Thursday, April 18, 2024

၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ်ကို ဗိုလ်ချုပ်ကြီး ယွက်စစ် ဘယ်လိုမြင်သလဲ (တွေ့ဆုံမေးမြန်းခန်း)

Must read

ဇူလိုင်လ ၁၅ ရက်နေ့မှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်ကို သျှမ်းသံတော်ဆင့်သတင်းဌာနက သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ပထမအပိုင်းအနေနဲ့ ဗိုလ်ချုပ်ကြီးယွက်စစ်အနေနဲ့  ၂၁ ရာစုပင်လုံညီလာခံ ဘာကြောင့်မတက်ရောက်တာလဲ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းအပေါ် ဘယ်လိုမြင်ပါသလဲဆိုတာကိုမေးမြန်းခဲ့ပါတယ်။


မေး။ ။ ဘာကြောင့် ၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ်ကို သွားမတက်တာလဲ။

ဖြေ။ ။ ဒီကနေ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးက ရပ်ဆိုင်းနေတယ်။ ရှေ့မဆက်ဘူး။ အခြေအနေကဘဲ မရပ်မနား ရှေ့ဆက် နေတာ။ ဘာကြောင့် ညီလာခံသွားမတက်တာလဲဆိုတော့ အကြောင်းရင်း ၃ ချက်ရှိပါတယ်။ ပထမတချက်ကတော့ ဒီညီ လာခံကြီးဟာ အကျိုးမရှိဘူး။ သူတို့ဆွေးနွေးတာက ၂ ချက်ဘဲရှိတယ်။ အမျိုးသမီးအခွင့်အရေးနဲ့ လူမျိုးစုအခွင့်အရေး ဘဲလေ။ နိုင်ငံရေးမပါဘူး။ ဒီညီလာခံကြီးက ပြောရမယ်ဆိုရင် အစိုးရက နာမည်ကောင်းယူ အမြတ်ထုတ်တဲ့ ညီလာခံ ဘဲဖြစ်တယ်။ ပြည်သူလူထု နဲ့ ကမ္ဘာကိုလိမ်ညာဖို့လုပ်တဲ့ညီလာခံဘဲ။ သွားတက် ရင်လည်း ထိုင်ပြီးနားထောင်ရုံဘဲလေ။ ကျနော်တို့က တင်ပြစရာမှမရှိတာ။ တင်ပြလည်းအစိုးရဘက်က လက်ခံနားထောင် တာမဟုတ်။ UPDJC က ဆွေးနွေး တာတောင်မှ လုံခြုံရေးအတွက်ဘာမှမရတာ။ အခုကျန်နေခဲ့တာက NCA ၊ ငြိမ်းချမ်းရေး ။ ရှေ့လည်းမတက်ဘူး ၊နောက်လည်းမဆုတ်ဘူး။ ဒါ တပ်မတော်ကြောင့်ဘဲလေ။

မေး။ ။ ရပ်တန့်နေတာ ဘာကြောင့် တပ်မတော် ကြောင့်လို့ပြောနိုင်သလဲ။

ဖြေ။ ။ တပ်မတော်ဟာ NCA အတိုင်းမလုပ်ဆောင်လို့လေ။ အပစ်ရပ် ဆွေးနွေးကြပြီဆိုပေမယ့် စစ်အင်အားသုံးပြီး လာလာတိုက်နေတာ။ သဘောတူညီချက်အတိုင်းမလုပ်ဘူးလေ။ ကျနော်တို့ဘက်က စတင်ပစ်ခတ်တာမျိုးမရှိဘူး။ သူတို့ဘက်ကဘဲအရင်လာတိုက်တာ။ ကျနော်တို့က ကိုယ့်ကိုယ်ကိုကာကွယ်တော့ တိုက်ပွဲတွေဖြစ်ရတော့တာပေါ့။ နယ်မြေကျူးကျော်မှုလို့သူတို့ပြောလာတယ်။ သဘောတူညီချက်ထဲမှာ ဆုံးဖြတ်ရသေးဘူးလေ ကျနော်တို့က ဘယ်နေရာမှာနေရမယ်ဆိုတာ။ ကျနော်တို့က သျှမ်းတပ်။ သျှမ်းပြည်အတွက်လုပ်နေတာ ။ ဗမာပြည်ကို မသွားဘူး။ ဗမာပြည်မှာသွားမရှုပ်ဘူး။ ဘယ်လိုလုပ်ပြီးနယ်မြေကျူးကျော်တယ်လို့သူတို့ဆိုလာတာတုန်း။

