သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ကလောမြို့နယ်ဘက်တွင် တောင်သူအများစုသည် တရုတ်နှင့် စာချုပ်ချုုပ်၍ မာရီဂိုးလ်ပန်းများ စိုက်ပျိုးလာကြပြီး အရှုံးပေါ်လျှင် ပြန်လည်လျှော် ပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သျှမ်းတောင်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသဖြစ်ပြီး ပြောင်း၊ မုန့်ညင်း၊ ဂေါ်ဖီနှင့် တခြားသော ေရတိုသီးနှံများကို အများဆုံးစိုက်ပျိုးကြသည်။
ထိုသို့ ရေတိုသီးနှံများအပြင် တရုတ်ပွဲစားများက မျိုးစေ့ချပေးသော မာရီဂိုးလ်ပန်းများကို ယခုနှစ်တွင် တောင်သူ အများပြားစိုက်ပျိုးလာကြသည်။
မာရီဂိုလ်းပန်းများသည် အရင်းနှီးမများသောကြောင့် စိုက်ပျိုးသူများလာပြီး တရုတ်ပွဲစားများဖြင့် စာချုပ်ချုပ်၍ စိုက်ပျိုးကြကြောင်း ပင်းတယဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“တရုတ်က မျိုးစေ့ဖိုး တစ်ဧကကို တသိန်းကျပ် ချေးပေးတယ်။ ဓာတ်မြေသြဇာဆေးဖိုးက တဧက ကို တသိန်းကျပ်ကုန်တယ်။ အလုပ်သမားခကကိုယ့်ဘာသာကိုယ်လုပ်နေတော့ မကုန်လိုက်ဘူး။ မြေကောင်းမှ ပန်းအပွင့် ထွက်တာ မြေမကောင်းရင်ရှုံးတယ်။” ဟု ပင်းတယ စိုက်ပျိုးတောင်သူတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
အဆိုပါ မာရီဂိုးလ်ပန်းပွင့်များကို တရုတ်ပွဲစားများထံသာ ရောင်းချရကြောင်း၊ မည်သည့်အခြားတဉီးတယောက်ကိုမျှ ရောင်းခွင့်မပြုကြောင်းလည်း ၎င်းကဆိုသည်။
မာရီဂိုးလ်ပန်းများ တဧက စိုက်ပျိုးလျှင် ပိဿာချန် (၄၀၀၀)ကျော်အထိ အထွက်နှုန်းရှိကြောင်း၊ တပိဿလျှင် ကျပ်(၇၀၀)ရရှိသော်လည်း ပန်းရောင်းပြီး (၈)ရက်အကြာ ငွေထုတ်ပေးသောကြောင်း အဆင်မပြေမှုများရှိကြောင်းလည်ညး စိုက်ပျိုးတောင်သူများက ဆိုပြန်သည်။

အဆိုပါ မာရီဂိုးလ် ပန်းများစိုက်ပျိုးလျှင် အချိန်နှစ်လခွဲကြာတွင် ခူးယူ၍ ရသောကြောင့် အချိန်ကာလ ကြာရှည် စောင့်ဆိုင်းစရာမလိုသောကြောင့် တောင်သူများအတွက် ငွေအမြန်ရရှိနေသည်ဟု တောင်သူများထံမှ သိရသည်။
“အချိန်က နှစ်လခွဲ ပေးရင် ပန်းကခူးရပြီလေ ငွေအမြန်ရတာပေါ့၊ အဲဒီပန်းကို တရုတ်တွေက ဘာလုပ်တာလဲတော့မသိဘူး။ အမျိုးမျိုးပြောကြတာပဲ တစ်ချို့က ရေမွှေးထုတ်တာ၊ သနပ်ခါးထုတ်တာ ဘာညာနဲ့ ဘယ်သူမှ သေချာမသိဘူး ပိုက်ဆံရလို့သာ စိုက်နေကြတာ၊ ပန်းစက်ရုံနားမှာဆို အနံတောင် မခံနိုင်ဘူး အရမ်းနံတာ။”ဟု ကလောဒေသခံ စိုက်ပျိုးတောင်သူ အမျိုးသားတစ်ဦးက ပြောသည်။
ထို့အပြင် မာရီဂိုးလ်ပန်းများကို ယခင် ၂၀၂၅ ခုနှစ်တွင် တစ်ပိဿလျှင် ကျပ် (၆၀၀)သာ ရရှိခဲ့ပြီး ယခု ၂၀၂၆ ခုနှစ်တွင် ကျပ် (၇၀၀)အထိ တိုးလာသောကြောင့် အိမ်တိုင်းနီးပါး စိုက်ပျိုးလာကြ သည်ဟု အဆိုပါ အမျိုးသားက ပြောသည်။
မာရီဂိုးလ်ပန်းစက်ရုံသည် ပင်းတယမြို့နယ် ပွေးလှကျေးရွာနှင့် တောင်ကြီးမြို့နယ် ရေပူကျေးရွာ၊ တောင်နီကျေးရွာဘက်တွင် ရှိသည်ဟု သိရသည်။













Leave a Comments