စိတ်ဒဏ်ရာ

“ဒေသကာကွယ်ရေးတပ် PDF ဟု စွပ်စွဲကာ ဧပြီလ ၁၉ ရက်နေ့က ပဲရင်းတောင်ကျေးရွာသား ဓနုလူမျိုး ၉ ဦးကို စစ်တပ်က အကြမ်းဖက် ညှဉ်းပန်း သတ်ဖြတ်” လေပြီ။


တခါတရံ ထွက်ပေါ်လာသည့် ကားနှင့် ဆိုင်ကယ်သံမှ အပ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်နေသည်။ ညမထွက်ရ အမိန့် နှင့် လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် ရွာအတွင်း ငြိမ်သက်နေပြီး အများစု အိပ်ယာဝင်နေပြီ ဖြစ်သည်။

မတ်လ ၂၀ ရက်နေ့ ည ၁၀ နာရီ ဝန်းကျင်တွင် တိတ်ဆိတ် ငြိမ်သက်မှုကို ရုတ်တရက် ဖြိုခွင်းလိုက်သည့် အော်ဟစ်သံများ သေနတ် ပစ်ခတ်သံများ ဆူညံစွာ ထွက်ပေါ်လာသည်။ ယင်းနောက် နေအိမ်တချို့၊ ကားနှင့် ဆိုင်ကယ် မီးလောင်မှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သည်။ စစ်တပ် သတင်းပေးဟု နာမည်ထွက်နေသည့် ဦးစိုးမြင့် ၏ နေအိမ် တိုက်ခိုက် ခံရပြီးနောက် ပစ်ခတ်သံများ အဆက်မပြတ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

စစ်ကောင်စီမှ ပြည်သူ့နေအိမ်ကို မီးရှို့ဖျက်စီးထားပုံ

အစဉ်အဆက် ငြိမ်းချမ်းခဲ့သည့် ပဲရင်းတောင် ရွာသူရွာသားများ ရုတ်တရက်ပင် ထင်မှတ်မထားသည့် အဖြစ်အပျက်ကို ကြုံတွေ့လိုက်ရသည်။


“မီးရှို့တော့ အိမ်က ပြာကျသွားတယ်၊ ရွာထဲရှိနေတဲ့ စစ်သားတွေဆီက ပစ်ခတ်သံတွေ ထွက်လာတယ်၊ ပစ်ခတ်မှုက နာရီဝက်ကျော်ကျော် လောက်ရှိမယ်၊ ဦးစိုးမြင့်က သေသွားတယ်၊ သူ့မိသားစုဝင် တချို့ ဒဏ်ရာရတာ ရှိတယ်” ဟု ရွာခံ အမျိုးသမီးက ပြောသည်။

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်သည် စစ်အာဏာသိမ်းမှုနှင့်အတူ စစ်မီးတောက်မည့် လက္ခဏာများ ပေါ်ပေါက်လာသည်မှာ လအနည်းငယ် ရှိနေပြီဖြစ်သည်။ အောင်ပန်း- ရွာငံ ကားလမ်းမပေါ် ရွာငံမြို့နယ်အတွင်း ပါဝင်သည့် ပဲရင်းတောင်ကျေးရွာသည် သျှမ်းပြည်တောင်ပိုင်း၏ စီးပွားရေးမြို့ အောင်ပန်း နှင့် ၁၈ မိုင်ခန့်သာ ကွာဝေးသည့် ကျေးရွာ ဖြစ်သည်။

“ရုတ်တရက်တော့ ဘာလုပ်ရမှန်းမသိဘူး။ နောက်တော့ အရေးကြီးတာတွေ ထိုးထည့်ပြီး တစ်မိသားစုလုံး ညတွင်းချင်း ထွက်ပြေးရတာပဲ။ ရွာထဲမှာ စစ်တပ်ကလည်း ရှိနေတယ်လေ။ အဖွားက အသက် ၈၀ ရှိပြီ။ သူကြောက်နေတော့ မြန်မြန် ထွက်ရတာပေါ့” ဟု ယင်းညတွင် ကြုံတွေ့ခဲ့ရသည်များကို အသက် ၄၀ အရွယ် ဒေါ်မီးငယ် (အမည်လွှဲ) က ပြန်ပြောပြသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ရွာငံမြို့နယ်အတွင်း ဒေသကာကွယ်ရေး တပ်ဖွဲ့များ၏ တိုက်ခိုက်မှုများ စတင် ပေါ်ပေါက်လာပြီး နောက်ပိုင်း ယခုနှစ်စပိုင်းမှ စတင်ကာ တိုက်ခိုက်မှုများ ပိုမို ကျယ်ပြန့်လာကြောင်း ပင်းတယမြို့နယ်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။

