Thursday, April 25, 2024

ကျယ်ပြန့်လာတဲ့ တိုက်ပွဲနဲ့ မြေမြုပ်မိုင်းဒဏ်ကို ခါးစည်းခံနေရသူများ

Must read

“ပေါက်ကွဲပြီးတော့ ကျမလည်း သတိမေ့သွားတာ၊ ဘယ်လောက်ကြာသွားမှန်း မသိဘူး၊ သတိပြန်ရလာတော့ မူးနေသေးတယ်၊ ဘေးမှာ ညီမလေးက သတိမရသေးဘူး၊ သူ့ကို နိုးရတယ်၊ ညီမလေးက သွေးတွေ အများကြီးပဲ” လို့ မိုင်းထိတဲ့ နေ့ရက်က အကြောင်းကို နန်းမိုခေါင်က ပြန်ပြောပြနေပါတယ်။

ရပ်စောက်မြို့နယ်အတွင်း မိုင်းနင်းမိခဲ့တဲ့ အမျိုးသမီးငယ်

နန်းမိုခေါင်တို့ ညီအစ်မနှစ်ယောက်လုံးဟာ ယခုနှစ်ဆန်းပိုင်းဖြစ်တဲ့ ဖေဖော်၀ါရီ ၁၂ ရက်မှာ မြေမြုပ်မိုင်း နင်းမိခဲ့ပါတယ်။

သူတို့ နေထိုင်တဲ့ သျှမ်းတောင် ရပ်စောက်မြို့နယ်ထဲမှာ မြေမြုပ်မိုင်းဒဏ်ကို တကြိမ်တခါမျှ မကြုံခဲ့ဖူးတဲ့အတွက် နန်းမိုခေါင်တို့ညီအစ်မ နှစ်ယောက်စလုံး ထိတ်လန့် ကြောက်ရွံနေကြပါတယ်။

အဲ့နေ့က ရပ်စောက်မြို့နယ် ကျောက်ဂူတိုက်နယ် နောင်ဝိုးကျေးရွာမှာနေတဲ့ ညီမဖြစ်သူက ပန်ဟိုင်းရွာမှာနေတဲ့ အစ်မဖြစ်သူကို ဆိုင်ကယ်နဲ့ သွားခေါ်တဲ့အချိန် အပြန်လမ်းမှာ မိုင်းနင်းမိခဲ့ပြီး ဒဏ်ရာတော်တာ်ပြင်းထန်ခဲ့ပြီး သတိမေ့တဲ့အဆင့်ထိ ရောက်ခဲ့ပါတယ်။

မိုင်းနင်းမိတဲ့နေရာဟာ မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုနဲ့ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့ကြတဲ့ နေရာပတ်ဝန်းကျင် ဖြစ်နေပါတယ်။

တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်တွေအပြင် မြေမြုပ်မိုင်းတွေကိုလည်း အသုံးပြု တိုက်ခိုက်ခဲ့ကြပြီး တိုက်ပွဲတွေ ပြီးဆုံးသွားပေမယ့် ဒေသခံတွေကတော့ မိုင်းအန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့နေရဆဲပါ။

“အဲ့ချိန်က တိုက်ပွဲဖြစ်ပြီးစပဲရှိဦးမယ်၊ တိုက်ပွဲ မဖြစ်ခင်တုန်းကတော့ သွားလာတာများတယ်၊ ကျမလည်း မသိဘူးလေ၊ မိုင်းထောင်ထားမယ်ဆိုတာ မသိဘူး၊ အဲ့ကြောင့် သွားလိုက်တာ၊ သွားတုန်းက ဘာမှ မဖြစ်ဘူး ပြန်လာတဲ့အချိန်မှ ဖြစ်သွားတာ” မိုင်းဒဏ်ခံရတဲ့ နန်းကြာဥ က ပြောပြထားတာပါ။
ရပ်စောက်မြို့နယ် နောင်ဝိုးကျေးရွာနဲ့ ကုန်းသာရွာကြား လမ်းမပေါ် နန်းကြာဥနဲ့ နန်းမိုခေါင် တို့ ညီအစ်မ မောင်းနှင်လာတဲ့ ဆိုင်ကယ်က လက်နက်ကိုင်တပ်တွေ ထောင်ထားတဲ့ မြေမြုပ်မိုင်းကို ကြိတ်မိသလိုဖြစ်ပြီး ပေါက်ကွဲခဲ့တာပါ။

