Sunday, May 26, 2024

သီပေါမြို့နယ်အတွင်း တိုက်ပွဲဖြစ် စစ်ရှောင် (၂၀၀)ကျော် ထွက်ပြေးနေရ

Must read

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ (၂၀၀)ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ ဇန်နဝါရီ (၈)ရက် နေ့လည်ပိုင်းက တိုက်ပွဲဖြစ်ပွားမှုကြောင့် သီပေါမြို့နယ် ဘော်ကြိုဘုန်းကြီးကျောင်းသို့ စစ်ရှောင် (၂၂၂)ဦး ရောက်ရှိနေကြောင်း သီပေါဒေသခံ တစ်ဦးက ပြောသည်။

“ဖြစ်နေတာ (၃)ရက်လောက်ရှိပြီ။ ဖြစ်လိုက် ရပ်လိုက်ဖြစ်နေတာ။ ဒီနေ့မှ စစ်ရှောင်တွေ ထွက်ပြေးလာကြတယ်။ မနေ့ကဆို ညနေ(၅)နာရီကျော် ဝန်းကျင်ကနေ ည (၈)နာရီလောက်ထိ ဖြစ်လိုက် ရပ်လိုက် ဖြစ်နေတာ” ဟု အမည်မဖော်လိုသူ သီပေါမြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုစစ်ရှောင်များသည် သီပေါမြို့နယ် ကျင်သီကျေးရွာအုပ်စုထဲက ကျင်သီကျေးရွာ ၊ ပုံဖမ်းကျေးရွာ၊ ရေပူကျေးရွာ၊ လောက်ခွန်ကျေးရွာနှင့် သီးဆန်းကျေးရွာတို့မှ ဒေသခံများဖြစ်ကြကြောင်း သိရသည်။

သီပေါ ဘော်ကြို စစ်ရှောင်

“အဲ့ရွာတွေရဲ့အတွင်းပိုင်းတွေမှာ တိုက်ပွဲဖြစ်တာထင်တယ်။ ဘော်ကြိုကနေတောင် လက်နက်သံတွေ ကြားနေရတယ်” ဟု ဘော်ကြိုအနီးနေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။

သီပေါမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး တိုက်ပွဲကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ကျေးရွာများ ယနေ့ချိန်ထိ ပြန်လည်ထူထောင်မှု မလုပ်နိုင်သေးကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article