စစ်ကောင်စီမှ ဒေသခံ ပြည်သူအိမ်များ မီးရှို့ဖျက်စီးထားပုံ

“ရွာငံနဲ့ ပင်းတယက တစ်ဆက်ထဲလေ။ အရင်က ရွာငံဘက်က စတာ။ အခုက ပင်းတယ ဘက်မှာလည်း စစ်တပ်ကို ပြန်ချတာ၊ ဒလန်ရှင်းတာ၊ မိုင်တဲ တာဝါတိုင် ဖောက်ခွဲတာတွေ ဖြစ်လာတယ်။ အဲလို ဖြစ်လာရင် စစ်တပ်က ရွာတွေကိုဝင်ပြီး ဖမ်းဆီးတာတွေ လုပ်တော့ တချို့ရွာကသူတွေ ပြေးလိုက်၊ ငြိမ်ရင် ပြန်လာလိုက် အဲလိုတွေ ဖြစ်နေတယ်” ဟု ၎င်းက ရှင်းပြသည်။

ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့ နံနက်တွင် ရွာငံမြို့နယ် တောင်ဦးကျေးရွာတောင်ဘက်ရှိ ဓနုဒေသ ပူးပေါင်းတပ်ဖွဲ့ PDF အခြေစိုက်စခန်းကို နံနက် ၈ နာရီမှစပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ PDF နှစ်ဦး ကျဆုံးပြီး တစ်ဦးက ဦးခေါင်းဒဏ်ရာရရှိကာ ကျန်သည့် တစ်ဦးက စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရကြောင်း သိရသည်။

ဧပြီလ ၂၀ ရက်နေ့တွင် နဘန်းကြီးကျေးရွာ အနောက်ဘက် တောင် ကြားသို့ အင်အားအများအပြားသုံးပြီး ထိုးစစ်ဆင်ကာ PDF စခန်းတစ်ခုကို သိမ်းပိုက်လိုက်ကြောင်း ကုန်းကြောင်း သာမကဘဲ ရာသီဥတု ဆိုးရွားနေသည့်ကြားမှ တိုက်လေယာဉ်သုံးစင်းဖြင့် ထိုးစစ်ဆင်နေခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ဘာမှ အပြစ်မရှိလည်း ဖမ်းနေကြတယ် ဆိုတော့ ပဲရင်းတောင်ကျေးရွာမှ မဟုတ်ဘူး ရွာငံမြို့နယ် နေရာ တော်တော်များများမှာ ကြောက်ပြီး ရွာသားတချို့က တောထဲ ရှောင်ပုန်းနေရတာမျိုးရှိတယ်၊ ပဲရင်းတောင်က ရွာသားတွေကတော့ တိုက်ပွဲတွေ ဖြစ်လာမှာကို ကြောက်လို့ ရွာထဲ ပြန်မဝင်ရဲဘူး” ဟု ရွာခံလူငယ်က ပြောသည်။

စစ်ကောင်စီမှ ဒေသခံ ပြည်သူအိမ်များ မီးရှို့ဖျက်စီးထားပုံ

ထို့အပြင် တခြား တိုက်ခိုက်မှု ဖြစ်စဉ်များ ဓနုဒေသ အတွင်း ဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုများကြောင့် ဒေသခံများ ထိတ်လန့်နေရကြောင်း ဆိုသည်။