မေး။ ။ ဒီပြီးခဲ့တဲ့ ၂၁ ရာစုပင်လုံညီလာခံမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း မိန့်ခွန်းမှာပြောသွားတယ်။ ပြည်သူလူထုတရပ်လုံးကိုကိုယ်စားပြုတာ အစိုးရတပ်မတော်ဘဲ လို့ပြောတယ်။ ဒီအပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ဒါကတော့ သူပြောချင်သလို ပြောနေတာဘဲလေ။ သမိုင်းဆိုတာက ပြည်သူလူထုကိုလိမ်လို့မရပါဘူး။ သဘာဝအလျောက်ဖြစ်လာတာလေ။

မေး။ ။ အဲလိုဆိုရင် NCA ကလည်းတန့်နေတဲ့အနေအထားဆိုတော့ နိုင်ငံရေးဆွေးနွေးဖို့ ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် ဖြစ်နိုင်ပါ့မလား။

ဖြေ။ ။ ကျနော်တို့ အပစ်အခတ်ရပ်စဲတာဟာ နိုင်ငံရေးဆွေးနွေးဖို့ဖြစ်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ ခုခေတ်က အရင် စစ်အာဏာရှင်ခေတ်တုန်းကလိုမဟုတ်ဘူးလေ။ ဗိုလ်သန်းရွှေတို့ ခင်ညွန့်တို့လက်ထက်တုန်းကတော့ စစ်ချင်းစစ်ရပ်တာဘဲရှိတယ်။ နိုင်ငံရေးဆွေးနွေးဖို့လမ်းမရှိဘူး။ အစိုးရသစ်နဲ့သာနိုင်ငံရေးဆွေးနွေးဖို့ဘဲပြောတယ်လေ။ အခုကျနော်တို့အပစ်ရပ်တာကျတော့ အပစ်ရပ်တာနဲ့နိုင်ငံရေးဆွေးနွေးဖို့။ ဦးအောင်မင်းတို့နဲ့မတွေ့ခင်ကတည်းက ကျနော်တို့ အချက် ၄ ချက်တင်ပြထားတယ်။ ၁- အပစ်ရပ်ရေး၊ ၂- နိုင်ငံရေးဆွေးနွေးရေး၊ ၃- ဆက်ဆံရေးရုံးများဖွင့်လှစ်ရေး၊ ၄- ကျနော်တို့လက်တွဲပူးပေါင်းပြီး မူးယစ်ဆေးဝါးတိုက်ဖျက်သွားဖို့ ဆိုတဲ့အချက် ၄ ချက်ပါ။

