သီပေါမြို့နယ် တိုင်းရင်းသားလက်နက်ကိုင်များ ပြည်သူအပေါ် အဓမ္မ ခိုင်းစေ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ကျေးရွာဘက်တွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များက ပြည်သူများအပေါ် အဓမ္မ ခိုင်းစေခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို စည်းကမ်းမဲ့ ယူသုံးစွဲနေလျက်ရှိ‌ကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းတပ်(၂)တပ် အခကြေးငွေမပေးဘဲ အသုံးပြုခဲ့သည့် စက်လှေမျာ

သီပေါမြို့နယ် မြစ်ချောင်းဘက် အနီးတဝိုက်တွင် နေထိုင်သည့် ကျေးရွာများတွင် သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP)တို့က ပြည်သူများကို ခိုင်းစေပြီး လုပ်အားခ ပြန်ပေးမှုများလည်း မရှိ‌ကြောင်း သိရသည်။

လက်ရှိ ကာလသည် စစ်ရေးအခြေအနနှင့် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်မားမှုကြောင့် အစစအရာရာ ခက်ခဲနေသည့် အချိန် သျှမ်းတပ် (၂)တပ်သည် ပြည်သူများ၏ လှေ၊ ဆိုင်ကယ်များကို ယူသုံးပြီး ဓာတ်ဆီခ စသည့် ကုန်ကျစရိတ်များကို လျော်ပေးခြင်းမရှိကြောင်း သိရသည်။

“(၂)တပ်လုံးက အတူတူပဲ။ သူတို့တွေက ပြည်သူတွေရဲ့ စက်လှေ၊ ဆိုင်ကယ်တွေယူသုံးတယ်။ ပြီးတော့ ဘာမှ ထောက်ပံ့ပေးတာလည်း မရှိဘူး။ ဓာတ်ဆီဆိုလည်း ပြည်သူတွေကဘဲ ပြန်ဖြည့်ပေးရတယ်။ သူတို့ လှေမောင်း အဖြစ်နဲ့လည်း ခိုင်းထားတယ်။ ပြည်သူတွေက အလကားလုပ်ပေးနေရတာ။ ဘာမှ ပြန်မရဘူး။ လုပ်အားခလည်း မရဘူး” ဟု အမည်မဖော်လိုသည့် သီပေါမြို့နယ်အတွင်း နေထိုင်သူ တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းတပ်(၂)တပ် အခကြေးငွေမပေးဘဲ အသုံးပြုခဲ့သည့် စက်လှေမျာ

သျှမ်းတပ် (၂)တပ်၏ ခိုင်းစေမှုခံနေရသည့် ကျေးရွာများသည် ခန့်မှန်းခြေအရ (၅)ရွာခန့်ရှိပြီး ရွာသူ/သားများ၏ လုံခြုံရေးအရ ကျေးရွာနာမည်ကို မဖော်ပြရန်အတွက် ဒေသခံများက တောင်းဆိုထားသည်။

ထို့အပြင် နိုင်ငံရေးရှုပ်ထွေးမှုတွေကြား မြန်မာနိုင်ငံ၏ စီးပွားရေးလည်း ကျဆင်းလာသောကြောင့် ကုန်ဈေးနှုန်းများလည်း မြင့်တက်လာနေသည့်အချိန် သျှမ်းတပ် (၂)တပ်မှ ပြည်သူများ၏ ပစ္စည်းများကို အဓမ္မ စည်းကမ်းမဲ့ယူသုံးခြင်း၊ လုပ်အားခကို လျော်ပေးခြင်း မရှိသောကြောင့် ပြည်သူများက စားဝတ်နေရေးအတွက် ပိုပြီး ခက်ခဲနေကြောင်း သိရသည်။

“ သူတို့တွေက အခကြေးငွေမပေးတော့ ပြည်သူတွေကလည်း ခက်ခဲလာတယ်။ စားဖို့သောက်ဖို့‌တောင် မရှိကြ‌တော့ဘူး။ သူတို့ စားဖို့သောက်ဖို့ကို သွားလှူပေးရသေးတယ်။ ဆန်၊ ဆီ၊ ဆား၊ ပိုက်ဆံနဲ့ တတ်နိုင်သလောက် သွားကူပေးသေးတယ်။ ပြည်သူတွေဘဲ အကုန်လုံး အနစ်နာခံနေရတယ်။ အခုက သိတဲ့အတိုင်း ဓာတ်ဆီဈေးတွေလည်းတက်နေတယ် ” ဟု သီပေါမြို့နယ်အတွင်း နေထိုင်သည့် အသက် (၃၀)ကျော် အမျိုးသမီး တဦးက ပြောသည်။

