Sunday, October 13, 2024

ပြောင်းဖူးစက်ရုံးသုံး ကျောက်မီးသွေး အနံ့ဆိုးကြောင့် ပြည်သူများ အသက်ရှူကြပ်လာ

Must read

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့ရှိ ပြောင်းဖူးစက်ရုံများတွင် ကျောက်မီးသွေးကို အသုံးပြုသောကြောင့် အနံ့သက်ဆိုးများထွက်ပေါ်လာပြီး ပြည်သူများ အသက်ရှူကြပ်မှု စတင်ကြုံတွေ့လာကြောင်း စုံစမ်းသိရသည်။

ကျောက်မီးသွေးသုံးပြောင်းဖူးစက်ရုံ

အဆိုပါ ပြောင်းဖူးစက်ရုံမှ ထွက်ပေါ်လာသည့် အနံ့သည် လွန်စွာဆိုးရွာသဖြင့် ၎င်းဘေးပတ်ဝန်းကျင်တွင် နေထိုင်သည့် ပြည်သူများ အသက်ရှူကြပ်လာကြောင်း စက်ရုံးအနီးပတ်ဝန်းကျင်တွင်နေထိုင်သည့်သူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အနံ့ကတော်တော်ဆိုးတယ်။ ညှီနံ့တွေလိုပဲ။ ယမ်းနံ့တွေလို အပုတ်နံ့လိုမျိုးပဲ။ အနံ့က အရမ်းကို ဆိုးတာ။ နေ့ကော ညကော အဲအနံ့ကို ရှူနေရတယ်။ အသက်ရှူရကြပ်တယ် ” လို့ ထိုပြောင်းဖူးစက်ရုံဘေးမှာ နေထိုင်သည့် အသက် ၄၀ကျော် အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မီးသွေး အသုံးပြုသည့် ပြောင်းဖူးစက်ရုံများတွင် အနံ့ဆိုးကြောင့် အချိန်တိုအတွင်း အသက်ရှူရကြပ်လာပြီး ရင်ဘတ်တွေ အောင့်လာကြောင်းလည်း ၎င်းက ပြောသည်။

“ အသက်ရှူရတာကြပ်တယ်။ ကျနော် ၃ ရက်ဆက်တိုက်ပြောင်းဖူးစက်ရုံဘေးမှာ သွားနေကြည့်တာ။ ညာဖက် ရင်ဘက်တစ်ခြမ်း နဲ့ ကျောတွေအောင့်တယ်။ အတော်ဆိုးတယ် ” ဟု နမ့်လန်မြို့ စိန်ပန်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၅၀ကျော် အမျိုးသားတစ်ဦးက ပြောသည်။

နမ့်လန်မြို့ရှိ ပြောင်းဖူးအခြောက်ခံသည့် စက်ရုံအချို့သည် အသုံးပြုပြီး အချို့သည် ကျောက်မီးသွေးကို အသုံးပြုကြသည်။

နမ့်လန်မြို့ပေါ်တွင် ပြောင်းဖူးအခြောက်ခံစက်ရုံ ၁၀ ကျော်လောက်ရှိနေပြီး သျှမ်းသံတော်ဆင့် သတင်းဌာနမှ ရရှိထားသည့် စာရင်းအရ ကောင်းလန်ရပ်ကွက်တွင် ၄ ခု၊ ကျုံးတော်ရပ်ကွက်တွင် ၁ ခုတည်ရှိထားကြောင်း သိရသည်။

အဆိုပါကျုံးတော်ရပ်ကွက်တွင် ရှိသည့် ပြောင်းဖူးစက်ရုံသည် မြို့ဦးဘုန်းကြီးကျောင်း နှင့် နီးပြီး ထိုစက်ရုံမှ အနံ့သက်ဆိုး အမြဲထွက်နေကြောင်းသိရသည်။

ထိုစက်ရုံသည် လာဖွင့်တာ ၁ လဝန်းကျင်ကျော်ကြာရှိပြီး ပိုင်ရှင်မှာ ဦးကျိန်းစန်းယဉ်ဖြစ်ကြောင်း သိရသည်။
စက်ရုံမှ ထွက်ပေါ်လာသည့် အနံ့ဆိုးကြောင်း မြို့ဦးဘုန်းကြီးကျောင်းအတွင်းရှိ သံဃာတော်များက ကျောင်းတွင်းသိပ်မနေပဲ စာသင်ချိန်မှ ကျောင်းတွင်းသို့ ပြန်လာနေကြောင်း သိရသည်။

“ လေကောင်းလေသန့်ကို မရဘူး။ နေ့ကော ညကော အနံ့တွေရနေတယ်။ ညကော မအိပ်ရပါဘူး။ မီးမလာရင် စက်မောင်းကြတာ။ တကယ်ဆို ထင်းနဲ့လှော်လည်းရတယ်။ ကျောက်မီးသွေးနဲ့ လှော်တော့ အနံ့သက်က အရမ်းဆိုးတာ။ အနံ့အရမ်းဆိုလို့ အသက်ကို အောင့်တယ်။ ကိုရင်တွေတောင် စာသင်ချိန်နဲ့ အိပ်ချိန်ကလွှဲပြီး ကျောင်းမှာ သိပ်မနေကြဘူး ” ဟု မြို့ဦးကျောင်းဆရာတော်တစ်ပါးက မိန့်ကြားသည်။

အဆိုပါ ကျောက်မီးသွေးကို ဆက်လက်အသုံးပြုပါက နောက်တစ်ချိန်တွင် နှလုံးရောဂါ နှင့် အဆုတ်ရောဂါများဖြစ်လာမည် ကို ဒေသခံများက စိုးရိမ်နေကြသည်။

“ အခုတောင် ရင်ဘတ်တွေအောင့်တယ်။ မူးတယ်။ အန်တော့မအန်ချင်ဘူး။ အသက်တွေရှူမဝဖြစ်တာ။ အခုလို ဆက်သုံးနေရင်တော နောက်ကျရင် နှလုံးရောဂါတို့ အဆုတ်ရောဂါတွေဖြစ်လာမှာကို စိုးရိမ်တယ်။ အခုထိတော့ ဆေးခန်းတွေ သွားမပြရသေးဘူး” ဟု ဆရာတော်က မိန့်သည်။

ပြောင်းဖူးစက်ရုံများသည် မြို့တွင်းတည်ရှိနေပြီး ပြည်သူများက မည်သည့် အဖွဲ့အစည်းကို တိုင်ကြားရမည်ကို မသိရှိကြပေ။

ထိုပြောင်းဖူးစက်ရုံများတွင် ကျောက်မီးသွေးကို ဆက်လက်အသုံးပြုပါက ကျန်းမာရေးတွေကို ဆိုးရွားစွာ ထိခိုက်လာနိုင် သောကြောင့် ထင်းကိုပြန်ပြောင်းသုံးပေးကြပါရန် မြို့ဦးဘုန်းကြီးကျောင်း ဆရာတော်က တောင်းဆို လိုက်သည်။

Leave a Comments

- Advertisement -spot_img

Latest article