Friday, April 19, 2024

ဖက်ဒရယ် ကြွေးကြော်သံကြားက မြေစာပင်များ

Must read

“အခုချိန်က ပြောင်းဖူးချိုး စပါးရိတ်တဲ့ အချိန်လေ။ တချို့က စပါး မရိတ်ရသးဘူး။ အခု စစ်ရှောင်ထဲကဆို ခပ်များများက ပြောင်းဖူး မချိုးရသေးဘူး၊ စပါးလည်း မရိတ်ရသေးဘူး” ဟု စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင် သျှမ်းတော်လှန်ရေး တပ်ဖွဲ့နှင့် မြောက်ပိုင်း မဟာမိတ် တော်လှန်ရေး တပ်ဖွဲ့များကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ယခု ဇန်နဝါရီလအတွင်း စစ်ဘေး ရှောင်နေရသည့် ဒေသခံ အမျိုးသမီးတစ်ဦးက ဒေသတွင်း အခြေအနေကို ပြောပြနေခြင်း ဖြစ်သည်။

မိုင်းကိုင်မြို့နယ် ပန်ကေတုနှင့် ဟမ်းငိုင်းကျေးရွာ အုပ်စုကြားတွင် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့အကြား ၂၀၂၁ ခုနှစ် စက်တင်ဘာလ ဒုတိယ အပတ်ကစပြီး တိုက်ပွဲပြင်းထန်ခဲ့ရာ မကြာခဏ စစ်ဘေးရှောင်နေရကြောင်း ဒေသခံများက ဆိုသည်။

ယခုနှစ် ဇန်နဝါရီလအတွင်း စာရင်းများအရ မိုင်းကိုင်မြို့ပေါ်နှင့် မြို့အနီးတဝိုက် ထွက်ပြေး တိမ်းရှောင်လာသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၇၉၈ စု၊ လူဦးရေ ၂၆၃၅ ရှိကြောင်း စစ်ဘေးရှောင်များအား အကူအညီ ပေးနေသူ တစ်ဦးက ဆိုသည်။
“စစ်ဘေးရှောင်နေရတဲ့ ရွာပေါင်း သုံးဆယ်ကျော်ရှိမယ်” ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိ အချိန်အထိ မိုင်းကိုင်မြို့နယ် တပေါင်းပွဲ ပြုလုပ်သည့် မွေတော်ကွင်းပြင်တွင် စစ်ရှောင်များ နေထိုင်နေရဆဲ ဖြစ်ပြီး ၎င်းတို့ ကျေးရွာများအတွင်း တိုင်းရင်းသား လက်နက်ကိုင်တပ်များ တပ်စွဲထားဆဲဖြစ်ရာ နေရပ်သို့ မပြန်ရဲသေးကြောင်း သိရသည်။

ယင်းစစ်ရှောင်များသည် ဇန်နဝါရီ ၆ ရက်ဝန်းကျင် ကတည်းက ရောက်ရှိလာသူများဖြစ်ပြီး စစ်ရှောင်အချို့ နေရပ်သို့ ပြန်သွားသော်လည်း တချို့ စစ်ရှောင်များအနေဖြင့်မူ ကျေးရွာအတွင်း လက်နက်ကိုင်တပ်များ ရှိနေသေးသဖြင့် နေရပ်သို့ မပြန်ရဲသေးပေ။

လက်ရှိ သီးနှံ ရိတ်သိမ်းချိန် ဖြစ်သောကြောင့် တိုက်ပွဲများ အမြန်ဆုံး ရပ်တန့်ပေးရန်နှင့် လက်နက်ကိုင်များ ရွာမှ ထွက်သွားပေးရန် အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးနေရသည့် စစ်ဘေးရှောင်များက တောင်းဆိုသည်။

တိုက်ပွဲများကြောင့် ရုတ်တရက် ထွက်ပြေးလာရသဖြင့် အိမ်တွင် ကျန်ရှိနေသည့် အိမ်မွေး တိရစ္ဆာန် ကျွဲ၊ နွား၊ ကြက်၊ ဝက်များကို စိတ်ပူနေရကြောင်း စစ်ဘေးရှောင်များက ပြောသည်။

