သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ကျေးလက်တချို့ ရှိ မဲရုံများ ၌ မဲဆန္ဒရှင်ကျေးလက်လူထု ပြည့်ကျပ်တို၀ှေ့ကာ ၃ ပေ ၆ပေအကွာ မခြားနိုင်ခဲ့ကြကြောင်းသိရသည်။
သီပေါမြို့နယ် နားမခေါ်အုပ်စုရှိ နားမခေါ်ရွာ မဲရုံ ၁၀၁၊ ၁၀၂ နှင့် နမ့်လန် ကောင်းလန်းရွာ မဲရုံအမှတ် ၇ တို့တွင် မဲဆန္ဒရှင်များ အကွာအ၀ေးနှင့်အညီမရပ်နိုင်ကြခြင်းဖြစ်ကြောင်း မဲပေးမှုတွင် ကူညီမှုပေးနေသည့်သီပေါလူငယ် တဉီးကပြောသည်။
“ဘာကြောင့်တိုး၀ှေ့ကျပ်သိပ်တဲ့အထိ ဖြစ်ရလဲဆိုတော့ ဒီနှစ်က ကိုဗစ်ကြောင့် ပါတီစည်းရုံးရေးအဖွဲ့က ရွာတိုင်းမဆင်းနိုင်ခဲ့ဘူး။ Voter Education မလုပ်နိုင်ခဲ့ဘူး။ ဆိုတော့ ရွာသားတော်တော်များများက မဲထည့်ခြင်းဗဟုသုတနည်းပါး ကြ တယ်။ အဲတာကြောင့် မဲထည့်မှုမှာနှောင့်နှေးကြန့်ကြာရတာဖြစ်တယ်။ မဲရုံပြင်ပမှာ လည်းလူတွေက ကျပ်သိပ်နေရတာဖြစ်တယ်။ ” ဟု အဆိုပါလူငယ်ကပြောသည်။
အဆိုပါမဲရုံများတွင် မဲပေးခွင့်ရှိသူ တစ်ထောင်ကျော်ရှိနေပြီး မွန်းတည့်ချိန်အထိ ရာဂဏန်းသာ မဲထည့်ပြီးစီးနိုင်ခဲ့ကြောင်း၊ နေပူလာချိန် လူစုသည် အရိပ်ရှိသို့စုပြုံခိုလှုံကြပြန်သဖြင့် ကိုဗစ်ကာကွယ်ရေးအတွက် အခက်အခဲဖြစ်စေကြောင်း သိရသည်။
ထိုအတွက် သျှမ်းပြည်တွင်း ကျေးလက်မဲဆန္ဒရှင်များအတွက် မဲပေးခြင်းပညာ မှာ လွန်စွာအရေးကြီးနေကြောင်းလည်း လူငယ်များကထောက်ပြပြောဆိုပါသည်။