အဲ့ဒီဒေသအနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပြီးစဆိုပေမယ့် အဲ့ဒီလမ်းကို သွားလာတာတွေ မလုပ်ကြဖို့၊ အသိပေးတာ၊ ဟန့်တားတာတွေ မရှိခဲ့ပါဘူး။

ရပ်စောက်မြို့နယ်ထဲ မိုင်းနင်းမိခဲ့တဲ့အမျိုးသား

မိုင်းပေါက်ကွဲမှုကြောင့် အစ်မဖြစ်သူ နန်းမိုခေါင်ဟာ တင်ပါးဆုံနဲ့ ခါးမှာ မိုင်းစ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ညီမဖြစ်သူကတော့ တင်ပါးဆုံ၊ ညာဘက်ပေါင်ရင်းကနေ တံကောက်ကွေးအထိ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့ပါတယ်။

ရပ်စောက်မြို့နယ် ကျောက်ဂူတိုက်နယ်အတွင်း ဖေဖော်ဝါရီလအတွင်းက မိုင်းပေါက်ကွဲမှုအပြင် လက်နက်ကိုင်တပ်တွေ တိုက်ပွဲပြင်းထန်မှုကြောင့် ဒေသခံနေအိမ် ပျက်စီးမှုတွေ၊ ဆောက်လက်စ ဘုန်းကြီးကျောင်းပျက်စီးမှုတွေလည်း ရှိခဲ့ပါတယ်။

ဒါ့အပြင် အခုလို တိုက်ပွဲဖြစ်ပွားမှုကို ဘဝမှာ တစ်ကြိမ်တစ်ခါမှ မကြုံခဲ့ဖူးတဲ့အတွက် အရမ်းကို ကြောက်ရွံ့ထိတ်လန့်ခဲ့ရတယ်လို့ ရပ်စောက်မြို့နယ် ကျောက်ဂူကျေးရွာဒေသခံ စိုင်းအောင်က ဆိုပါတယ်။

“ကျနော် အရမ်းကြောက်တယ်၊ ဘာလို့လဲဆို မွေးလာကတည်းက ခု အသက်ကြီးတဲ့အထိ ၊ ခုဆို အသက် ၂၈ နှစ်ရှိပြီ တိုက်ပွဲဖြစ်တာ တစ်ခါမှ မကြုံဖူးဘူး၊ အရမ်းကြောက်လွန်းလို့ အိမ်ထဲမှာပဲ ပုန်းနေရတယ် ၊ တိတ်တိတ်လေး ပုန်းနေရတာ ၊ အပြင်ကို မထွက်ကြည့်ရဲဘူး၊ ကြောက်လွန်းလို့” လို့ အထိတ်တလန့်ဖြစ်ပြီး နေအိမ်ထဲမှာ ပုန်းခိုခဲ့တဲ့အဖြစ်အပျက်ကို စိုင်းအောင် ပြန်ပြောပြခဲ့တာပါ။

ဖေဖော်ဝါရီလကုန်ပိုင်းမှာ ညီအစ်မ နှစ်ယောက် မိုင်းနင်းမိခဲ့တဲ့ နေရာအနီး ဆိုင်ကယ်စျေးသည် အမျိုးသားတစ်ဦး မိုင်းနင်းမိခဲ့ပြီး ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။

ဒါ့အပြင် မတ်လအတွင်းမှာတော့ ကျောက်ဂူတိုက်နယ် ပန်ခါးကျေးရွာမှ အသက် ၂၇ နှစ်အရွယ်ရှိ ရပ်ရွာ လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ စိုင်းခမ်း ဆိုသူလည်း မိုင်းနင်းမိခဲ့ပြီး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။

ရပ်စောက်မြို့နယ်အတွင်းမှာ အရင်က မကြားဖူးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြားတိုက်ပွဲတွေ မြေမြုပ်မိုင်း ထိခိုက်မှုတွေဟာ ယခုနှစ်ဆန်းပိုင်းကနေစပြီး အကျယ်အပြန့် ကြားလာရပါတယ်။