“ကျမတို့ တစ်ရက်လောက် အလုပ်မလုပ်ရရင် တစ်လစာ မစားရတော့ဘူး။ တစ်လ မလုပ်ရရင် တစ်နှစ်လောက် မစားရတော့ဘူး။ လက်ဖက်တွေလည်း ပြန်ခူးရတယ်။ အလုပ်တွေ ပြန်လုပ်ရမယ်” ဟု ဟွေတွေကျေးရွာနေ စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

သျှမ်းပြည်အတွင်း တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြစ်ပွားမှု များပြားလာသည့် အကျိုးဆက် အဖြစ် အရပ်သား ပြည်သူများကို စစ်သားသစ်အဖြစ် အတင်းအကြပ် ခေါ်ယူမှုများ ယခင်ထက် များပြားလာကြောင်း ဒေသခံများက ဆိုသည်။

ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့တိုင်းတွင် တနှစ်တကြိမ် စစ်သားသစ် စုဆောင်းကောက်ယူရန် ပေါ်လစီ ရှိကြောင်း ယင်းသို့ စစ်သားသစ် စုဆောင်းသည့် ကာလတွင် ကျေးရွာများရှိ လူငယ်များ ထွက်ပြေး တိမ်းရှောင်ရလေ့ ရှိကြောင်း ဒေသခံများက ပြောသည်။

ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး (ဝါ) ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး ကြွေးကြော်၍ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲနေကြသော တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံရည်မှန်းချက်သည် စစ်အာဏာရှင်စနစ် ကျဆုံးရေးသာ ဖြစ်သည်။

သို့ဆိုလျက် ဘုံရည်မှန်းချက် တူညီနေသည့် တိုင်းရင်းသား လက်နက်ကိုင်များကြား တိုက်ပွဲများ မကြာခဏ ဖြစ်နေသည်မှာ မေးခွန်းထုတ်ဖွယ်ရာ ဖြစ်သည်။

သမိုင်းအစဉ်အလာအရ သျှမ်းပြည်နယ် ကိုးကန့်နယ်အပါအဝင် ဒေသအလိုက် စော်ဘွားများက နယ် ၃၄ နယ်ခွဲ၍ နယ်အလိုက် လွပ်လွပ်လပ်လပ် အုပ်ချုပ်ခဲ့သည်သာ ဖြစ်သည်။ သို့သော် ယင်းအုပ်ချုပ်ရေး စနစ်သည် ပဒေသရာဇ် စနစ်သာ ဖြစ်သည်။

၁၈၈၅ ခုနှစ် မန္တလေး ရတနာပုံ နေပြည်တော် ကျဆုံးပြီးနောက် ဗမာတစ်ပြည်လုံး ကိုလိုနီ လက်အောက် သွတ်သွင်း ခံခဲ့ရသော်လည်း ၁၈၈၆ နှစ်တွင်မှ ရှမ်းပြည်နယ်သို့ အင်္ဂလိပ်များ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် လွတ်လပ်ရေးရယူသည် အထိ စော်ဘွားနယ် ၃၄ နယ်အား အင်္ဂလိပ်နှင့် ဒွန်တွဲ၍ လွတ်လွတ်လပ်လပ် အုပ်ချုပ်လာခဲ့သည်သာ ဖြစ်သည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်အရ သျှမ်းပြည်နယ်သည် ပြည်မနှင့်အတူ လွပ်လပ်ရေး ရယူခဲ့ပြီး နောက်တွင်မူ ပြည်မတွင် ပေါ်ပေါက်နေသော နိုင်ငံရေး ပြဿနာများသည် သျှမ်းပြည်နယ်အပေါ် စတင်ရိုက်ခတ်လာခဲ့သည်ဟု ဆိုရမည်သာ ဖြစ်သည်။