“ဒါမျိုး တခါမှ မကြုံဖူးတော့ ဒေသခံတွေ ကြောက်ကြတယ်၊ စစ်သားမြင်ရင် တုန်နေတာမျိုး အထိ ကြောက်ကြတာတွေ ရှိတယ်၊ အိပ်မပျော်တဲ့ ညတွေများလာတယ်၊ လူငယ်တွေက ခံပြင်းတယ်၊ ဒေါသထွက်တယ်။ သူတို့ သူငယ်ချင်းတွေ ပြေးလွှားနေရတာ သေကြရတာကို နာကျည်းကြတယ်၊ ပြန်ချမယ် ဆိုတာတွေ များလာတယ်။ ဓနု လူကြီးတွေကလည်း အားကိုးလို့ မရတော့ သက်ကြီးပိုင်းကတော့ အားကိုးရာ မဲ့သလို ခံစားနေကြရတာပေါ့” ဟု ဒေသတွင်း နိုင်ငံရေးနှင့် နီးစပ်သည့် ဒေါ်မီးငယ်က ပြောပြသည်။

အမျိုးဘာသာ သာသနာ ဆိုသည့် ဘာသာရေးမှိုင်းကြောင့် ဘာသာရေး ကိုင်းရှိုင်းသည့် ဓနုလူမျိုးများ အနေဖြင့် ခေတ်အဆက်ဆက် အဖိနှိပ် ခံခဲ့ရသော်လည်း လက်နက်ကိုင် တော်လှန်ရေး မပြုလုပ်ခဲ့ကြကြောင်း ဓနုခေါင်းဆောင်များ အနေဖြင့်လည်း ဘာသာရေးကို အကြောင်းပြုပြီး လူငယ်များ၏ တော်လှန်လိုစိတ်ကို ချိုးနှိမ်ကြောင်း ၎င်းကထောက်ပြသည်။

“အမျိုး မပျောက်ဖို့ ဘာသာမပျောက်ဖို့ သာသနာ မပျောက်ဖို့ဆိုတာက လူကြီးတွေ အမြဲပြောတဲ့စကား၊ စစ်တပ်က ဝါဒမှိုင်းကို သူတို့က ပြန်ဖြန့်တာ၊ အောင်ပန်း ဆန္ဒပြပွဲတွေမှာ လူငယ်တွေ ပစ်သတ်ခံရတာ ကျနော်တို့ လူငယ်တွေကို ဖမ်းဆီးတာတွေ ပြေးနေရတာတွေကို စိတ်နာတယ်” ဟု ပဲရင်းတောင်ကျေးရွာနေ လူငယ် တစ်ဦးက ပြောသည်။

လက်ရှိ စစ်တပ်၏ အကြမ်းဖက်မှုများ ဓနုဒေသတွင်း လူငယ်များ၏ နာကျည်းချက်များ ပိုမိုများပြားလာပြီး ဖြစ်သည့် နည်းလမ်းဖြင့် စစ်ကောင်စီအား တော်လှန်ရန် ပြင်ဆင်နေမှုများကြောင့် စစ်ကောင်စီက ပိုမို အကြမ်းဖက် နှိမ်နင်းလာခြင်း ဖြစ်ကြောင်း ဒေါ်မီးငယ်က သုံးသပ်သည်။

“သားနှစ်ယောက်ကို မနည်း ထိန်းနေရတယ်။ သူတို့ သူငယ်ချင်းတွေ သေနေတာ ပြေးနေရတာ ကြားနေရလို့ သူတို့ နာကျည်းချက် ပိုပိုဆိုးလာတယ်။ အခု ထွန်ယက်စိုက်ပျိုးရမယ့် အချိန် အဲဒါတွေ သူတို့ စိတ်မဝင်စားတော့ဘူး။ ရွာကနေ ရှောင်နေရတော့ ပိုဆိုးတာပေါ့။ လူကြီးတွေကတော့ အကြောက်တရားနဲ့ စိုက်ပျိုးမရလို့ ငတ်မှာ စိုးရိမ်တယ်၊ လူငယ်တွေက စိတ်နာနေတယ်၊ စိတ်ဒဏ်ရာ ကိုယ်စီနဲ့” ဟု အရွယ်ရောက်ပြီး သားနှစ်ဦး မိခင် ဒေါ်မီးငယ်က ဆိုသည်။