ဒါ့အပြင် သျှမ်းပြည် တောင်ပိုင်းနဲ့ မြောက်ပိုင်းအစပ် ကျေးသီး၊ မိုင်းကိုင်မြို့နယ်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လပိုင်း ကတည်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိုင်းထိကာ သေဆုံး ဒဏ်ရာရခဲ့တဲ့ ဒေသခံတွေလည်း ရှိခဲ့ပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် မိုင်းကိုင်မြို့နယ်ထဲက ဒေသခံပြည်သူတွေဟာ မိုင်းအန္တရာယ်ကို စိုးရိမ်ကြောက်ရွံ့ နေကြပြီး စားဝတ်နေရေးအတွက် သွားလာလှုပ်ရှားဖို့ပင် ကြောက်ရွံ့နေကြရတယ်လို့ ဆိုပါတယ်။

မိုင်းကိုင်မြို့နယ်မှ အမည်မဖော်လိုတဲ့ လူငယ်အမျိုးသားတစ်ဦးက – “ဖြစ်လာရင် ဘယ်အဖွဲ့မှ မလုပ်ဘူးလို့ပြောတယ်။ လျော်ကြေးတွေ ဘာတွေ လာပေးတာလဲမရှိဘူး။ ဒီရက်ပိုင်းတွင်း မြေမြုပ်မိုင်းနင်းမိပြီး ဆေးရုံရောက်လာတာလည်း ရှိတယ်။ မိုင်းတွေထောင်ထားတာ သူတို့တောင် မမှတ်မိတော့ဘူးထင်တယ်။ ပြန်စဉ်းစားကြည့်ရင် တောတောင်ထဲ မဝင်ဖူးရင် လမ်းတောင်မှားနိုင်သေးတာပဲ” လို့ ပြောပြပါတယ်။

ကျေးသီးမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့နှစ် ဇွန်လကတည်းက လွယ်ဟွန်းတောင်ကြောတလျှောက် တိုင်းရင်းသား လက်နက်ကိုင်တပ်အချင်းချင်း တိုက်ပွဲ ပြင်းထန်ခဲ့ပြီး မိုင်းနင်းမိဒဏ်ရာရသူ (၂)ဦးထက်မနည်း ရှိခဲ့ပါတယ်။

မိုင်းကိုင်ဘက် မိုင်းနင်းမိတဲ့အမျိုးသားပုံ

အဲ့ဒီနောက်ပိုင်း တိုက်ပွဲဟာ လျော့ကျခြင်းမရှိပဲ မိုင်းကိုင်မြို့နယ်ထဲအထိ စစ်မီး ကူးစက်ခဲ့ပြန်ပါတယ်။ စစ်မီး ကူးစက်ခဲ့တဲ့ မိုင်းကိုင်မြို့နယ်ထဲမှာဆိုရင်လည်း မြေမြုပ်မိုင်း နင်းမိပြီး သေဆုံးခဲ့ရတဲ့ ဒေသခံ (၄)ဦးထက်မနည်း ရှိခဲ့ပြီး ပြင်းထန်ဒဏ်ရာ ရရှိသူ အနည်းဆုံး (၇)ဦးထိ ရှိခဲ့ပါတယ်။

လက်လှမ်းမမီတဲ့ တချို့နေရာတွေမှာ မိုင်းပေါက်ကွဲမှုတွေ ရှိခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူဦးရေ ကိုတော့ မသိရပါဘူး။

အခုလို မြေမြုပ်မိုင်းတွေ မကြာခဏပေါက်ကွဲပြီး ထိခိုက်သေဆုံးမှုတွေ ရှိလာတဲ့အတွက် လက်နက်ကိုင်တပ်တွေ အနေနဲ့ မြေမြုပ်မိုင်းတွေကို ပြန်လာဖြုတ်ပေးဖို့ တောင်းဆိုတာတွေလည်း ရှိနေပါတယ်။