သျှမ်းပြည်နယ်တွင်း ၁၉၅၂ ခုနှစ်တွင် ကျူးကျော် ဝင်ရောက်လာသည့် တရုတ်ဖြူများအား ဗဟိုအစိုးရ မြန်မာတပ်က ၃ နှစ်ကြာမျှ နဂါးနိုင်စစ်ဆင်ရေး၊ ဘုရင့်နောင်စစ်ဆင်ရေးနှင့် ရန်ကြီးအောင်စစ်ဆင်ရေးများဖြင့် တိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်နေစဉ် စစ်ဆင်ရေး ဒေသများ၌ စစ်အုပ်ချုပ်ရေး ကြေညာပြီး ရှမ်းလူထုကို ဖိနိပ်ခဲ့ရာ ရှမ်းပဒေသရာဇ် စော်ဘွားများ၊ မြို့စားများနှင့် ရှမ်းလူငယ်များက မခံမရပ်နိုင် ဖြစ်ခဲ့ကြသည်။ ယင်းကြောင့် ၁၉၅၄ ခုနှစ်တွင် ၁ ကြိမ်၊ ၁၉၅၇ ခုနှစ်တွင် ၁ ကြိမ်၊ မိုင်းရယ်မြို့တွင် စည်းဝေးလျက် ပင်လုံကတိကဝတ်အတိုင်း ၁၀ နှစ်ပြည့်လျှင် ခွဲထွက်မည်၊ မခွဲထွက်မည် ဆွေးနွေးခဲ့ကြသည်။

ယင်းသို့ ပြည်ထောင်စုမှ ခွဲထွက်မည် မခွဲထွက်မည် အရေး ဗဟိုအစိုးရက ဖြေရှင်းခြင်း မပြုနိုင်သည့်နောက် စစ်အာဏာသိမ်းမှုများ ပေါ်ပေါက်လာခဲ့သည်။ အကျိုးဆက်အဖြစ် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပဒေသရာဇ် စနစ် ချုပ်ငြိမ်းခဲ့ရသည့် နည်းတူ သျှမ်းတော်လှန်ရေး အားကောင်းစေရန် မီးထိုးပေးခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။

ဆိုလိုသည်မှာ မြန်မာစစ်တပ်၏ ဖိနှိပ်မှုကြောင့် သန္ဓေတည်ခဲ့သည့် သျှမ်းတော်လှန်ရေးသည် ပဒေသရာဇ်စနစ် ပြိုကျမှုကြောင့် အားကောင်းလာသည်ဖြစ်ရာ ယင်းသည် တော်လှန်ရေး အတွေးအခေါ်ရေးရာ အပေါ် လွှမ်းမိုးမှု၏ အကျိုးဆက် အဖြစ် တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များကြား တိုက်ပွဲများ ပေါ်ပေါက်လာသည်ဟု ဆိုနိုင်သည်။

သို့သော် သျှမ်းပြည်တွင်း နေ့စဉ်ရက်ဆက် တိုက်ပွဲ ဖြစ်ပွားနေမှုနှင့် ပတ်သက်ပြီး နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာမည့် တံခါး အမြဲ ဖွင့်ထားကြောင်း သျှမ်းတော်လှန်ရေးတပ် နှစ်ခုက အပြန်အလှန် ပြောဆိုနေဆဲ ဖြစ်သည်။

ယင်းသို့ ပြောဆိုနေသော်လည်း သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း သာမက သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်များတွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။

ယင်းတိုက်ပွဲများကြောင့် ထောင်နှင့်ချီသည့် စစ်ဘေးရှောင်များ လယ်ယာနှင့် နေအိမ် စွန့်ခွာထွက်ပြေး တိမ်းရှောင် နေကြရဆဲ ဖြစ်သည်။

တိုက်ပွဲများနှင့် ပတ်သက်၍ “ဒီကနေ့ရဲ့ နိုင်ငံရေး ဆွေးနွေးမယ့် တံခါးကို ကျနော်တို့ အမြဲတမ်း ဖွင့်ထားပါတယ်။ ဒါက အာစီ အဖွဲ့ဘဲ မဟုတ်ဘူး၊ နိုင်ငံရေး ပါတီတွေ လည်းကောင်း၊ ဆရာတော် သံဃာတော် အဖွဲ့တွေ လည်းကောင်း၊ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးတဲ့ သူတိုင်းကို ကျနော်တို့ဘက်က အမြဲတမ်း တံခါးဖွင့် ကြိုဆိုပါတယ်” ဟု SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန် က ပြောသည်။

SSPP/SSA နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာရန် အဆင်သင့် ရှိနေကြောင်း၊ သို့သော် ပြည်သူများ မျှော်လင့်သလို ဖြစ်မလာခဲ့ကြောင်း သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံ က ပြောသည်။