ရွာငံဒေသခံများ၏ စိုက်ခင်းများ

တိုက်ခိုက်မှုများပြား လာမှုကြောင့် ဓနုဒေသ ရွာငံနှင့် ပင်းတယတွင် စစ်တပ် လက်အောက်ခံ ဓနုစစ်တပ် (Danu Army) အဖြစ် ဖွဲ့စည်းရန် ကျေးရွာများတွင် လူစုဆောင်းမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“သူတို့က အိမ်ကြက်ချင်း အိုးမဲသုတ်ခွပ်ဖို့ လုပ်နေတာ။ ဓနုတပ်ဆိုတာ တကယ်တော့ ပျူစောထီးပဲပေါ့။ အဲဒါဖွဲ့ဖို့ ဓနု လူကြီးအချို့ကိုယ်တိုင် လိုက်စည်းရုံးနေတာ၊ ဘယ်လောက် စိတ်နာစရာ ကောင်းလဲ၊ ကိုယ်လူမျိုးချင်း ပြန်သတ်ဖို့ သူတို့က အားပေးနေတယ်” ဟု ပင်းတယမြို့ခံက ဆိုသည်။

လက်ရှိ ဒေသတွင်း တိုက်ခိုက်မှု ဖြစ်စဉ်များ ပိုမို ကျယ်ပြန့်လာသည့် နည်းတူ စစ်တပ်၏ ရမ်းသန်း ပစ်ခတ်မှုများ၊ ဖမ်းဆီးမှုများ နေအိမ်မီးရှို့မှုများ ပိုမိုများပြား လာပြီး ပိုမို ရက်စက် ကြမ်းကြုတ်လာမှုသည် တစ်ဖက်တွင်လည်း ဒေသခံများ၏ တော်လှန်လိုစိတ်ကို ဆွပေးသလို ဖြစ်နေကြောင်း ဒေါ်မီးငယ်က သုံးသပ်သည်။

“အခု နေ့စဉ် ဖမ်းတာဆီးတာ အိမ်မီးရှို့တာတွေ စိပ်လာတယ်၊ ဖြတ်သွား ဖြတ်လာတွေကို စစ်ဆေးပြီး ငွေတောင်းတာ ဖုန်းသိမ်းတာတွေ ရိုက်နှက်တာတွေ များလာတယ်။ သီးနှံသယ်တာတောင် ပါတာတွေကို ပေးနေရတော့ လူငယ်တွေက ခံပြင်းလာတယ်၊ သူတို့ ဘယ်လို လုပ်လုပ် အခြေအနေက ပိုဆိုးလာဖို့ပဲ ရှိတယ်” ဟု ၎င်းကရှင်းပြသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲ သုံးကြိမ်လုံး ဓနုဒေသတွင်း ဓနုပါတီများ အနိုင်မရခဲ့ခြင်းသည် ဓနုလူမျိုးစု ခေါင်းဆောင်များ၏ ဦးဆောင်မှု အပေါ် မေးခွန်းထုတ်ဖွယ် ဖြစ်နေပြီး ယခု စစ်တပ်က ထင်သလို ရမ်းကား သောင်းကျန်းနေမှုများကို တားဆီးခြင်း မရှိဘဲ စစ်တပ် အလိုကျ ပျူစောထီးဖွဲ့စည်းရန် ဦးဆောင်နေသဖြင့် ပြည်သူများ အားကိုးရာ မဲ့သလို ခံစားနေရကြောင်း ပင်းတယမြို့ခံက ဆိုသည်။

စစ်ကောင်စီမှ ဒေသခံ ပြည်သူအိမ်များ မီးရှို့ဖျက်စီးထားပုံ

နောက်ဆုံးရရှိသည့် သတင်းများအရ ဓနုဒေသတွင် စစ်တပ်၏ အကြမ်းဖက်မှုများ ပိုမိုဆိုးဝါးလာသည့် နည်းတူ လူငယ်များ၏ နာကျည်းစိတ်ဖြင့် တော်လှန်မှုများလည်း ပိုမို အားကောင်းလာသည်ကို တွေ့ရသည်။

“အပြစ်မဲ့တဲ့ ကျမတို့ ရွာသားတွေကို သတ်နေပြီ၊ အခု မတော်လှန်ရင် ကျမတို့ အမျိုးသမီးတွေ လူငယ်တွေသာမက ဓနုလူမျိုးတွေရဲ့ အနာဂတ် ပျောက်သွားမယ်။ နောင်မျိုးဆက်တွေ ဖိနှိပ်ခံရမယ်၊ စိတ်ဒဏ်ရာတွေနဲ့ ရှင်သန်ရတော့မယ်၊ ပစ္စည်း ဥစ္စာက ပြန်ရှာလို့ရတယ် အနာဂတ် ပျောက်တာက ဘယ်တော့မှ ပြန်ရတော့မှာမဟုတ်ဘူး။ ကျမတို့ အမျိုးသမီးတွေ လူငယ်တွေ ဦးဆောင်ပြီး ဓနုဒေသ လွတ်မြောက်ဖို့ လူငယ်တွေ ဦးဆောင် တော်လှန်မှ ရတော့မယ်” ဟု ဒေါ်မီးငယ်က ဆော်သြသည်။