“စိုက်ပျိုးရေးလည်း ထိခိုက်တယ်၊ ခြံတွေထဲလည်း မသွားရဲဘူး၊ ထင်းတွေလည်း ခက်ခဲလာတယ်၊ ခုတလော လျှပ်စစ်မီးကလည်း ခဏခဏကို ပျက်နေတာ၊ အဲ့တော့ ဘယ်အဖွဲ့ပဲဖြစ်ဖြစ် မြေမြုပ်မိုင်းတွေကို ပြန်လာ ဖြုတ်ပေးစေချင်တယ်” လို့ မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာမှ အမည်မဖော်လိုတဲ့ အမျိုးသားတစ်ဦးက ဆိုပါတယ်။

မိုင်းနင်းမိခဲ့တဲ့အမျိုးသား

အခုလို တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ အချင်းချင်း တိုက်ပွဲဖြစ်ပွားတဲ့ နေရာဒေသတွေမှာ မြေမြုပ်မိုင်းတွေကို ပြန်လည်ရှင်းပေးဖို့ ဘယ်လိုတွေ ဆောင်ရွက်ဖို့ ရှိလဲ ဆိုတာနဲ့ ပတ်သက်ပြီး သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံ ကို ဆက်သွယ်မေးမြန်းရာမှာတော့ “မြေမြုပ်မိုင်းနဲ့ ပတ်သက်ပြီးတော့ မသိသေးဘူး။ စစ်ရေးပိုင်းနဲ့ သက်ဆိုင်တယ်။ လက်ရှိ အသေးစိတ် အခြေနေ မသိရသေးဘူး။ မြေမြုပ်မိုင်းနဲ့ ပတ်သက်ပြီး ဘာမှ ပြောစရာမရှိသေးဘူး” လို့ ပြန်ဖြေပါတယ်။

ဒါ့အပြင် ဗိုလ်မှူး ခမ်းစံ က မိုင်းကိစ္စနဲ့ ပတ်သက်ရင် တစ်ဘက်ထဲ ကြည့်လို့မရတဲ့အပြင် ပြည်သူတွေ ထိခိုက်ဒဏ်ရာရခဲ့တဲ့ နေရာနဲ့ မိုင်းအမျိုးအစားတွေကို စုံစမ်းကြည့်စေချင်ကြောင်း၊ ဒါမှ ဘယ်အဖွဲ့ ထောင်ထားတဲ့ မိုင်းဆိုတာ သိနိုင်မှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက သျှမ်းသံတော်ဆင့်ကို ဖြေကြားထားဖူးပါတယ်။

သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ မိုင်းကိုင် အပါအဝင် တိုက်ပွဲတွေ ဖြစ်ခဲ့ဖူးတဲ့ နေရာအနီးက ပြည်သူတွေဟာ မြေမြုပ်မိုင်းအန္တရာယ်ကို စိုးရိမ်ထိတ်လန့်နေရပါတယ်။ ဒီအခက်ခဲကို တတ်နိုင်သလောက် ဖြေရှင်းသွားမယ်လို့ သျှမ်းပြည် တိုးတက်ရေးပါတီ၊ သျှမ်းပြည် တပ်မတော် (SSPP/SSA) မှ ဗိုလ်မှူး ဖုန်းဟန် က ပြောပါတယ်။

“အခုတလော မိုင်းကိုင်၊ လဲချားဘက်မှာဆိုရင် ပြည်သူတွေ မသွားရဲတဲ့နေရာ၊ တောင်ယာထဲ၊ ခြံထဲ မသွားရဲတာတွေ၊ မိုင်းရှိလို့ မသွားရဲတဲ့ နေရာတွေဟာလည်း ကျနော်တို့ လုပ်ခဲ့တဲ့နေရာမဟုတ်ဘူး၊ ဒါပေမယ့် ကျနော်တို့ တတ်နိုင်သလောက်၊ ကျနော်တို့ သိတဲ့နေရာ တွေ့ရှိတာတွေကိုတော့ ကျနော်တို့ သွားပြီး ဖြေရှင်းပေးလို့ရတယ်” လို့ ဗိုလ်မှူး ဖုန်းဟန် က ဆိုပါတယ်။

