Friday, April 26, 2024

သျှမ်းမြောက် တိုင်းရင်းသားတပ်တွေ ဘာကြောင့် အမုန်းမီး တောက်နေလဲ

Must read

“အိမ်ကို အရမ်း ပြန်ချင်နေပြီ။ ဒါပေမယ့် ဘယ်ချိန်မှ ပြန်ရမယ်ဆိုတာကိုတောင် မစဉ်းစားရဲတဲ့ အနေအထားဖြစ်နေတယ်။ တကယ်လို့ အိမ်ကို ပြန်ရောက်သွားတယ်ဆိုရင်တောင် ဘယ်လိုရှာဖွေ စားသောက်ရမှာလဲ မသိတော့ဘူး” လို့ ကျောက်မဲစစ်ရှောင်စခန်းမှာ ရောက်နေတဲ့ နန်းမွေ က ပြောပါတယ်။

ပုံစာ- သျှမ်းမြောက် စစ်ရေးဖြစ်ပွားတဲ့နေရာတနေရာ

နန်းမွေ နေထိုင်တဲ့ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကျေးရွာအနီးမှာ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ကိုယ်လွတ်ရုန်း ထွက်ပြေးလာရတဲ့ အမျိုးသမီး တစ်ဦးဖြစ်ပါတယ်။

“ စစ်ရှောင်စခန်းမှာတော့ လူအများနဲ့နေရာတော့ အဆင်မပြေဘူး။ တော်တော်ခက်ခဲတယ်။ အလှူရှင်တွေလာလှူမှစားရတာ။ အခုအလှူရှင်တွေလည်း သိပ်မလာတော့ဘူး။ ရှေ့ဆက်ဘယ်လို ဖြစ်လာမယ်မသိဘူး” လို့ နန်းမွေ က စိတ်မကောင်းစွာပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံမှာ အာဏာသိမ်းထားတဲ့ စစ်အာဏာရှင် ကို တွန်းလှန်နေပေမယ့် သျှမ်းပြည် မှာတော့ တိုင်းရင်းသားအချင်းချင်း ကြား တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

လက်ရှိမှာတော့ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ နမ္မတူမြို့နယ်၊ သီပေါမြို့နယ်တွေမှာ စစ်အာဏာသိမ်း ပြီးနောက်ပိုင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နဲ့ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ရဲ့ တိုက်ပွဲဟာလည်း တရိပ်ရိပ်မြင့်တက်လာပြီး စစ်ရှောင်ပြည်သူ ထောင်ချီ ထွက်ပြေး တိမ်းရှောင် နေရပါတယ်။

ပုံစာ- တိုင်းရင်းသားတပ်တွေ တိုက်ပွဲဖြစ်ပွားတဲ့နေရာပြ မြေပုံ

အဲ့ဒီအထဲက စစ်ရှောင် နန်းမွေ လည်း ကျောက်မဲမြို့ စစ်ရှောင်စခန်းကို ထွက်ပြေးတိမ်းရှောင်လာခဲ့ရပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာဒေသကို ကြည့်မယ်ဆိုရင် မြန်မာ-တရုတ် ကုန်သွယ်ရေးအတွက် အဓိကလမ်းကြောင်း ပါပဲ။

“အခုဖြစ်နေတဲ့ တိုက်ပွဲက အမျိုးသားရေး၊ နိုင်ငံရေးရည်မှန်းချက်ထက် အဖွဲ့အစည်း တစ်ခုချင်းစီရဲ့ အကျိုးစီးပွားရပ်တည်ချက်ကြောင့် ဖြစ်နေတဲ့တိုက်ပွဲလို့ ထင်တယ်” လို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အသက် (၃၅)နှစ် ဝန်းကျင်ရှိ အမျိုးသား တစ်ဦး က ပြောပါတယ်။

