Monday, May 6, 2024

သျှမ်းလက်နက်ကိုင်များ ပြည်သူများထံ ဆက်ကြေး ပိုကောက်လာ

Must read

သျှမ်းလက်နက်ကိုင်တပ်ဖွဲ့များ နည်းမျိုးစုံဖြင့် ပြည်သူများထံ အခွန် (ဆက်ကြေး) ပိုကောက်လာကြောင်း ဒေသခံများ သတင်းပေးပို့ချက်အရ သိရသည်။

သျှမ်းပြည်တောင်ပိုင်းရှိ ဟိုပုံး – ကျောက်တန်း – ပင်လုံ လမ်းအသစ်မှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ လမ်းသွားလမ်းလာပြည်သူများထံ အခွန်ကောက်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူများက ပြောပြသည်။

“ပြီးခဲ့တဲ့ ဥပုဿ်နေ့မှာ ကျနော်တို့ရွာသားတွေစုပြီး ကတောင်ဘုန်းကြီးကျောင်းကို ဒိုင်နာကားနှစ်စီးနဲ့ ရှေ့ဆင့် နောက်ဆင့် ထွက်လာပါတယ်၊ ကျောက်တန်းရွာ အလွန်နားမှာ လာစောင့်နေတဲ့ RCSS/SSA တပ်သားတွေက ကျနော်တို့ကားကို တားပြီးတော့ ပိုက်ဆံနှစ်သိန်းတောင်းတယ်၊ ကျနော်တို့နောက်က လာတဲ့ကားကတော့ အချိန်မှီ ပြန်လှည့်သွားနိုင်တယ်” ဟု ကိုယ်တိုင်ကြုံတွေ့ ရသည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

RCSS/SSA တပ်သားများသည် ကျောက်တန်းရွာအလွန် တောင်ကြားလမ်းဘေးတွင် ကားဖြင့် စောင့်နေခြင်းဖြစ်ပြီး သေနတ်ကိုယ်စီကိုင်ဆောင်ထားကြောင်း၊ တောင်းသည့်ငွေပဏ မပေးဆောင်ပါက ရှေ့သို့ ဖြတ်သန်းသွားလာ ခွင့်လည်း မပေးသည့်အပြင် နောက်ကြောင်းပြန်လှည့်ဖို့လည်း ခွင့်မပြုကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများက ပြောသည်။

“ကျနော်တို့ကို ပိုက်ဆံနှစ်သိန်းတောင်းတော့ ကျနော်တို့ ဒီလောက်အထိ မပါလာဘူး၊ ဒီလမ်းကိုလည်း ကျနော်တို့ မဖြတ်တော့ဘူး၊ နောက်ကြောင်းပဲ ပြန်လှည့်တော့မယ်လို့ ပြောလည်းမရဘူး၊ နောက်ဆုံး ကားပေါ်ပါတဲ့ အဘိုးအဘွားတွေစီက တစ်ယောက်နည်းနည်းစီစုပြီး သုံးသောင်းပေးပြီးမှ ကျနော်တို့ကို သွားခွင့်ပြုတာ” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

ခရီးသည်နှင့် လမ်းသွားလမ်းလာပြည်သူများက အခွန်ငွေ ပေးဆောင်ပြီးပါက RCSS/SSA တံဆိပ်နှင့် ငွေလက်ခံသူ အမည်လက်မှတ်ပါသည့် ဖြတ်ပိုင်းတစ်ခု ပြန်လည်ပေးအပ်ကြောင်းလည်း သိရသည်။

အထက်ပါ အကြောင်းအရာများနှင့် ပတ်သက်ပြီး RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံကို ဆက်သွယ် မေးမြန်းရာ ၎င်းတို့တပ်ဖွဲ့မှ ကောက်ခံနေခြင်း ဟုတ် မဟုတ် အတည်ပြုပြောဆိုခြင်း မပြုနိုင်သေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီကိစ္စက ဒေသတွင်းတပ်ဖွဲ့ကနေ လုပ်တာဟုတ်မဟုတ် ကျနော်လည်း မသိရသေးဘူး၊ ကျနော်တို့ တပ်ဖွဲ့က အမှန်တကယ် ဟုတ်မဟုတ်ကို အတည်ပြုနိုင်အောင်လည်း ပြည်သူတွေလက်ခံရရှိတဲ့ ဖြတ်ပိုင်းကို ကျနော်တို့ ဌာနချုပ် အီးမေးလ်လိပ်စာအတိုင်းပို့ပေးပါ၊ ကျနော်တို့ အကြောင်းပြန်ပေးပါ့မယ်” ဟု ဗိုလ်မှူး စိုင်းခမ်းစံက ပြောသည်။