အပစ်ရပ်ပြီး နိုင်ငံရေးမဆွေးနွေးရရင် ဘာကြောင့်အပစ်ရပ်နေတော့မလဲ။ စစ်ရေးဆိုတာ အဆုံးအဖြတ်ပေးမယ့် အဓိကချက် ဘဲ။ နိုင်ငံရေးဆိုရင် အနိုင်အရှုံးပေါ့။ အခုကြည့်လိုက်ရင် ကျနော်တို့ ပစ်ခတ်တိုက်ခိုက်လာကြတာ နှစ်ပေါင်း ၆၀ ရှိပြီ။ ဘယ်သူမှမနိုင်ဘဲ ဘယ်သူမှမရှုံးဘူး။ ဦးသိန်းစိန်အစိုးရတက်လာပြီး နိုင်ငံရေးဆွေးနွေးဖို့လမ်းဖွင့်ပေးမှ ကျနော်တို့အပစ်ရပ်ကြတာလေ။ တပ်မတော်ဆိုတာကလည်း ပြည်သူလူထုရဲ့တပ်မတော်ဘဲ။ လူထုကိုကိုယ်စားပြုမပြု ဒါဖွင့်ပြောစရာမလိုဘူး တကမ္ဘာလုံးကသိနေတယ်။ တပ်မတော်ဆိုတာ ၁၉၆၂ ဦးနေဝင်း အာဏာသိမ်းပြီးနောက်ပိုင်း တဖြည်းဖြည်းနဲ့အာဏာကြီးမားကျယ်ပြန့်လာတယ်။ တနိုင်ငံလုံးကို အုပ်ချုပ်မင်းလုပ်လာတယ်။ သူတို့တက်လာပြီးနောက်လူထုက တဖြည်းဖြည်း မွဲပြာကျလာတယ်။

ဥပမာ မလေးရှားနိုင်ငံဟာ ၁၉၆၄ လွတ်လပ်ရေးရပြီးနောက်ပိုင်းတဖြည်းဖြည်း တိုးတက်ပြောင်းလဲလာတယ်။ မြန်မာနိုင်ငံကတော့ ၁၉၄၈ လွတ်လပ်ရေးရပြီးနောက်ပိုင်းတဖြည်းဖြည်း မွဲပြာကျသွားတယ်။ ဘာကြောင့်လဲ။ စစ်အုပ်ချုပ်ရေးမှာ လူထုက ဘာလုပ်ပိုင်ခွင့်အခွင့်အရေးမှမရှိဘူးလေ။

သူတို့က လူထုကနေလာလို့ လူထုကိုကိုယ်စားပြုတယ် ဆိုတဲ့စကားကတော့ မဟုတ်ပါဘူး။ နိုင်ငံတော်ဖွဲ့စည်းပုံကို သူတို့ဘာသာရေးချင်ရာရေးပြီး သူတို့ပြောတဲ့ မှန်ကန်မှုဆိုတာက လူထုကို ကိုယ်စားမပြုဘူး။ သဘာဝကျကျဖြစ်စေချင်ရင် လူထုကိုကိုယ်စားပြုစေချင်ရင် ပင်လုံစာချုပ်မှာကြည့်လိုက်ပါ။ ဗမာပြည် သျှမ်းပြည် ဆိုတာကြီးက သိသာပေါ်လွင်ထင်ရှားစေပါတယ်။ ပင်လုံစာချုပ်ဆိုတာက ပြည်နယ်တွေစုစည်းပြီးတော့တည်ထောင်ထားတာတွေ့ရတယ်။အဲတာသဘာဝကျတယ်။ ကျနော်တို့အားလုံးရဲ့ပြည်ထောင်စုဖြစ်တယ်။ ပင်လုံစာချုပ်ကသက်သေဘဲ။ ဒါကိုကမ္ဘာကလည်းသိတယ်။ အဲတုန်းက ကချင်ပြည်နယ်ဆိုတာမရှိသေးဘူးလေ။ သျှမ်းစော်ဘွားတွေကသဘောထားကြီးစွာနဲ့ သျှမ်းမြေတဝက်ကို ကချင်တွေကိုခွဲပေးလို့ ကချင်ပြည်နယ်ဆိုတာရှိလာတာ ။ ၁၉၄၈ ခုနှစ်ကမှ ကချင်ပြည်နယ်သတ်မှတ်ပေးခြင်းခံရတယ်။ အဲ့ချိန်ကစပြီး ကချင်တွေ လုပ်ပိုင်ခွင့်တွေရှိလာတယ်။ ပင်လုံစာချုပ်မှာ ကချင်၊ သျှမ်း၊ ချင်း ၊ဗမာ ဘဲရှိတယ်လေ။ တကယ်လို့ ပင်လုံစာချုပ် အတိုင်းဆက်လုပ်သွားမယ်ဆိုရင်တော့ ဒီမိုကရေစီဆိုတာ ပျက်စီးမှာမဟုတ်ဘူး။ ကျနော်တို့ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်မယ်။ လူထုအုပ်ချုပ်ရေးစနစ်အစစ်အမှန်ဖြစ်ပါမယ်။

