Friday, April 19, 2024

ပန်ဆိုင်းမြို့နယ် ကိုးကန့် နှင့် စစ်ကောင်စီ တိုက်ပွဲကြောင့် ဒေသခံ တစ်ဦး သေဆုံး

Must read

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် မုံကိုးမြို့ တွင် ကိုးကန့်တပ်မတော် (MNDAA) နှင့် စစ်ကောင်စီ တို့ တိုက်ပွဲကြောင့်‌ ပြည်သူတစ်ဦး ကျည်ထိသေဆုံးသွားခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ အောက်တိုဘာ (၁၇) နေ့လည် ၃ နာရီ ဝန်းကျင်က စစ်ကောင်စီ နှင့် ကိုးကန့်တပ်မတော် (MNDAA) တို့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး သက်ကြီးဒေသခံ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“မနေ့က တိုက်ပွဲဖြစ်ပြီး လူတစ်ယောက် သေသွားတယ်။ သူက အိုနေပြီလေ။ ကျည်စ ထိမှန်ပြီး သေသွားတာ။ တိုက်ပွဲက တော်တော်ပြင်းတယ်။ မနေ့က သူတို့တိုက်ပွဲဖြစ်တာ ၁ နာရီလောက်ရှိတယ်။ ဆက်တိုက်ဖြစ်နေတာ” ဟု ပန်ဆိုင်းမြို့ ဒေသခံတစ်ဦး က ပြောသည်။

ယမန်နေ့တွင် တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ည (၈)နာရီ ဝန်းကျင်တွင် ကိုးကန့်တပ်မတော် (MNDAA)တို့က ပန်ဆိုင်းမြို့နယ် ရဲစခန်းကို ထပ်မံသွားပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ည ၈ နာရီကျတော့ သူတို့ ရဲစခန်းကို ထပ်လာပစ်သွားတယ်။ ထိခိုက်သူတော့ မရှိဘူးလို့ကြားတယ်။ ဒါပေမဲ့ ပျက်ဆီးမှုတွေတော့ရှိတယ်။ နေ့လည်ကဖြစ်ပြီးတော့ ည ၈ နာရီမှာ ထပ်တခါ ရဲစခန်းကို လာပစ်တာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကိုးကန့်တပ်မတော် (MNDAA) နှင့် စစ်ကောင်စီ တိုက်ပွဲကြောင့် ပန်ဆိုင်းဒေသခံ ၂ ဦး၊ မုံးကိုးဒေသခံ ၁၁ ဦး၊ ဖောင်းဆိုင် ၄ ဦး စုစုပေါင်း (၁၇)ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သျှမ်းမြောက် ပန်ဆိုင်းမြို့နယ်ဘက်တွင် စစ်ကောင်စီ နှင့် ကိုးကန့်တပ်မတော် (MNDAA)၊ ကချင်လွတ်မြောက်ရေး တပ်မတော် KIA တို့ တိုက်ပွဲဖြစ်ပွားနေကြတာဖြစ်ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article