ထုန့်မောဝ်းဒေသ တခြားလက်နက်ကိုင်ဆက်ကြေးကောက်ခံမှု SSPP တားမြစ်ပေးရန် တောင်းဆို

0

သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသ (ထုန့်မောဝ်း)အတွင်း နေထိုင်သည့် သျှမ်းပြည်သူလူထုမှ နယ်မြေတွင်း ဖြစ်ပွားနေသည့် မူးယစ်ဆေးဝါးပြဿနာများနှင့် လက်နက်ကိုင်တစ်ချို့ ဆက်ကြေးကောက်နေသည့်အပေါ် ဖြေရှင်းပေးရန် SSPP/SSA တပ်ဖွဲ့ကို တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။

ယမန်နေ့ ( ဇွန်လ ၁၀) ရက် က ထုန့်မောဝ်ဒေသခံများ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြပြီး မူးယစ်ဆေးဝါးဆိုင်ရာ ပြဿနာနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲများ ဆက်ကြေးကောက်ခံနေသည့် အပေါ် ကာကွယ်ပေးရန် အတွက် SSPP/SSA နှင့်သွားရောက်တွေ့ဆုံပါက အထက်ပိုင်းခေါင်းဆောင်များထံ တောင်းဆိုမည်ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

“ မူးယစ်ဆေးနှိမ်နင်းပေးဖို့နဲ့ KIA ၊ TNLA တပ်ဖွဲ့တွေကနေ ဆက်ကြေးကောက်ခံနေတဲ့ကိစ္စ၊ ဒီအချက် (၂)ချက်ကို SSPP အနေနဲ့ ဖြေရှင်းပေးစေလိုတယ်။ လက်ရှိ ထုန့်မောဝ်ဒေသမှာ RCSS ရော SSPP ပါရှိနေတယ်ဆိုပေမယ့် SSPP က အင်အားပိုကြီးနေတယ် ” ဟု ရွှေလီမြစ်ဝှမ်းဒေသ မှ ဒေသခံ တစ်ဦးက ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်များလည်း သက်ဆိုင်ရာလူမျိုးများထံတွင်သာ အသီးသီး ဆက်ကြေးကောက်ကြရန် ဒေသခံများက လိုလားနေကြောင်း ၊ ၎င်းကိစ္စရပ်များကို SSPP အနေဖြင့် ကူညီဖြေရှင်းပေးနိုင်မည်ဟုမျှော်လင့်ကြောင်း ထုန့်မောဝ်းသျှမ်းလူထုက ပြောသည်။

ထုန့်မောဝ်းဒေသသည် ယခင်က သျှမ်းပြည်ပြန်လှည်ထူးထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA က ထိန်ချုပ်ခဲ့ပြီး၊ ယခုတွင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA က ထိန်ချုပ်နေသည့် နယ်မြေဖြစ်ကြောင်းသိရသည်။

Leave a Comments