၁၉၆၂ မှာ တပ်မတော်က အာဏာသိမ်းလိုက်တယ်။ နိုင်ငံတော်ကိုစစ်စနစ်နဲ့အုပ်ချုပ်တယ်။ ဒါကြောင့်နိုင်ငံကမတိုးတက်ဘူး။ ဒါကြောင့် သျှမ်းမှာဘဲ သျှမ်းတပ်ရှိတာမဟုတ်တော့ဘဲနဲ့ တခြားသော ရခိုင်တွေ ချင်းတွေ မွန်တွေ မှာလည်း တပ်ဖွဲ့တွေအသီးသီးရှိလာတယ်။ ပင်လုံစာချုပ်ထဲမပါတဲ့ မွန်တောင်မှ မွန်တပ်မတော်ဆိုတာရှိတယ်။ ကရင်လည်းဘဲ ပင်လုံစာချုပ်မတိုင်ခင်ကတည်းက ကရင်တပ်ဆိုတာရှိတယ်။ စောဘဦးကြီးဦးဆောင်ပြီးတော့ ရန်ကုန်ကို၀င်တိုက်တယ်။ ကရင်နီလည်း တပ်ဖွဲ့ရှိလာတယ်။

နိုင်ငံရေးတံခါးပိတ်ထားတော့ ဒါတွေ ဖြစ်လာတာလေ။ တိုင်းရင်းသားတွေအတွက်ဘာအခွင့်အရေးမှမရှိဘူး။ လုပ်ပိုင်ခွင့်မရှိ ပြောပိုင်ခွင့်မရှိဘူး။ ရွေးချယ်ဖို့လမ်းမရှိတော့တဲ့အတွက်လက်နက်ကိုင်တိုက်ခိုက်ရေးလမ်းစဉ် ဖြစ်လာကြတာ။

အခုကျနော်တို့ နိုင်ငံရေးစာစောင်ရှိလာပြီ။ ပင်လုံစာချုပ်ကိုပြန်ကြည့်၊ ၁၉၄၇ အခြေခံဥပဒေကိုပြန်ကြည့်ပြီး ဆက်လုပ်သွားရမယ်။

ပင်လုံစာချုပ်ဘာကြောင့်ပျက်ပြယ်သွားသလဲ။ ဘာကြောင့် တပ်မတော်က အာဏာရလာသလဲ ဒါတွေဟာ ပြည်သူလူထုတရပ်လုံးသိတယ်။ တိုင်းရင်းသားတိုင်းကသိတယ်။ လိမ်ပြောလို့မရဘူး။ ကိုယ်လိုရာဆွဲပြောလို့မရဘူး။ သမိုင်းကို ပြန်ပြင်လို့မရဘူး။

