သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တီကျစ်ဒေသ ၊နောင်မွန်ရွာတွင် ဈေးရောင်းသူ ဟန်ဆောင်၍ ပစ္စည်းလုယူသည့် အဖွဲ့အား ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၂)ရက်တွင် နောင်မွန်ကျေးရွာသို့ ပစ္စည်းများဈေးလျှော့ ရောင်းပေးသူဟုဆိုကာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးသည် ဒေသခံများ၏ နေအိမ်နှင့် ခြံတဲအထိ လိုက်လံဈေးရာင်းကာ တို့ဆေးသုံး၍ ပစ္စည်းများ လုယက်သည့် အဖွဲ့ကို ဒေသခံများ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရသည်။
“ဘာပစ္စည်း ထွေထွေထူးထူးမှ မပါဘူး၊ ဟန်ပြပဲပါတာ၊ မိုးကာတို့ ဆပ်ပြာဗူးလား ဘာလားမသိဘူး၊ ပြီးရင် မီးသီးတို့ပါတယ် ဒေသခံတွေရဲ့ ရိုးသားမှုကို အခွင့်ကောင်းယူပြီး လိမ်လည် လုယက်ကြတာ၊ ရွာထဲမှာတော့ ပစ္စည်းတွေ ပါမသွားဘူး လူစိမ်းတွေဆိုတာ သိလို့ အကုန်ဝိုင်းဖမ်းလိုက်တာ။”ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ ဖမ်းဆီးခံရသော အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၂)ဦးမှာ မန္တလေးတိုင်းဘက်မှ လာသူများဖြစ်ကြပြီး ယခုကဲ့သို့ လိမ်လည် လုယက်နေသည်မှာ (၅)လနီးပါး ရှိပြီဖြစ်သည်ဟု သိရကြောင်း ၎င်းက ပြောသည်။
ဖမ်းဆီးခံရသူများကို သက်ဆိုင်ရာ ရဲဌာနသို့ အပ်နှံခဲ့ပြီး ဒေသခံများကို သွားသတိ လာသတိရှိပြီး လူစိမ်းဆိုလျှင် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ တိုင်ကြားအသိပေးရမည်ဟု မှာကြားထားကြောင်း သိရသည်။
ထို့အပြင် ပြီးခဲ့သည့် ဧပြီလ အစတွင်လည်း ပင်လောင်းမြို့နယ် ကျေးရွာဘက်တွင် အဆိုပါ လူအုပ်စုမှ ထီရောင်းဟန်ဆောင်၍ တို့ဆေးသုံးပြီး နားကပ်နှင့် ဆွဲကြိုးအပါဝင် ငွေသား သိန်း(၂၀)နီးပါး လိမ်လည် လုယက်ခံရကြောင်း သိရသည်။

“နောက်ဆို လူစိမ်းတွေ ပေးမဝင်တာ အကောင်းဆုံးပဲ၊ ကျနော်တို့ရွာဆိုလည်း ထီရောင်းတယ်ဆိုပြီး အိမ်ထဲဝင်လာတာ သူတို့က တို့ဆေးနဲ့ လုပ်ပြီး အမေ့ရဲ့ နားကပ်တွေ၊ ဆွဲကြိုးတွေ ပိုက်ဆံတွေ အကုန်ယူသွားတာ၊ တို့ဆေးပြယ်မှ အကုန်ပါသွားပြီဆိုတာ သိရတယ်။”ဟု ပင်လောင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ကျေးရွာအတွင်းသို့ လူစိမ်းများလာလျှင် အလွယ်တကူ လက်မခံသင့်ကြောင်းနှင့် လူလိမ်အုပ်စုများသည် သက်ကြီး ရွယ်အိုနှင့် အမျိုးသမီးနှင့် ကလေးရှိသည့် အိမ်ကို ပစ်မှတ်ထား၍ တို့ဆေးသုံးလုယက် နေကြောင်း အဆိုပါ အမျိုးသားက ဆက်ပြောသည်။
မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှု အားနည်းလာသည်နှင့် နည်းအမျိုးမျိုးဖြင့် ခိုးဆိုးလုယက်သူများ ပေါများလာနေသည်။ အများစုမှာ အလုပ်ကိုင်အခွင့်လမ်း နည်းပါးခြင်းနှင့် ငွေရရှိနိုင်သည့် အလွယ်နည်းလမ်းကို လိုက်သူများနှင့် စလော့ဂိမ်းရှုံး၍ အကြွေးတင်နေသူများ ဖြစ်ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် သတိဝီရိယဖြင့် သွားလာသင့်ပြီး နေအိမ်အတွင်း၌ သက်ကြီးရွယ်အိုများကို တစ်ယောက်တည်း မထားခဲ့သင့်ကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက အကြံပြုပြောထားသည်။
“တို့ဆေး”ဆိုသည်မှာ စိတ်နှင့်လူ မကပ်အောင် ပြုလုပ်နိုင်သော ဓာတုဆေးပစ္စည်းတစ်မျိုးဖြစ်ပြီး ၎င်းဆေးများ၏ အာနိသင်ကို အသုံးပြုပြီး မသမာသူများမှ လုယက်မှုများ၊ ကလေးခိုးမှုများ၊ အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်မှုများ စသည်တို့ကို ကျူးလွန်နေကြသည်။
အဆိုပါ ဆေးများ၏ အမှုန့်များကို ခန္ဓာကိုယ်အတွင်း ထိုးသွင်းခြင်း၊ ရှူရှိုက်မိခြင်း၊ စားသုံးခြင်း၊ မြိုချမိခြင်းတို့ကြောင့် မိမိစိတ်မှာ ခန္ဓာကိုယ်မှ ထွက်ခွာသွားသလို ခံစားရခြင်း၊ နာကျင်မှန်း မသိတော့ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အသိနှင့်သတိ မကပ်ခြင်း၊ ဖြစ်စဉ်များကို မမှတ်မိတော့ခြင်း၊ ခန္ဓာကိုယ် လေးလံထိုင်းမှိုင်းခြင်း၊ အာလေးလျှာလေးဖြစ်ခြင်း၊ သွေးပေါင်ချိန်တက်ခြင်း၊ နှလုံးခုန်မြန်လာခြင်း စသည့် လက္ခဏာရပ်တို့ ဖြစ်စေနိုင်သည်။













Leave a Comments