Friday, December 2, 2022

မိုင်းတုံမြို့ NLD ပါတီဝင် နှင့် ၎င်းသမီး CDM ဆရာမအပါအဝင် အရပ်သား ၇ ဦး ဖမ်းဆီးခံရ

Must read

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် နှင့် ၎င်း၏သမီး CDM ကျောင်းဆရာမတို့ အပါအဝင် အရပ်သား ၇ ဦး စစ်ကောင်စီ မှ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။

ဖြစ်စဥ်မှာ ပြီးခဲ့သည့် ဇွန်လ ၁၃ ရက် ညပိုင်းတွင် မိုင်းတုံမြို့မှ NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်ပွဲဝင်ရောက် ယှဥ်ပြိုင်ဖူးသည့် ဖခင်ဖြစ်သူနှင့် CDM လှုပ်ရှားမှုမှာ ပါဝင်ထားသည့် ကျောင်းဆရာမ သမီးဖြစ်သူတို့ကို စစ်ကောင်စီမှ လာရောက်စစ်ဆေးပြီး ဖမ်းဆီးသွားကြောင်း သတင်းသိရသည်။

“အစကတော့ အဖေဖြစ်သူကို မသင်္ကာလို့လာစစ်တာပေါ့၊သူ့အဖေဆီမှာ ဘာပြစ်မှုမှမတွေ့ပေမယ့် သူ့သမီးရဲ့ဖုန်းကို စစ်တဲ့အခါကျတော့ PDF တွေအတွက် ထောက်ပို့လုပ်ပေးတဲ့ စာရင်းတွေ၊ ငွေကြေးကောက်ခံလှူပေးတာတွေကို တွေ့သွားလို့ သူတို့ နှစ်ယောက်လုံးကို ဖမ်းသွားလိုက်တယ်” ဟု မိုင်းတုံမြို့မှ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းတုံမြို့

NLD ပါတီဝင်၏ သမီးဖြစ်သူ CDM ကျောင်းဆရာမ ဖုန်းထဲတွင် ၎င်း နှင့် ၎င်း၏မိတ်ဆွေသူငယ်ချင်းများ ပြောဆိုထားသည့် စစ်ကောင်စီ ဆန့်ကျင်ရေး အကြောင်းများအပြင် ၊ PDF များအတွက် ငွေကြေးကောက်ခံ ကူညီခြင်း၊ ထောက်ပို့လုပ်ပေးခြင်းတို့ကို စစ်ကောင်စီတပ်သားတို့မှ စစ်ဆေးတွေ့ရှိကာ ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သည့် မိုင်းတုံဒေသခံ အမျိုးသမီးတစ်ဦး ကပြောသည်။

၎င်းတို့သားအဖကို ဖမ်းဆီးသွားပြီးနောက်ပိုင်းတွင် မိုင်းတုံမြို့အတွင်းမှ ဆက်စပ်ပတ်သက်သည့် တခြားသူများကိုလည်း စစ်ကောင်စီတပ်ဖွဲ့မှ ထပ်မံဖော်ထုတ် ဖမ်းဆီးခဲ့ကြောင်းလည်းသိရသည်။

“သူတို့ပေါ့လျှော့မှုလို့ ပြောရမလားပဲ၊ ဖုန်းထဲပြောဆိုထားတာတွေ၊ စာရင်းအချက်အလက်တွေကို မဖျက်ဘဲ သိမ်းထားတော့ စစ်ဆေးတဲ့အခါ အကုန်ပေါ်သွားတယ်လေ၊ အဲ့ဒါ သူတို့ နှစ်ယောက်ကို ဖမ်းပြီးနောက်တစ်နေ့မှာ မိုင်းတုံမြို့ထဲက နောက်ထပ် လူ ၅ ယောက်လည်း အဖမ်းခံထိသွားတယ်” ဟု ဖြစ်စဥ်များကို သိရသည့် ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် မိုင်းတုံမြို့တွင်းမှ ဖမ်းဆီးခံထားရသူ စုစုပေါင်း ၇ ဦး ရှိနေပြီး မိုင်းတုံမြို့မ ရဲစခန်းမှ အချုပ်ခန်းထဲတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ ဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့တို့ ပြည်သူ့နေအိမ်များကို စည်းကမ်းမရှိ နေအိမ်များကို ဝင်ထွက်မှု ပြုလုပ်ကာ စစ်ဆေးမှုများ တင်းကြပ်မည်ကို မိုင်းတုံမြို့ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article