မေး။ ။ ၂၀၂၀ မတိုင်ခင် အားလုံးကိုအပစ်ရပ်စေချင် ဆိုတဲ့ဟာကကော်။

ဖြေ။ ။ သူပြောချင်တာလျှောက်ပြောမှာပေါ့။ ဒါကြီးက မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ တိုင်းရင်းသားတွေအပေါ် ဘယ်တုန်းကမှကောင်းခဲ့တာမရှိဖူးဘူး။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တိုင်း ကျနော်တို့မှာ ရည်မှန်းချက်ချင်းတူညီတယ်။ ၁- နိုင်ငံတော်အုပ်ချုပ်ရေးကိုပြင်ဆင်ရမယ်။ အဓိက ၂၀၀၈ ဖွဲ့စည်းပုံပေါ့။ အဲတာပြင်ဆင်ပြီးရင် ဖက်ဒရယ်မူ လုပ်ရမယ်။ သူတို့ပြောသလို ခွဲထွက်ရေးတွေဘာတွေမလုပ်ရဘူးဆိုတာက ဖက်ဒရယ်ဆိုတာ ခွဲထွက်မှုမရှိအောင်ပြထားတဲ့မူလေ။ တကယ်လို့ တရားမျှတမှုရှိရင် ကျနော်တို့ရှိထားတဲ့ဖက်ဒရယ်မူအရ ခွဲထွက်စရာကိုမလိုတော့တာ။ ပြည်ထောင်စုကို ဘယ်သူမှမခွဲထွက်လိုဘူး။ ပြည်ထောင်စုကို ဘယ်သူမှ မဖြိုခွဲချင်ဘူး။ ပြည်ထောင်စုကိုဖျက်ဆီးနေတာက အစိုးရတပ်မတော်။ နေဝင်းအာဏာသိမ်းကတည်းက ပြည်ထောင်စုကြီးကိုသူဖြိုခွဲလိုက်ပြီဘဲ။ အခု ပြည်ထောင်စုလို့ခေါ်နေတာက အတုကြီး ။ အမှန်က ၁၉၇၄ ခုနှစ် မြန်မာ့ဆိုရှယ်လစ်စတင်ကတည်းက တပြည်ထောင်ဖြစ်နေတာ။ အခုပြည်ထောင်စု ဆိုပြီးလိမ်ညာရောင်းစားနေတာ။ မြန်မာနိုင်ငံသားတွေကိုလိမ်နေတာ။ တကမ္ဘာလုံးကို လိမ်ညာနေတာ။

မေး။ ။ အခုအခြေအနေကိုကြည့်ရင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ပြီး လူထုလိုချင်တဲ့ ဖက်ဒရယ်ဆီကိုလှမ်းနိုင်ဖို့အနေအထားရှိပါသလား။

ဖြေ။ ။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့ဆိုတာ NLD မှာ မူတည်ပါတယ်။ လူထုဆီမှာမူတည်ပါတယ်။ ပါတီလည်းအရေးကြီးတယ်။ လက်နက်ကိုင်တပ်ဖွဲ့တခုတည်းမှာသာမဟုတ်ပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံကို ဒီမိုကရေစီကျကျမပြင်နိုင်သေးသရွေ့၊ အုပ်ချုပ်မှုစနစ်ကို ဖက်ဒရယ်ပုံစံ မပြင်နိုင်သေးသရွေ့ အဝေးကြီးသွားဦးမှာဘဲ။ အခု ဆွေးနွေးပွဲမှာ ညီလာခံမှာ တပ်မတော်ပါတယ်။ နိုင်ငံတော်ကို ကန့်လန့်ဖြတ်ကာဆီးနေတာလည်း တပ်မတော်ဘဲ။ NLD အနေနဲ့ကတော့ သူ နိုင်ငံတော်ကိုဒီမိုကရေစီဖြစ်အောင် ပြင်ချင်တာဘဲလေ။ ဒေါ်အောင်ဆန်းစုကြည်က။ ဒါမယ့် စစ်တပ်က ကန့်လန့်ပိတ်ထားတော့သူဘာမှမလုပ်နိုင်ဘူးလေ။ ပြည်ထဲရေးလည်း စစ်တပ်ဘဲ။ ရဲတွေဘာတွေက စစ်တပ်အောက်မှာလေ။ ပြည်သူ့စစ်တွေလည်းစစ်တပ်အောက်ကဘဲလေ။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ၊ နယ်မြေလုံခြုံရေးကိုင်းဆိုင်ရာအားလုံးကိုစစ်တပ်ကဘဲကိုင်ထားတယ်လေ။

မေး။ ။ NLD အစိုးရ သက်တမ်းက ၁ နှစ်ကျော်လေးဘဲကျန်တော့တယ်ဆိုတော့ ယုံကြည်အားကိုးလို့ရပါ့မလား ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက်။

