ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ဟိုပုံးမြို့နယ် မှာ ပထမဆုံး အကြိမ်မဲဆွယ် ခွင့် ရခဲ့တဲ့ ပ.အ.မ.ဖ ပါတီ

0

သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နှင့် ဟိုပုံးမြို့နယ်တွင် ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပ.အ.မ.ဖ)ပါတီ မှ မဲဆွယ်စည်းရုံးရေးယာဉ်တန်း များ ဖြင့် အောက်တိုဘာ ၈ ရက်နေ့ကစီတန်းလှည့်လည်ခဲ့ပြီး ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသ ဟိုပုံးမြို့နယ် တွင် ပထမဆုံး အကြိမ် မဲဆွယ်ခွင့် ရခဲ့ကြောင်းသိရသည် ။

၂၀၁၅ ရွေးကောက်ပွဲ နှင့် ၂၀၂၀ ရွေးကောက်ပွဲ အတွင်း ဟိုပုံးဒေသခံပြည်သူ များ၏ နိုင်ငံရေးနှင့် ဒီမိုကရေစီအမြင်များ ပြောင်းလဲတိုးတက်လာသည်ကို တွေ့မြင် ခဲ့ ရပြီး ပြည်သူများအနေနှင့် ရွေးကောက်ပွဲတွင် မှန်ကန်သောဆုံး ဖြတ်ချက်များ နှင့် တွေးခေါ်စဉ်းစားမှု အပိုင်းမှာ အရေးကြီးကြောင်း ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ခွန်သောမတ် ကပြောသည် ။

“ အနိုင်ရခဲ့မယ်ဆိုရင် ကျွန်တော်တို့ ဟိုပုံးမြို့နယ်အတွက် ရိုးရာ ယဉ်ကျေးမှုနဲ့ သဘာဝအခြေခံခရီးသွားဒေသတစ်ခုဖြစ်ဖို့ ပြင်ဆင်ထားတာရှိပါတယ် ။ အဲ့ဒါတွေလုပ်ဆောင်ပေးဖို့ကတိကဝတ်ပြုနိုင်ပါတယ် ” ဟု ခွန်သောမတ် ကဆိုသည် ။

တောင်ကြီးမြို့နယ်တွင် (ပ.အ.မ.ဖ)ပါတီ အနေနှင့်လာမည့် ၂၀၂၀ ရွေး ကောက် ပွဲတွင် အနိုင်ရရှိပါက ပြည်သူများ၏ လိုအပ်ချက်များဖြစ်သော ပညာရေး ၊ ကျန်းမာရေး ၊ လူမှုရေး၊ စီးပွားရေး စသည်များကို သုတေသန ပြုလုပ်၍ အဆင့်အလိုက် လွှတ်တော်တွင် တင်ပြ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဟု တောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော် အမှတ်(၂) တွင်ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ခွန်ရဲသွေးက ကပြောသည် ။

“ အဓိက ကတော့ ကျွန်တော်တို့က လူငယ်ဖြစ်တယ် လူမှုအဖွဲ့အစည်းမှာ ဝင်ရောက်ကူညီဖူးတဲ့ လူတစ်ယောက်ဖြစ်တဲ့ အတွက် လူထုတွေရဲ့ အခြေအနေ အောက်ခြေအထိ လိုအပ်ချက်တွေကိုသိတဲ့ အတွက် လူထုတွေက ကျွန်တော်တို့ကို မဲထည့်ပေးမယ်လို့ယုံကြည်တယ် ”ဟု ၎င်းက ပြောသည် ။

(ပ.အ.မ.ဖ)ပါတီ အနေနှင့် တောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီး ကိုယ်စားလှယ် လောင်းတစ်ဦးဖြစ်သည့် နန်းဟွံဘဲ(ခ)နန်းအုန်းမြင့် က တရားရုံးများတွင် အမျိုးသမီးတန်းတူ အခွင့်အရေးမရှိသည့် အချက် ကိုမြင်တွေ့ခဲ့ရသောကြောင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် တွန်းအားဖြစ်စေခဲ့သည်ဟု ပြောသည် ။

“ ကျွန်မက ရှေ့နေတစ်ဦးဖြစ်တဲ့ အတွက် အမှုတစ်ခုဖြစ်ရင် အမျိုးသမီးတွေ ကိုနှိမ်ချ ဆက်ဆံခံရတာတွေ တွေ့ရတယ် ကျွန်မသာအနိုင်ရခဲ့မယ်ဆိုရင် အမျိုးသမီးတန်းတူအခွင့် အရေးအတွက်ကြိုးစားဆောင်ရွက်ပေးနိုင်မယ်လို့ ပြောချင်ပါတယ် ၊ အနိုင်ရဖို့က တော့ ၅၀ရာခိုင်နှုန်းလောက်တော့ ယုံကြည်မှုရှိပါတယ် ဟု ၎င်းကပြောသည် ။

(ပ.အ.မ.ဖ)ပါတီ အနေနှင့်ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခဲ့ပြီး အနိုင်မရရှိခဲ့သော်လည်း လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းတောင် မြို့နယ်(၇) ခုတွင် ကိုယ်စားလှယ်လောင်း (၁၇) ဦး ဖြင့် ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရပါသည် ။

Leave a Comments

SHARE