နယ်မြေချင်းထိစပ်နေတဲ့ အင်အားကြီးတရုတ်နိုင်ငံရဲ့ ပထဝီနိုင်ငံရေးအရ ပါဝင်ပတ်သက်နေတာဟာ တိုက်ပွဲ ပဋိပက္ခတွေအပေါ် သက်ရောက်မှုများစွာ ရှိနေပြီး လက်ရှိ ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ရပ်တည်ချက်၊ အကျိုးစီးပွားနဲ့ နယ်မြေစိုးမိုးထိန်းချုပ်လိုမှု ပြဿနာတွေကြောင့်ဖြစ်တယ်လို့ အထက်ပါ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ က ပြောပါတယ်။

“တရုတ်နိုင်ငံရဲ့ အဓိက စီးပွားရေးလမ်းကြောင်းဖြတ်သန်းရာ တစ်လျှောက်ဖြစ်တဲ့ သျှမ်းမြောက်လိုနေရာမျိုးက တိုက်ပွဲရဲ့ ဗဟိုချက်မို့လို့ ဖြစ်နေတာ။ ရှင်းရှင်းပြောရရင် တရုတ်က သူနဲ့ ဆက်ဆံရေးအဆင်မပြေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို အဲ့ဒနရာဒေသမှာ မရှိစေချင်ဘူး” လို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၎င်း အမျိုးသား က ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းထားတဲ့ (၈)လတာ ကာလအတွင်း တရုတ်ဘက်မှာ ရထားလမ်းဖောက်လုပ်တာတွေ ပြုလုပ်ပြီး နယ်စပ် ရွှေလီမြို့ကို အသစ်ပြန်လည်တည်ဆောက်မယ်လို့ သတင်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

“အဓိက ကတော့ တရုတ်ရဲ့ အကျိုးစီးပွားတွေနဲ့ ပတ်သက်နေလို့၊ စကစ ရဲ့ ခေတ်အဆက်ဆက် သွေးခွဲမှုတွေက လက်နက်ကိုင်တိုင်းရင်းသားအချင်းချင်း တိုက်ပွဲတွေကို အရောက်တွန်းပို့ပေးခဲ့တယ်လို့ မြင်ပါတယ်” လို့ သျှမ်းမြောက် အခြေစိုက် သျှမ်းကျောင်းသားသမဂ္ဂအဖွဲ့ဝင် အမျိုးသမီး တစ်ဦး က ပြောပါတယ်။

ပုံစာ- စစ်ရေးလှုပ်ရှားနေတဲ့ RCSS တပ်

လက်နက်ကိုင် တိုင်းရင်းသားအချင်းချင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ဘုံရည်မှန်းချက်က ပျောက်ဆုံးနေပြီလို့လည်း သျှမ်းပြည်လူထုတွေက ထောက်ပြပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံတဝှမ်းမှာ စစ်အာဏာရှင်ကျဆုံးဖို့အတွက် တိုက်ပွဲတွေ တော်လှန်ရေးတွေ နည်းမျိုးစုံနဲ့ု အစွမ်းကုန် တိုက်နေကြချိန် သျှမ်းပြည်က လက်နက်ကိုင်အချင်းချင်းတိုက်ပွဲတွေလည်း အမြန်ရပ်ဖို့လိုကြောင်း၊ ဘုံရန်သူလို့ သတ်မှတ်ထားတဲ့ စစ်ကောင်စီကို ဦးတည်တိုက်ရန်လည်း သျှမ်းပြည်လူထုက ဆိုကြပါတယ်။

“ကျမတို့ အနေနဲ့ ပြောချင်တာကတော့ ဘုံရန်သူတွေကို မတိုက်ခိုက်ပဲ ကျမတို့ တိုင်းရင်းသားအချင်းချင်း တိုက်နေတဲ့ တိုက်ပွဲတွေကို ချက်ချင်းရပ်ပေးပါ။ ပြည်သူတွေရဲ့ အသံတွေ၊ ခံစားနေရတဲ့ ဒုက္ခတွေကို မဖြေရှင်းပေးနိုင်ရင်တောင်မှ ထပ်ပြီးတော့ အပူမပေးပါနဲ့လို့ပဲ ပြောချင်ပါတယ်” လို့ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN)မှ ပြောခွင့်ရသူတစ်ဦး က ပြောပါတယ်။

