Friday, April 26, 2024

တိုက်ပွဲဖြစ်မှာ စိုးရိမ်ပြီး ဒေသခံအများအပြား ကြိုတင်တိမ်းရှောင်နေ

Must read

သျှမ်းမြောက် ကျောက်မဲနှင့် သီပေါမြို့နယ် အကြားရှိ ဒေသခံ အများအပြားသည် တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်သဖြင့် ကြိုတင်တိမ်းရှောင်နေကြကြောင်း သိရသည်။

ကျောက်မဲ စစ်ရှောင်

“မနေ့က ထွက်လာကြတာ၊ တိုက်ပွဲဖြစ်မှာ ကြောက်လို့ ကြိုတင်ပြေးလာတာ၊ ရွာမှာ အိမ်စောင့်နဲ့ ကျွဲနွားကြည့်ဖို့ လူနည်းနည်းပဲ ရှိတော့တယ်၊ တစ်ရွာလုံး ဆိုရင် ၃ ပုံ ၁ ပုံလောက်ပဲ ကျန်တယ်၊ အဒေါ်တို့လို သက်ကြီးသမားတွေ ကလေးတွေအကုန်နီးပါး ရှောင်ထွက်ထားပြီ၊ ရွာမှာနေရင် ကျီးလန့်စာ စားနေရသလိုပဲ၊ ဘယ်ချိန်တိုက်ပွဲဖြစ်မလဲ မပြောနိုင်ဘူး” ဟု ကျောက်မဲမြို့ပေါ်သို့ တိမ်းရှောင်လာသည့် အသက် ၆၀ ကျော်အရွယ် နားပိန်းဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ကျောက်မဲ – သီပေါ လမ်းမကြီးပေါ်ရှိ ကျေးရွာမှ ဒေသခံများနှင့် ပြီးခဲ့သည့် ရက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာအနီးတဝိုက်မှ ကျေးရွာဒေသခံများလည်း မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရသည်။

စစ်ရှောင်

“ဒီ တစ်ရက် နှစ်ရက်အတွင်း မြို့ပေါ် အမျိုးအိမ်တွေ၊ အိမ်ငှားလိုက်ရှာပြီး နေတဲ့သူတွေ များတယ်၊ လူဘယ်လောက်ရှိလဲတော့ မသိရဘူး၊ ပြောင်းလာတဲ့သူတွေကတော့ တော်တော်ကို များတယ်၊ နောင်အန်း၊ ချောင်းချောက်တို့ ကြံခင်းရွာတို့ဘက်ကလည်း ပြေးလာကြတယ်” ဟု ကျောက်မဲ သျှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဌ လုံးလျန်းဟန်က ပြောသည်။

ယနေ့အချိန်ထိ ကျောက်မဲမြို့နယ်အတွင်း စစ်ရှောင်စခန်းများတွင် နေထိုင်နေသည့် စစ်ဘေးရှောင်ပြည်သူ (၉၀၀) ကျော် ကျန်ရှိနေဆဲဖြစ်ပြီး စစ်ရှောင်စခန်းပြင်ပ ဆွေမျိုးအိမ်နှင့် အိမ်ငှားနေထိုင်သူများလည်း များစွာရှိနေကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article