သျှမ်းတပ်(၂)တပ် အခကြေးငွေမပေးဘဲ အသုံးပြုခဲ့သည့် စက်လှေမျာ

အလားတူ လွန်ခဲ့သည့် အောက်တိုဘာ (၈)ရက်တွင်လည်း သီပေါမြို့နယ် နားမ‌ခေါ်ကျေးရွာအုပ်စု တာလုံကျေးရွာတွင် ပြည်သူနေအိမ် တစ်အိမ်အတွင်းရှိ ပစ္စည်းများကို သျှမ်းပြည်တိုးတက်‌ရေးပါတီ (SSPP)က သွားရောက်သိမ်းဆည်းခဲ့‌ကြောင်း သိရသည်။

ထိုသိမ်းခံရသည့် အိမ်ပိုင်ရှင်သည် သျှမ်းပြည်ပြန်လည်ထူထောင်‌ရေးကောင်စီ (RCSS)၏ တပ်ဖွဲ့ဝင်ဖြစ်သည်ဟု ဆိုကာ သွားရောက်သိမ်းဆည်းလိုက်ခြင်းဖြစ်ကြောင်း သီပေါမြို့နယ်က ဒေသခံတဦး ပြောပြချက်အရ သိရသည်။

“ သူတို့အိမ်ကို လာသိမ်းသွားတာက အမှန်ဟုတ်တယ်။ RCSS လူဖြစ်တယ်ဆိုပြီးတော့ လာသိမ်းသွားတာ လို့ကြားတယ်။ ကျမတို့လည်း အသေးစိတ်မသိရသေးဘူး။ အဲ့ဒီဘက်က ဖုန်းလိုင်းမကောင်းဘူးလေ။ ဆက်ရင်လည်း သိပ်မရဘူး” ဟု သီပေါမြို့နယ်မှ အမျိုးသမီးတဦးက ပြောသည်။

ဆက်လက်ပြီး တာလုံကျေးရွာခံ တဦးကလည်း “အိမ်ကလူတွေ အရင်ကလည်း ဖမ်းခံရဖူးတယ်။ သူက သတင်းပေးတာလည်း ပါမှာပေါ့။ သိမ်းသွားတဲ့ ပစ္စည်းတွေကလည်း များတယ်။ တန်ဖိုးဘယ်လောက်ရှိလည်းတော့ ကျမတို့လည်းမပြောတတ်ဘူး။ ပစ္စည်းတွေလာသိမ်းသွားတာ။ အိမ်ကိုသိမ်းတာမဟုတ်ဘူး။” ဟု သျှမ်းသံတော်ဆင့်ကို‌ ပြောသည်။

ထို့အပြင် တာလုံကျေးရွာဘက်တွင်လည်း SSPP က ပြည်သူများ၏ စက်လှေများကို သိမ်းဆည်းထားသောကြောင့် ပြည်သူများက တောင်ယာသွားရန်အတွက် အခက်ခဲများစွာရှိနေကြောင်း၊ စားဝတ်နေရေးအတွက် ခက်ခဲမှုများစွာ ရှိနေကြောင်း သိရသည်။

“သူတို့တွေက တိုက်ပွဲမဖြစ်စေချင်လို့ဆိုပြီးတော့ စက်လှေတွေကို ဟိုဖက်ကမ်းကို ယူသွားလိုက်တယ်။ လှေတွေနဲ့ ခြံသွားတယ်လေ။ ဟိုဘက်ကမ်းသွားပြီးတော့ အသီးအနှံသွားခူးပြီး လာရတာ။ အခုက ကုန်းလမ်းကနေ သွားရတာ လမ်းလည်းခက်တယ်။ မိုးရာသီဆိုတော့ ပိုဆိုးတယ်။ အခုက တတ်နိုင်သလောက်ဘဲ သွားခူးပြီး လာ‌ရောင်းရတယ်” ဟု တာလုံကျေးရွာခံ အမည်မဖော်လိုသူတဦးက ပြောသည်။

ထိုသို့ ပြည်သူများကို ခိုင်းစားပြီး အခကြေးငွေ မပေးသောကြောင့် သက်ဆိုင်ရာ အထက်လူကြီးများက အောက်ခြေကို ကြည့်ပြီး ပြည်သူများကို ပြန်လည်ကူညီစောင့်ရှောက်ပေးစေလိုကြောင်း သီပေါမြို့နယ်တွင်း နေထိုင်သည့် ပြည်သူများက တောင်းဆိုလိုက်သည်။

