သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ နေ့စဉ်မြင့်တက်လာသဖြင့် တာချီလိတ် ရပ်ကွက် (၆)ခုနှင့် ကျေးရွာတချို့ Lockdown ချထားကြောင်း စုံစမ်းသိရသည်။
ယနေ့(နိုဝင်ဘာ ၃၀)ရက်ထိ တာချီလိတ်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၃၄)ဦး ဆေးကုသခံနေကြောင်း သိရသည်။
ကိုဗစ်-၁၉ အတည်ပြုလူနာ အသွား၊အလာများသည့်နေရာများနှင့် နေထိုင်သည့်နေရာများဖြစ်သည့် တာချီလိတ်မြို့ ရပ်ကွက် (၆)ခုနှင့် ကျေးရွာ အုပ်စု (၄)စုတို့ကို Lockdown ချထားကြောင်း၊ ထိုထဲတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၆ဦး တွေ့ရှိသည့် မိုင်းဖုန်း ကျေးရွာ အုပ်စု ပါဝင်ကြောင်း တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော က သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ တာချီလိတ်မှာ ဒီနေ့ထိတော့ ၃၄ ယောက်ရှိပြီး။ မိုင်ဖုန်းမှာက သွားလာတဲ့သူတွေများနေတယ်။ positive လူနာကသွားလာတာတွေများနေတယ်။ ရွာတွေထက်ပြီး မပြန်အောင် lockdown ချထားလိုက်တာပါဟု” တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှု ဦးချမ်းမြေ့စောက ပြောသည်။
မိုင်းဖုန်းကျေးရွာအုပ်စု ကို Lockdown ပြုလုပ်ထားသည်နှင့် ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးရုံ၏ စာရေးဖြစ်သူဦးရဲမြင့်ဦး က “ သူတို့က( ကိုဗစ်-၁၉ လူနာ) ဟိုတယ်တစ်ခုမှာ သွားလည်ထားပြီးတော့ နာရေးတစ်ခုမှာ သွားပြီးကူညီးထားတယ်။ ပြီးတော့ သူတို့ကို သတိမထားမိတာလဲဖြစ်မယ်။ ကျနော်တို့က ရွာကို မပြန်စေချင်လို့ lockdown ချလိုက်တာပါ” ဟု သျှမ်းသံတော်ဆင့် ကို ပြောသည်။
မိုင်းဖုန်(က)ကျေးရွာတွင် lockdown ချထားသော်လည်း ရွာသားများအတွက်အခက်ခဲများ လယ်ယာများသွားရာတွင် အခက်ခဲရှိနေကြောင်းသိရသည်။
“ အခက်ခဲတော့သိပ်မရှိပေ့မဲ့ ခုချိန်က စပါးရိတ်သိမ်းချိန်ဆိုတော့ အဲတာခက်ခဲတော့ရှိတာပေါ့။ သွားတာ တော့သွားရပါတယ်။ ဒါပေမယ့် အဖွဲ့လိုက်သွားလို့မရတော့ဘူး” မိုင်းဖုန်ဒေသခံ စိုင်းဝီ ကပြောသည်။
မြန်မာနိုင်ငံတွင် ယနေ့ နိုဝင်ဘာ ၃၀ ရက်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၂၂၇)ဦးတိုးလာပြီး ၊ သေဆုံးသူ (၂၃)ဦးရှိကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။