မိုင်းကိုင်စစ်ရှောင်နေသည့်နေရာ စစ်ကောင်စီ လာရောက်စခန်းချ

0

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်ရှိ လွယ်လိုင် မင်္ဂလာဘုန်းကြီးကျောင်းတွင် စစ်ရှောင်များနှင့်အတူ စစ်ကောင်စီဘက်မှ တပ်သားများလာရောက် စခန်းချနေထိုင်ကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ ဇန်နဝါရီ (၁၁)ရက် မွန်းလွဲပိုင်း အချိန်တွင် မိုင်းကိုင်မြို့ ရပ်ကွက် (၆) လွယ်လိုင်မင်္ဂလာ ဘုန်းကြီးကျောင်းသို့ စစ်ရှောင်များနှင့်အတူ အင်အား (၃၅)ဦးခန့် ရှိသည့် စစ်ကောင်စီတပ်သားများ လာရောက်စခန်းချ နေထိုင်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

“မနေ့က စပြီး လာနေတယ်။ ဒီနေ့လည်း စစ်ရှောင်တွေနဲ့ နေနေတုန်းပဲ။ စစ်ရှောင်တွေကို လာကူညီပေးမယ့်သူတွေလည်း မလာရဲကြတော့ဘူး။ လွယ်လိုင်က ဒေသခံတွေလည်း ရှောင်ထားကြပြီ။ ဘာလို့လဲဆိုတော့ စစ်ကောင်စီဘက်က တပ်သားတွေလည်း ရွာထဲရောက်နေတော့ တိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်ကြလို့” ဟု လွယ်လိုင်ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

မိုင်းကိုင်မြို့နယ်အနီး တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲများကြောင့် လွယ်လိုင်မင်္ဂလာ ဘုန်းကြီးကျောင်းတွင် စစ်ရှောင် (၁၀၀) နီးပါး ခိုလှုံနေကြကြောင်း သိရှိရသည်။

“စစ်ရှောင်တွေကို သွားလှူမယ်ဆိုရင်လည်း သူတို့ အမေးအမြန်းရှိမှာကြောက်လို့ ဘယ်သူမှတော့ မသွားရဲကြသေးဘူး။ မနေ့က မြို့ရဲ့တောင်ဘက်ကနေ လမ်းလျှောက်လာတာတွေ့ကြတယ်လို့တော့ပြောတယ်။ မနေ့က သူတို့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ထိတွေ့မှုရှိမယ်ထင်တယ်။ စခန်းမှာ ပြန်လာနေတယ်။ ဒီနေ့လည်း စစ်ရှောင်တွေနဲ့ နေနေတုန်းပဲ” ဟု မိုင်းကိုင်ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

မိုင်းကိုင်မြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲ စစ်ရေးတင်းမာမှုကြောင့် စစ်ရှောင်များ နေ့တိုင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး စားနပ်ရိက္ခာများလည်း လိုအပ်နေကြောင်း သိရှိရသည်။

Leave a Comments