မြေမြုပ်မိုင်းအသုံးပြုမှုကို နိုင်ငံတကာက ပိတ်ပင်တားဆီးထားပေမယ့် မြန်မာနိုင်ငံဟာ မြေမြုပ်မိုင်း အများဆုံး အသုံးပြုတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်နေပါတယ်။

မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့ Landmine Monitor အရ ၂၀၀၀ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အတွင်း မိုင်းဒဏ်ကြောင့် လူ ၅၂၀၀ ကျော် ထိခိုက်ခဲ့ပြီး အဲ့ထဲက သေဆုံးသူ ၉၀၀ ရှိခဲ့တဲ့အပြင် သျှမ်းနဲ့ကချင်ပြည်က အများဆုံး ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာမြေမြှုပ်မိုင်းများတားဆီးရေးလှုပ်ရှားမှု(ICBL)က ဆောင်ရွက်တဲ့ မြေမြှုပ်မိုင်းများစောင့်ကြည့်ရေး အဖွဲ့က ၁၉၉၉ ခုနှစ်ကစပြီး မြန်မာနိုင်ငံရဲ့ မြေမြှုပ်မိုင်းအသုံးပြုမှုကို မှတ်တမ်းတင်ခဲ့ပါတယ်။ ICBLက မြန်မာမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေအားလုံးကို မြေမြှုပ်မိုင်းအသုံးပြုမှုချက်ချင်းရပ်တန့်ဖို့ တောင်းဆိုခဲ့သလို အာဏာပိုင်တွေအနေနဲ့ မြေမြှုပ်မိုင်းနဲ့ တခြားဖောက်ခွဲရေးပစ္စည်းတွေကို နိုင်ငံတကာစံနှုန်းတွေနဲ့အညီ ရှင်းလင်းဖို့အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူညီတွေကို ဟန့်တားထားတာတွေရပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

သျှမ်းပြည်တောင်ပိုင်းမှာ မြေမြုပ်မိုင်းကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှု ရှိနေပေမယ့် မိုင်းအန္တရာယ်နဲ့ ပတ်သက်ပြီး အသိပညာပေးမှုတွေက အားနည်းနေဆဲပါ။

တိုင်းရင်းသားလက်နက်ကိုင် တပ်တွေရဲ့ တိုက်ပွဲဖြစ်ပွားမှုဟာ လက်ရှိမှာ ကျေးသီး၊ မိုင်းကိုင်ကနေ တစ်ဆင့် လဲချား၊ ပင်လုံ ဘက်ထိ ကူးစက်လာပြီး စစ်ရေးတင်းမာနေဆဲ ဖြစ်လို့ ဒေသခံတွေဟာ တိုက်ပွဲအန္တရာယ်၊ မိုင်းအန္တရာယ်ကို စိုးရိမ်ထိတ်လန့်နေကြပါတယ်။

ဖေဖော်ဝါရီလက မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန်ဒဏ်ရာတွေရခဲ့တဲ့ နန်းကြာဥနဲ့နန်းမိုခေါင် ညီအစ်မ နှစ်ယောက်ရဲ့ အနာဂတ်ဟာလည်း ဝေဝါးနေဆဲပါ။

“ခုက ညီမလေးက ပေါင်အကြော ထိထားပြီး ဒဏ်ရာ တော်တော်ပြင်းထန်တယ်လေ။ အရင်လို လုပ်နိုင်တော့မှာ မဟုတ်ဘူး။ ကျမတို့ ညီမနှစ်ယောက် အရင်လို မလုပ်နိုင်တော့ဘူး ဆိုတော့ အလုပ်လုပ်မယ့်သူက မရှိတော့ဘူး၊ အဖေကလည်း အသက်ကြီးနေပြီလေ။ တကယ်ကို ခက်ခဲမှာ။ ဒီလိုတွေက မကြုံဖူးဘူး ဆိုတော့ ခု ဒီလို ကြုံလာရတော့ စိတ်ဓာတ်အရမ်းကျသွားတယ်” လို့ ဆေးဝါးကုသမှု ခံယူနေရဆဲဖြစ်တဲ့ နန်းကြာဥ က ဝမ်းနည်းစွာ ရင်ဖွင့်လာပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article