့က စစ်ကားနှစ်စီး နဲ့ ရဲနဲ့စစ်သားတွေ လာပြီး နေအိမ်ကို ပိတ်သိမ်းလိုက်တဲ့အကြောင်း ဗွီနိုင်းလာကပ် သွားပါတယ်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) အမှုနဲ့ နေအိမ်ကို ချိတ်ပိတ် သိမ်းတာလို့ အဲ့ဒီ ဗွီနိုင်းမှာပါတယ်” ဟု အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နေအိမ်နှင့် ခြံဝန်း ချိတ်ပိတ်ခံရသည့် ကိုအောင်ရဲပြည့်သည် NLD ပါတီ လူငယ်အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး RBK (Ride Behind Kalaw ) အဖွဲ့မှ ဆိုင်ကယ် Biker ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောဆို ထားသည်။

လက်ရှိတွင် ကလောမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်ဖွဲ့၏ ချိတ်ပိတ်သိမ်းယူခံရသည့် အရပ်သားပြည်သူ နေအိမ် ၅ လုံး ဝန်းကျင်ရှိနေကြောင်းလည်း သတင်းသိရသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်း အောင်ပန်းမြို့မှ ပြည်သူ့နေအိမ် ၁၀ လုံးဝန်းကျင်ခန့်သည်လည်း PDF နှင့် NUG ဆက်စပ်မှုများရှိသည်ဟု စွပ်စွဲကာ စစ်ကောင်စီတို့မှ ချိတ်ပိတ် သိမ်းယူထားကြောင်း လည်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article