“ခုချိန်က ပြည်သူတွေ အရမ်းခက်ခဲတယ်။ သူတို့တွေရဲ့ အထက်လူကြီးကလည်း ဒါတွေကို ကြည့်ပြီး ပြည်သူတွေကို လုပ်အားခတွေ ပြန်ပေးသင့်တယ်။ အောက်ခြေက လုပ်နေတာကို အထက်ကလည်း ကြည့်ပေးသင့်တယ်။ ပြည်သူတွေကို ပြန်ကူညီစေချင်တယ်” ဟု အသက် (၃၀)ကျော်အရွယ်ရှိ သီပေါမြို့ လူငယ်တစ်ဦးက ပြောသည်။

စစ်တပ်များသည် ပြည်သူအိုးအိမ်များကို စောင့်ရှောက်ရန်၊ ရန်သူများကို ကာကွယ်ရန်ဖြစ်ကြောင်း ပြည်သူများအပေါ် အနိုင်ကျင့်နေသည့် လုပ်ရက်များကို မလုပ်သင့်ကြောင်း သျှမ်းကျောင်းသား သမဂ္ဂ က ထောက်ပြပြောဆိုလိုက်သည်။

“အခုလို ပြည်သူတွေကို အနိုင်ကျင့်တာက သတင်းတွေတော့ ကြားတယ်။ ဒေသခံတွေက ဖိအားတွေ‌ကြောင့်လား မသိဘူး။ ပေါ်ပေါ်ထင်ထင်ပြောနေတာတော့ မရှိဘူး။ ဘယ်လက်နက်ကိုင်ပဲဖြစ်ဖြစ် ပြည်သူကို ကာကွယ်ပေးရမယ်လေ။ ပြည်သူကို အနိုင်ကျင့်တာတော့ မဖြစ်သင့်ဘူး။ လက်ရှိမှာ (TSU) အနေနဲ့ သတင်းအချက်အလက် စုဆောင်းရုံကလွဲပြီး ဘာမှ သိပ်ကူညီနိုင်တာ မရှိပါဘူး” ဟု သျှမ်းကျောင်းသားသမဂ္ဂ (TSU) အဖွဲ့ဝင်တဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

အထက်ပါ ကိစ္စများနှင့်ပတ်သက်ပြီး မြေပြင်အချက်အလက် သတင်းများကို အသေးစိတ်မသိရကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းခမ်းစံက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ကျနော်တို့ အဲဘက်က ‌သေချာမသိရပါဘူး။ အသေးစိတ် မသိရသေးဘူး။ ဒီလို အနိုင်ကျင့်တာနဲ့ပတ်သက်ပြီးတော့ အသေးစိတ် မသိရတဲ့အတွက် ဖြေ‌ပေးလို့မရဘူး” ဟု (RCSS/SSA) ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းခမ်းစံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP)ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူကြီး စိုင်းဆု နှင့် ဗိုလ်မှူးကြီး စိုင်းဖုန်းဟန် တို့ကို သျှမ်းသံတော်ဆင့်မှ ဖုန်း (၅)ကြိမ်ခေါ်ခဲ့ပြီး ဖုန်းဝင်ခဲ့သော်လည်း လက်ခံဖြေကြားပေးခဲ့ခြင်း မရှိခဲ့ပေ။

သီပေါမြို့နယ် ကျေးရွာဘက်တွင် နေထိုင်နေသည့် ပြည်သူများက အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့များကို ကြောက်နေကြရပြီး အမှန်တရားကို ပြောဆိုရန်အတွက် စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်နေကြောင်း သိရသည်။

“ဒီဘက်နေတာလည်း သိတဲ့အတိုင်းပဲလေ။ သေရေးရှင်ရေးဖြစ်နေတာ။ ပြည်သူတွေမှာက လက်နက်မရှိဘူး။ လက်နက်ကိုင်အောက်မှာဘဲ ပြောသလို နေနေကြရတာ။ ဘာမှ ပြန်မပြောရဲဘူး။ ကြောက်ရတယ်လေ” ဟု လုံခြုံရေးအရ အမည်နှင့်နေရာကို မဖော်ပြလိုသည့်သူတဦးက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

သီပေါမြို့နယ်တွင် MNDAA က ရွှေတူးဖော်ရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ နမ္မချောင်းနှင့် နမ့်ပေါင်ချောင်းဆုံရာ အနီးတစ်ဝိုက်တွင် ကိုးကန့်တပ် (MNDAA) က ရွှေတူးဖော်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလလယ်ခန့်မှ စတင်ကာ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စု နောင်နွေးကျေးရွာ အရှေ့ဘက်ရှိ ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုးမြေတူးစက်များနှင့် ရွှေကျင်စက်ပစ္စည်းများကို...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...