ဖြေ။ ။ပြောလို့တော့မရသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကအခုလောလောဆယ်သူက ဘာအာဏာမှမရှိဘူးလေ။ သူ့ကိုအပြစ်သွားပြောလို့တော့ဘယ်ရမလဲ။ သူက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုပေမယ့် စစ်တပ်ကိုသူဘာမှ ညွှန်ကြားလို့မရဘူးလေ။ တဖက်ကိုပြန်ကြည့်မယ်ဆိုရင် စစ်တပ်ကိုညွှန်ကြားနိုင်တာ သမ္မတဘဲဆိုပေမယ့်လည်း သမ္မတကထိထိရောက်ရောက်လုပ်တာဘာမှမတွေ့မိသေးဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က လာမယ့်ရွေးကောက်ပွဲမှာလည်း သူ နိုင်နိုင်သေးတယ်။ ဘာလို့လည်းဆိုတော့ သူ့မှာဘယ်လိုအခက်အခဲတွေရှိနေလဲဆိုတာ လူထုကသိနေတယ်လေ။ လူကြီးမပြောနဲ့ ကလေးတွေတောင်သိတယ်လေ သူ့အခက်အခဲကို။

မေး။ ။လူထုရွေးချယ်တင်မြောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်က အာဏာသုံးရင်ရနိုင်တယ်။ ဒါပေမယ့် တပ်မတော်အပေါ်သူဘာကြောင့်မပြတ်သားသလဲ။

ဖြေ။ ။ သူ့မှာလက်နက်မရှိဘူးလေ။ စစ်တပ်က လက်နက်ရှိတယ်လေ။ သူမလုပ်တတ်ရင် ထောင်ပြန်ကျနိုင်တယ်လေ။

မေး။ ။ ၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ်အပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ခုနကပြောသွားတဲ့အတိုင်းဘဲပေါ့။ လူထုအတွက်ဘာမှအကျိုးမရှိဘူး။ ကမ္ဘာကို မျက်လှည့်ပြလိုက်တာဘဲ။ အကျိုးရှိတာတခုက အဲမှာသွားပြီးဆုံကြတယ် ဒါဘဲရှိတယ်။ ဘာမှသဘောတူညီချက်မရခဲ့ဘူး။ မြောက်ပိုင်း ရ ဖွဲ့ကလည်း လာပြီးတွေ့ဆုံတယ်။ ဘာမှတင်ပြခွင့်မရှိခဲ့ဘူး။

မေး။ ။ တပ်ချုပ်ကြီးမင်းအောင်လှိုင်ပြောသွားတဲ့မိန့်ခွန်းတွေထဲမှာ ဘယ်လိုထပ်ပြီး သုံးသပ်ချင်ပါသလဲ။

ဖြေ။ ။ တပ်ချုပ်ကြီးပြောသွားတဲ့အထဲမှာ မှန်တဲ့အချက်လည်းအနည်းအကျဉ်းရှိပါတယ်။ သူပြောတဲ့အထဲမှာ ကနေ့အခြေအနေနဲ့ မကိုက်ညီတဲ့ဟာတွေပါတယ်။ တကယ်လို့သူပြောတဲ့အတိုင်းလိုက်မလုပ်ရင် ငြိမ်းချမ်းရေးလမ်းစဉ်မှာလည်းသူတို့လိုက်မှာမဟုတ်ဘူးလို့ ပြသလိုက်သလိုပါဘဲ။ ၂၀၀၈ အတိုင်းလိုက်မလုပ်ရင် NCA လည်း ပျက်စီးမှာဘဲ။ စစ်တပ်အာဏာပြန်သိမ်းတာလည်းဖြစ်ချင်ဖြစ်မယ်။ သူ့မိန့်ခွန်းအရဆိုရင် ။

(အပိုင်း ၂ နှင့်အပိုင်း ၃ ကို ဆက်လက်စောင့်မျှော်ဖတ်ရှုရန်)

Leave a Comments

- Advertisement -spot_img

Latest article