“တွေ့ဆုံဆွေးနွေးဖို့က ကျနော်တို့ ဘက်ကလည်း အဆင်သင့်ဖြစ်ပါတယ်။ အရင်ကလည်း ပြောဖူးပါတယ်။ ဒါပေမယ့် မဖြစ်လာခဲ့ဘူး။ လက်ရှိက တိုက်ပွဲတွေသာ ပိုပြီး ကျယ်ပြန့်လာတယ်” ဟု ၎င်းကဆိုသည်။

သျှမ်းပြည် အတွင်း တိုက်ပွဲများနှင့် ပတ်သက်၍ နယ်မြေ အငြင်းပွားမှု၊ ကျူးကျော်မှုကြောင့်ဟု အပြန်အလှန် စွပ်စွဲလေ့ရှိပြီး ပြီးခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ မကြာခဏ ထွက်ပြေးတိမ်းရှောင် နေရသည်မှာ ကာလကြာရှည်လာပြီ ဖြစ်သည်။

သျှမ်းတော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ ညီညွတ်ရေးအတွက် သြဇာကြီးမားလှသည့် သျှမ်းခေါင်ဆောင် ဦးခွန်ထွန်းဦး နိုင်ငံရေးမှ အနားမယူမီ ကာလများက ကြားဝင် စေ့စပ်ညှိနှိုင်းရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ၎င်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

“သူ (ဦးခွန်ထွန်းဦး) လည်း တော်တော်စိတ်ပျက်သွားတယ်” ဟု ၎င်းက ဆိုသည်။

ထို့အတူ သျှမ်းပြည်ညီညွတ်ရေး ကော်မတီ (CSSU) အနေဖြင့် ကြားဝင် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည့်နည်းတူ သျှမ်းလက်နက်ကိုင် တော်လှန်ရေးတပ် အချင်းချင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ရေးအတွက် ဇန်နဝါရီလ ၁ ရက်နေ့ နှစ်ကူးကာလတွင် ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့သော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေဆဲဖြစ်သည်။

လက်ရှိ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် အတွင်း တိုင်းရင်းသား လက်နက်ကိုင်တပ် အချင်းချင်း စစ်ရေး တင်းမာမှု ရှိနေပြီး ဒေသခံ ပြည်သူများ မိုင်းကိုင်မြို့ပေါ် အပြင် လဲချားမြို့နယ်အထိ စစ်ဘေး တိမ်းရှောင်နေရ သည်သာမက သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲနှင့် သီပေါမြို့နယ်တို့တွင်လည်း တိုက်ပွဲများကြောင့် ဒေသခံများ စစ်ဘေးရှောင်နေရသည်။

“ဒါကတော့ ကျနော်တို့ဘက်ကလည်း တိုက်ပွဲ အရမ်းဖြစ်ချင်လွန်းလို့ ဖြစ်နေတာတော့ မဟုတ်ဘူး၊ တိုက်ပွဲဖြစ်ပြီဆိုရင် ဆုံးရှုံးမှုက နှစ်ဖက်စလုံးပဲလေ၊ ဒီတိုက်ပွဲကို ဘယ်သူတွေ စခဲ့တာလဲပေါ့၊ ပြီးတော့ ဘယ်သူက အဆုံးသတ်မှာလဲ” ဟု SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန် က ဆိုသည်။

ပြည်သူများ ဒုက္ခကြုံတွေ့ခံစားနေရသည်ကို ကိုယ်ချင်းစာကြောင်း၊ ပြည်သူများ၏ဘဝကို ပြန်လည် တည်ဆောက် ပေးမည်ဖြစ်ကြောင်း ဗိုလ်မှူး စိုင်းဖုန်းဟန် က ပြောသည်။

လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေမှုနှင့် ပတ်သက်ပြီး ထိုးစစ်ဆင်နေမှု ရပ်တန့်လိုက်မည်ဆိုပါက တိုက်ပွဲများ ဆက်ဖြစ်မည် မဟုတ်ကြောင်း RCSS က ပြောသည်။

“တိုက်ပွဲတွေ ရပ်တန့်ဖို့က တဘက်ကနေ ထိုးစစ် မဆင်လာဘူး ဆိုရင်တော့ တိုက်ပွဲက ဖြစ်မှာ မဟုတ်ဘူး။ တိုက်ပွဲ ငြိမ်မှာပါ။ သူတို့ဘက်က ထိုးစစ်ဆင်နေတဲ့အပေါ်မှာ မူတည်ပါတယ်” ဟု RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံ က ဆိုသည်။

