သျှမ်းပြည် နမ့်လန်မြို့နယ်အတွင်း တောင်သူများ စိုက်ပျိုးထားသည့် ပြောင်းခင်းထဲကြွက်များ ဝင်ရောက်သောင်းကျန်းမှုကြောင့် ပြောင်းအများအပြား ပျက်စီးကြောင်း စုံစမ်းသိရသည်။
ယခုရက်ပိုင်း နမ့်လန်မြို့နယ်အတွင်း တောင်သူများ စိုက်ပျိုးထားသည့် ပြောင်းခင်းထဲ ကြွက်များဝင်ရောက်သောင်းကျန်းမှုကြောင့် ပြောင်းများပျက်စီးခဲ့ရပြီး၊ ပြောင်းထွက်နှုန်းထိခိုက်မှုရှိကြောင်း နမ့်လန် တောင်သူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“ ပြောင်းအထွက်နှုန်းကောင်းပေမယ့် ကြွက်တွေဖျက်ဆီးတော့ ဆုံးရှုံးမှုရှိတယ်။ တကယ်လို့ ကြွက်တွေ လိုက်မကိုက်ရင်တော့ အထွက်နှုန်းများတယ်။ ပုံမှန် ကျပ်သိန်း ၁၀၀ ရတာကို အခုကြွက်တွေ လိုက်ကိုက်လို့ ကျပ်သိန်း ၈၀ လောက်ပဲ ကျန်တယ်။ ၂၀ လောက်က ကြွက်တွေအကုန်စားသွားတာ “ ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။
ပြောင်းခင်းထဲ နှစ်စဥ်နှစ်တိုင်း ကြွက်များသောင်းကျန်းမှုရှိသော်လည်း လက်ရှိမှာ ခေတ်ကာလ အခြေအနေမကောင်းသဖြင့် စားဝတ်နေရေး ခက်ခဲမည်ကို စိုးရိမ်နေကြသည်။
ထို့အပြင် နမ့်လန်မြို့နယ်အတွင်း ပြောင်းစိုက်ခင်းများသည် ဧကပေါင်း ၁ ထောင်ကျော် ထက်မနည်း ရှိပြီး နမ့်လန်မြို့အနီးရှိ ကျေးရွာ ၅ ခန့်က ပြောင်းစိုက်ခင်းများ ကြွက်များကြောင့် ပျက်စီးနေရကြောင်း သိရသည်။