တိုင်းရင်းသား စည်းလုံးညီညွတ်မှ ဖက်ဒရယ်ဒီမိုကရေစီဆိုတဲ့ ပြည်ထောင်စုကြီး တည်ဆောက်နိုင် အတွက် စံတန်ဖိုး မျှော်မှန်းချက်များ တူညီဖို့လို တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောဆိုထားပါတယ်။

“တိုင်းရင်းသားလက်နက်ကိုင်တွေ အဖွဲ့ကြားထဲမှာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဘုံသဘောထားတွေ ရှိမနေဘူး။ နောက်တစ်ချက်က တူညီတဲ့ စံတန်ဖိုးတွေ ရှိမနေဘူး။ နောက်ဆုံး တစ်ချက်ကတော့ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေး အခြေနေအပေါ်မှာ သူတို့ရဲ့ ခံယူချက်၊ ရှုမြင်ချက်တွေ မတူညီဘူးလို့ ကျနော်တို့ သုံးသပ်တယ်” လို့ သျှမ်းပြည် ဝါရင့်နိုင်ငံရေးသမား တစ်ဦးက ဆိုပါတယ်။

ခေတ်အဆက်ဆက်မှာတော့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အားလုံးမှာ မျှော်လင့်ချက်တွေ ရှိခဲ့ကြပါတယ်။

“တွေ့ဆုံဆွေးနွေးရေးတွေမရှိရင် ဖက်ဒရယ်ပြည်ထောင်စု မပေါ်ပေါက်နိုင်ဘူး၊ ဖက်ဒရယ်ပြည်ထောင်စု မပေါ်ပေါက်ဘူးဆိုတာနဲ့ အခြားတစ်ဖက်မှာ နိုင်ငံတကာရဲ့ တွန်းပို့မှုတွေ၊ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ၊ ပထဝီနိုင်ငံရေး ပြောင်းလဲမှုတွေပေါ် မူတည်သွားမယ်” လို့ သျှမ်းပြည် ဝါရင့်နိုင်ငံရေးသမားက သုံးသပ်လိုက်ပါတယ်။

လက်ရှိ သျှမ်းမြောက်မှာ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲကြောင့် ဒေသခံပြည်သူရဲ့ အသက်အိုးအိမ် ပျက်ဆီးဆုံးရှုံးတာ၊ နေအိမ်တွေ ဝင်ရောက်မွှေနှောက်ခံရတာ၊ မီးရှို့ဖျက်ဆီးခံရတာ၊ ပြည်သူတွေ ဖမ်းဆီးစစ်ဆေး မေးမြန်းခံရတာတွေအပြင် လက်နက်ကြီး ထိမှန်လို့ ဒဏ်ရာရ သေဆုံးတာတွေ ရှိခဲ့ပေမယ့် အဲ့ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ပြည်သူတွေက အမှန်တရားကို ထုတ်ဖော်ပြောဆိုနိုင်ဖို့အတွက်ကို တွန့်ဆုတ်နေကြပါတယ်။

တဖက်မှာလည်း စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်ရောဂါမြင့်တက်မှုတွေကြောင့် စီးပွားရေးအခက်အခဲဖြစ်ပွားနေချိန် သျှမ်းပြည်အတွင်းနေထိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားမှု၊ ပြည်သူတွေကို ညှဉ်းပမ်းနှိပ်စက်မှုတွေကြောင့် သျှမ်းပြည်လူထုက တပူပေါ် နှစ်ပူဆင့် အဖြစ် ကြုံတွေ့နေရပါတယ်။

“ကျမတို့ တိုင်းရင်းသားအချင်းချင်း ဒီတောင်တန်းပေါ်အတူနေလာတာကြာပြီ။ တစ်ခါမှ ဒီလို တိုက်ပွဲဖြစ်တယ် ဆိုတာ မကြားဖူးဘူး။ အခုက တိုင်းရင်းသားအချင်းချင်းကြား မီးတောက်လာမှာ ကြောက်နေရတယ်။ အရင်ကတော့ ဗမာတပ်တွေကို မုန်းတာ။ အခုက တိုင်းရင်းသားတပ် အပြန်အလှန် မုန်းတီးတာတွေ ဖြစ်နေတယ်” လို့ နန်းမွေ က စိတ်မကောင်းစွာ ပြောလာပါတယ်။