သတ်ဖြတ်ခံရသူများ စာရင်း။`။ ပဲရင်းတောင်ကျေးရွာနေ ကိုတင်ဖေ (အသက် ၄၈ နှစ်)၊ ကိုလှစိုး (အသက် ၃၀ နှစ်)၊ ကိုထွန်းဦး (အသက် ၄၃ နှစ်)၊ မောင်သက်အောင် ( အသက် ၃၇ နှစ်)၊ ကိုမျိုးထွေး (အသက်၂၇ နှစ်) ၊ ကိုဝင်းနိုင် (အသက် ၅၀ နှစ်)၊ ကိုဗထူး၊ ကိုလှရွှေ နှင့် ကိုဖိုးပြောင် တို့ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်တပ်က တွေ့သမျှ ဒေသခံများကို ဖမ်းဆီးရိုက်နှက်နေ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်ကော်မရှင်တပ်က ဒေသခံများကို တွေ့သမျှ ဖမ်းဆီးရိုက်နှက်မှုပြုလုပ်သဖြင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၂) ရက် နေ့လည်ပိုင်းတွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာ အုပ်စု ဆင်ဆာပြားကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ရွာငံနှင့် ပင်းတယတွင် ဇွန်လအတွင်း အမျိုးသား သုံးဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တွင် ဇွန်လအတွင်း အမျိုးသားသုံးဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွာငံနှင့် ပင်းတယတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးနှင့် အရပ်သားများ မကြာခဏ သတ်ခံနေရကြောင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ပထမပတ်တွင် ရွာငံမြို့နယ် မြိုင်ကျေးရွာမှ ပျူစောထီး တစ်ဦးကို အမည်မသိလက်နက်ကိုင် အဖွဲ့မှ လာရောက်သတ်ဖြတ်ခဲ့ပြီး အလားတူ...

ပင်းတယတွင် အုပ်ချုပ်ရေးမှူး တစ်ဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် စံသီးကုန်း‌ကျေးရွာတွင် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန် (၁၃)ရက် ညတွင် စံသီးကုန်းကျေးရွာနေ အသက် (၄၀)ကျော်အရွယ်ရှိ အုပ်ချုပ်ရေးမှူး ဦးကျော်ဇော ဆိုသူကို အမည်မသိ အဖွဲ့တဖွဲ့က လာရောက်သတ်ဖြတ်သွာခဲ့ကြောင်း ပင်းတယမြို့ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့် ကို...

သျှမ်းတောင် ဂေါ်ဖီထုတ်ဈေးမရ၊ စိုက်ခင်းရှင်းလင်းရသည့်အထိဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ‌ပင်းတယမြို့နယ် ရွာငံမြို့နယ် အောင်ပန်းမြို့နှငိ့ ပင်လောင်းဒေသဘက်များတွင် ဂေါ်ဖီထုတ် ဈေးနှုန်းကျဆင်းပြီး တောင်သူများ အရှုံးပေါ်ကာ စိုက်ခင်းများရှင်းလင်းရသည့်အဆင့်ထိရောက်ရှိနေကြောင်း သတင်း ရရှိသည်။ သျှမ်းတောင်တွင် ဂေါ်ဖီထုတ်၊ ခရမ်းချဉ်သီး ၊ပန်းဂေါ်ဖီ၊ မုန်ညင်းထုတ်အပါအဝင် ပြောင်းစသည့် ကုန်စိမ်းသီးနှံများကို များကို အဓိကစိုက်ပျိူးကာ ပြည်မနှင့်အခြားပြည်နယ်သို့ တင်ပို့ရောင်းချ အသက်မွေးဝမ်းကျောင်းပြုကြသည်။ ယခု မိုးဦးကျရာသီ...