တိုက်ပွဲများ၏ အကျိုးဆက်အဖြစ် ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက် နေ့လယ် ၂ နာရီဝန်းကျင်တွင် မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စု မောင်လျန်ရွာခံ အမျိုးသမီး တစ်ဦး ဝါးသွားခုတ်ရာမှ လမ်းတွင် မိုင်းနင်းမိခဲ့သဖြင့် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည်။

RCSS အနေနဲ့ SSPP ရောက်ရှိထိန်းချုပ်နယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှု ဆက်ပြုနေမယ်ဆိုရင် နမ့်စန်-ခိုလမ်ဘက် အထိ တိုက်ပွဲ ပျံ့နှံ့နိုင်ကြောင်း – SSPP အတွင်းရေးမှူး ၂ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆု က ပြောသည်။

ထို့အပြင် မိုင်းကိုင်မြို့အဝင် ဆိုင်းဘုတ်အနီး တိုက်ပွဲ ဖြစ်ပွားနေသောနေရာရှိ စစ်ဘေးရှောင်စခန်း၌ ဇန်နဝါရီ ၁၁ ရက်နေ့တွင် ပစ္စည်းကောက်ရန် သွားရောက်သော နာရေးကူညီမှုအသင်း ကားများ ပစ်ခတ်ခံခဲ့ရသေးသည်။

ယခုရက်ပိုင်း သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ နှင့် သီပေါ မြို့နယ်ကြား မန္တလေး – မူဆယ် ပြည်ထောင်စုလမ်းမကြီး အနီး ကျင်သီချောင်း တောင်ဘက် တကြောမှစကာ နမ့်အွန်၊ ပိန်းမ္မန၊ ကြံခင်း၊ နောင်အန်း၊ ချောင်းချောက်၊ ဗူးခါး၊ နားခေါ်၊ ကျောက်မဲမြို့အဝင် တိုးဂိတ်အနီးရှိ ပန်ဟုတ်ကျေးရွာ အနီးအထိ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲကြောင့် သီပေါမြို့နယ် ကျင်သီကျေးရွာအုပ်စုနှင့် အနီးတဝိုက်တွင် နေထိုင်သည့် ပြည်သူများသည် ဘော်ကြိုဘုန်းကြီးကျောင်းတွင်လည်းကောင်း၊ ကျောက်မဲမြို့နယ် နားပြိန်းကျေးရွာအုပ်စု၊ ကောင်းဟုန်း၊ လွယ်ဆာ၊ နောင်လျန်နှင့် အနီးနားတဝိုက် ကျေးရွာများမှ ဒေသခံ ပြည်သူများသည် ကျောက်မဲမြို့ပေါ်ရှိ နမ့်စစ်လင်းကျောင်းတိုက်နှင့် ဆွေမျိုးများအိမ်တွင် စစ်ဘေးရှောင် ခိုလှုံနေရသည်။

ယင်းဖြစ်စဉ် ဖြစ်ရပ်များသည် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး (သို့) စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် ကြွေးကြော်သံကြားတွင် နှစ်ပေါင်း အတန်ကြာ လက်တွေ့ မြေစာပင်များ ဖြစ်နေရသည်မှာ ဒေသခံတိုင်းရင်းသား ပြည်သူလူထုသာလျင် ဖြစ်နေကြောင်း မီးမောင်းထိုးပြနေသည်။

လက်ရှိ မြန်မာနိုင်ငံတဝှမ်း ဖြစ်ပေါ်နေသော လက်နက်ကိုင် တော်လှန်ရေး တိုက်ပွဲများတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း အများစုက စစ်ကောင်စီကို ဘုံရန်သူအဖြစ် တိုက်ခိုက်နေသည် ဖြစ်ရာ သျှမ်းလက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့များ အနေဖြင့် တော်လှန်ရေးတွင် မည်သို့ပါဝင်မည် ဆိုသည်ကို ပြည်သူလူထုက စိတ်ဝင်တစား စောင့်ကြည့်နေသည်။

လက်ရှိ လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့ အချင်းချင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင် စစ်ဘေးရှောင်နေရသည့် ဒေသခံ တိုင်းရင်းသား ၂၅၀၀ ကျော်၊ လဲချားမြို့နယ်တွင် ၈၀၀ ကျော်သာမက သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် ပြည်သူ ထောင်ချီ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article