ပုံစာ- တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေ

တိုင်းရင်းသားအချင်းချင်းကြား အပြန်အလှန် တိုက်ပွဲဖြစ်ပွားမှုကို လွန်ခဲ့တဲ့ ၂၀၁၆ ခုနစ် နှောင်းပိုင်း ကနေ စတင်ကြားလာရတာဖြစ်ပြီး အဲ့ဒီ တိုက်ပွဲတွေကြောင့် တိုင်းရင်းသားလူမျိုးအချင်းချင်းကြား အပြန်အလှန် အမုန်းမီး ပွားလာမှာကိုလည်း သျှမ်းလူထုကြား စိုးရိမ်စရာ အချက်တခုပါပဲ။

တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ နယ်မြေစိုးမိုးရေး အားပြိုင်မှုကြောင့် ဖြစ်လာရတယ်လို့ ဆိုလို့ရပါတယ်။

အဲ့ဒီ တုက်ပွဲတွေကြောင့် သျှမ်းပြည်လူထုတွေလည်း အသက်အိုးအိမ်ဆုံးရ့ှုံးမှုတွေ၊ စစ်ရှောင်တွေများလာပြီး သျှမ်းပြည်ရဲ့ ကံကြမ္မာအတွက် မျက်ရည်မျက်ခွက်တွေ ရင်နင့်စရာတွေနဲ့ ပြည့်နှက်နေပါတယ်။

စိုက်ပျိုးရေး ရာသီချိန် လယ်ယာကို စွန့်ပစ်ပြီး စစ်ရှောင်စခန်းမှာ ဒုက္ခမျိုးစုံနဲ့ အလှူရှင်ကျွေးတဲ့ ထမင်း၊ ဟင်းကိုသာ စားနေရတဲ့အတွက် အရမ်းကို ဝမ်းနည်းမိကြောင်း၊ တိုင်းရင်းသားအချင်းချင်း ပစ်ခတ် တိုက်ခိုက်မှုတွေ အမြန်ဆုံး ရပ်တန့်သင့်တယ်လို့လည်း စစ်ရှောင်ပြည်သူတွေ တောင်းဆိုလိုက်ပါတယ်။

စစ်ရှောင်စခန်းမှာ လပေါင်း (၇)လကျော်ကြာ နေထိုင်လာရတဲ့ ပြည်သူတွေဟာ အိမ်ပြန်ရမယ့် နေ့ရက်ကို မျှော်လင့်နေကြပြီး၊ လယ်ယာစိုက်ပျိုးရေး လုပ်ဖို့အတွက် အားခဲနေကြပါတယ်။

ပုံစာ- တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေ

သျှမ်းတောင်တန်းပေါ်က တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း အပြန်အလှန်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ နှစ်ဘက်လုံး ဆုံးရှုံးမှုကိုသာ ရစေပါတယ်။

အနိုင်မရှိတဲ့ တိုက်ပွဲကို တိုက်နေမယ့်အစား ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်ရန်အတွက် ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်အဖွဲ့ကို တိုက်ဖို့ သျှမ်းပြည်သူတွေကတော့ မျှော်လင့်နေကြပါတယ်။

“စစ်အာဏာရှင်ကို တိုက်လို့ စစ်ရှောင်ရတာမှ ပိုတန်အုံးမယ်။ အခုက အချင်းချင်းတိုက်လို့ ကျနော်တို့ စစ်ရှောင်နေရတာ တော်တော်လေးကို စိတ်မကောင်းဘူး။ မတန်ဘူးလို့ထင်တယ်” လို့ စစ်ရှောင်စခန်းတစ်ခုမှာ ရောက်နေတဲ့ စိုင်းမောင် က ပြောလိုက်ပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article