Monday, May 6, 2024

နမ့်ခမ်းမြို့နယ် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်း (၃) ဦး ပစ်သတ်ခံရ

Must read

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ငွန်အင်ကျေးရွာတွင် အမည်မသိလက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့က စစ်ဆေးရေးဂိတ်တွင် စောင့်နေသည့် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်း (၃) ဦး ကို လာရောက်ပစ်ခတ်ပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

နမ့်ခမ်း စကစ လက်အောက်ခံ ၀န်ထမ်း ပစ်သတ်ခံရသည့်နေရာ

ယမန်နေ့ မေလ (၃) ရက် ငွန်အင်ကျေးရွာ အနီးတွင် ည (၈) နာရီကျော်တွင် သစ်တောဝန်ထမ်းများ၊ မူးယစ်ဆိုင်ရာရဲဝန်ထမ်းများ ရှိနေစဉ် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ဘယ်သူတွေဆုံးသွားလဲ မသိရဘူး။ အဲ့နေရာက ကား အဝင်အထွက်တွေကို စစ်ဆေးတဲ့နေရာဖြစ်တယ်။ ဂိတ်လဲမဟုတ်ဘူး။ သူတို့ မကြာခဏ လာစောင့်တယ်။ အိမ်တွေနဲ့လည်း နီးတယ်။ သူတို့လာလုပ်ထားတဲ့ တဲမှာမနေဘဲ သူများအိမ်အနီးမှာ သွားနေတယ်။ (၁၀) နှစ်လောက်ရှိနေပြီ သူတို့ မကြာခဏ လာစစ်ဆေးတာ။ အခွန်တွေ လာကောက်တာရှိတယ်” ဟု နမ့်ခမ်းဒေသခံ အမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဝမ်ငွန်အင်ကျေးရွာသည် နမ့်ခမ်း – မိုင်းဝီး ကားလမ်းမကြီးပေါ် ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး သစ်တောများ၊ မူးယစ်များ မကြာခဏ ကားများ၊ ထော်လဂျီများကို လာရောက်စစ်ဆေးပြီး အခွန်များ ကောက်လျက်ရှိကြောင်း နမ့်ခမ်းဒေသခံ တစ်ဦး ကပြောသည်။

“ဝမ်ငွန်အင်ရွာက နမ့်ခမ်း သုဿန် နဲ့နီးတယ်။ နမ့်ခမ်း မိုင်းဝီး ကားလမ်းမကြီးမှာ ခုလိုအခြေနေက သူများ ည ခရီးသိပ်မထွက်ဘူး။ မနက်မိုးလင်းမှ သေသွားတဲ့သူတွေရှိတယ်ဆိုတာ သူများတွေ သိကြတာ” ဟု နမ့်ခမ်းဒေသခံ တစ်ဦးကပြောသည်။

နမ့်ခမ်းမြို့နယ်သည် တိုင်းရင်းသားလက်နက်ကိုင်အများအပြား လှုပ်ရှားရာ နယ်မြေဖြစ်ပြီး မကြာခဏ ပစ်ခတ်မှုများလည်း ရှိသည့် နေရာဒေသဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article