အဆိုပါ ဟိုပုံး – ကျောက်တန်း – ပင်လုံလမ်းတွင် ဘိန်းစိုက်ခင်းများရှိနေပြီး ယခင်အချိန်များတွင် ယင်းဒေသအတွင်း သွားလာလှုပ်ရှားသည့် RCSS/SSA တပ်သားများရှိသော်လည်း ယခုလို အခွန်ကောက်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

ထို့နည်းတူ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းလုံမြို့နယ်ခွဲတွင်လည်း သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့တို့မှ ဒေသခံပြည်သူများကို ဆန်တစ်ခွဲဆံ့ အိတ်ပေါင်း ၄၀၀ အိတ် ပေးဆောင်ရန် တောင်းဆို ညွှန်ကြားလာကြောင်း ဒေသခံများထံမှ သတင်းသိရသည်။

“ကျနော်တို့ မြို့မှာ ရပ်ကွက် ၆ ခုရှိပါတယ်၊ နမ့်ပင်ရပ်ကွက်မှာ ၂၀ အိတ်၊ ပေါက်နေ နဲ့ ပေါက်တိုက် ရပ်ကွက်ကို ၄၀ အိတ်၊ ခန္ထီရပ်ကွက် ၂၀ အိတ်နဲ့ ပေါက်ကတ်ရပ်ကွတ်မှာ ၂၀ အိတ် စုစုပေါင်း အိတ်တစ်ရာ တောင်းလာတယ်၊ ကျန်တဲ့ အနီးပတ်ဝန်းကျင်က ရွာတွေတော့ ဘယ်လောက်တောင်းလာမှန်းမသိရဘူး” ဟု မိုင်းလုံမြို့ခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

SSPP/SSA တို့သည် မိုင်းလုံမြို့နယ်ခွဲအတွင်းသို့ ဆန်အိတ်ပေါင်း ၄၀၀ ပေးရန် တောင်းဆိုထားသော်လည်း ဒေသခံများက တောင်းပန်စွာနဲ့ ပြန်လည်ပြောဆိုရာ ၂၈၀ အိတ်ပေးရန် သဘောတူညီချက်ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“၂၀၂၁ ခုနှစ်အတွင်းမှာ ၂၈၀ အိတ်ပေးဖို့ သဘောတူညီမှုရခဲ့ပါတယ်၊ ဒါပေမဲ့ ကျနော်တို့ မိုင်းလုံကနေ ၂၀၀ အိတ် ပဲ ပို့ပေးရသေးတယ်၊ ၂၀၂၁ ခုနှစ်အတွက် နောက်ထပ် ၈၀ အိတ် ကျန်နေသေးတယ်ပေါ့၊ ဒီကျန်နေသေးတဲ့ ၈၀ အိတ်အတွက်ကိုတော့ ပိုက်ဆံနဲ့ပဲပေးဖို့ ပြန်ပြောလာတယ်” ဟု မိုင်းလုံဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

၂၀၂၁ ခုနှစ်အတွက် မိုင်းလုံဒေသခံများ ပေးရန်ကျန်ရှိနေသေးသည့် ဆန်အိတ် ၈၀ ကို တစ်အိတ် ၂၇၀၀၀ ကျပ်ဖြင့် ဈေးတွက်ပြီး အိတ် ၈၀ အတွက် ကျသင့်ငွေများကို ပိုက်ဆံဖြင့် ပေးဆောင်ရန် ပြန်လည်အကြောင်းပြန်လာကြောင်း ဒေသခံများက ပြောသည်။

ယင်းကိစ္စရပ်များနှင့် ပတ်သက်ပြီး SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်ကို မေးမြန်းရန် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။

Leave a Comments

- Advertisement -spot_img

Latest article