Thursday, April 25, 2024

နောက်နောင်အတွက် အားလုံး မျှော်လင့်တဲ့အဆင့်ရအောင် တော့ ဆက်လက်ညှိနှိုင်းလို့ရတယ် …..

Must read

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၊ ၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေးကနေ သဘောတူညီချက် စာချုပ်မှာ တိုင်းရင်းသားအခွင့်အရေးအတွက်ပါတဲ့ အချက်တွေ ပါရှိပေမယ့် ညီလာခံအဖွင့်မိန့်ခွန်း အပါအဝင် ညီလာခံမှာပါဝင်မှုတွေမှာတော့ အားလုံးပါဝင်မှုနဲ့ တန်းတူသောအခွင့်အရေး မရရှိသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များရဲ့ UPDJC အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း ကို သျှမ်းသံတော်ဆင့်က နန်းဆိုင်ဖူးကနေ မေးမြန်းထားပါတယ်။

Photo by SHAN

မေး – ပြီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား ညီနောင်တွေ မတက်ဘူးလို့ ကြားတယ်။ ဘာကြောင့် မတက်ရောက်တာလဲ ဘယ်လိုမြင်ပါသလဲ။

ဖြေ – ပြီးခဲ့တဲ့အခေါက်က ကျနော်တို့ ညီနောင်တွေ လက်မှတ် မရေးထိုးရသေးတဲ့ နောက်ပိုင်း မဟာမိတ် FPNCC , KNPP စသဖြင့်တော့ လာပြီးတော့ အားပေးတယ်။

ဒီတစ်ခေါက်က အခင်းအကျင်းပြောင်းသွားတယ်။ နိုင်ငံရေး အခင်းအကျင်း မြေပြင်အနေအထား အခင်းအကျင်းက မတူတော့ဘူး။

ပြောင်းလဲသွားတဲ့ အနေအထားရှိတယ်။ အစိုးရ နဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းတုန်းက ကျနော်တို့ကပြောတယ် ဖိတ်ကြရအောင် လက်မှတ်မထိုးရသေးတဲ့ ညီနောင်တွေလည်း အားလုံးပါဝင်နေတဲ့ အခင်းအကျင်းဖြစ်ဖို့ လိုတယ်။

ကျနော်တို့ဘက်က ဆွေးနွေးတယ်။ကမ်းလှမ်းတယ်။ အစိုးရဘက်က အဆင်ပြေတယ်။ အစိုးရဘက်က အကြောင်းပြတယ်။ တစ်ချို့အဖွဲ့တွေက လက်ရှိ တည်ဆဲ ဥပဒေနဲ့ ညှိစွန်းနေတဲ့ အဖွဲ့အစည်းရှိတယ်။ ဖိတ်ကြားဖို့ အဆင်မပြေဘူးဆိုတဲ့အနေအထားဖြစ်တယ်။ ဒါကြောင့်ဖိတ်ကြားတဲ့နေရာမှာအဖွဲ့အစည်း တစ်ချို့ကို မဖိတ်တဲ့အနေအထား ဖြစ်တယ်။ ဒါကတစ်ပိုင်း။ ညီနောင်တွေလည်း အစည်းအဝေး ထိုင်တယ်လို့ ကျနော်တို့ ကြားသိရတယ်။ FPNCC အနေနဲ့ ထုတ်ပြန်တာတော့ ၁ အချက်က ခုလောေ လာဆယ်က ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအောက်မှာတော့ သွားရေး လာရေးကအစ ခက်ခဲ တယ်။ ကျန်းမာရေး လမ်းညွှန်ချက်ရှိတဲ့အတွက် အဆင်မပြေဘူး။

နောက်တစ်ချက်က FPNCC ဖြစ်တဲ့ AA အဖွဲ့ ကို မဖိတ်ကြားတဲ့အတွက် စိတ်မကောင်းဘူး။ ဒါကြောင့် ဒီခေါက်ကတော့ တက်ရောက်နိုင်မှာ မဟုတ်ဘူး။ အစိုးရကိုလည်း တရားဝင်စာပို့တယ်လို့ နားလည်တယ်။ ထုတ်ပြန်ကြေညာချက်မှာလည်း ထုတ်တယ်လို့ ပြောတယ်။ KNPP ကလည်း ရောဂါ ကိစ္စကို အကြောင်းပြတာပေါ့နော်။ ဘာပဲပြောပြော သူ့အနေအထား ကိုယ့်အနေအထား မလာနိုင်ပေ မယ့်လည်း ကျနော်တို့ ၁၀ ဖွဲ့အနေနဲ့တော့ ဒီအခင်းအကျင်း ဒီလိုဖြစ်ပါတယ်။ ရလဒ်ဖြစ်ပါတယ်။ အမြဲတမ်း Sharing လုပ်တဲ့ အနေအထားရှိတယ်။

မေး – ကျမတို့ ကြားသိရသလောက်ကတော့ ငြိမ်းချမ်းရေး ဖော်ဆောင်ဆုတွေ ချီးမြှင့်တာတွေရှိတယ်။ဆုချီးမြှင့်တဲ့အပေါ် နည်းနည်းလောက် ရှင်းပြပေးလို့ရပါသလား။

ဖြေ – အစိုးရ အနေနဲ့ သူ့ စဉ်းစားချက် ဒီလိုရှိတယ်။ လက်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရက စတက်လာတဲ့နောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဦးစားပေး လုပ်တာကို ၂၀၁၆ ကနေ ၂၀၂၀ ဒီနှစ်ထိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ထဲထဲဝင်ဝင် တစ်စိုက်မတ်မတ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အားလုံး လက်ခံနိုင်တဲ့အခင်းအကျင်း ချောချောမွေ့မွေ့နဲ့ ချီတက်နိုင်ဖို့ ဆောင်ရွက် နေတဲ့ အဖွဲ့အစည်းတွေက အစိုးရအနေနဲ့ ဂုဏ်ပြုလိုတယ်။

အသိအမှတ်ပြုလိုတယ်ဆိုတဲ့အနေအထားနဲ့ ဆု ချီးမြှင့်တဲ့ကိစ္စ ပေါ်လာရခြင်းဖြစ်တယ်။ အဆင့်(၃) ဆင့်ရှိတယ်။

JICM အစည်းအဝေး တက်ရောက်တဲ့ ပုဂ္ဂိုလ်တွေ (၁၀) ဦးရှိတယ် နိုင်ငံတော်ဘက်က ထိပ်သီးခေါင်းဆောင်တွေ EAO ဘက်က ထိပ်သီးခေါင်းဆောင်တွေ တက်ရောက်တဲ့အပိုင်းဖြစ်တယ် ။

အဲ့ဒီပုဂ္ဂိုလ်တွေ ငြိမ်းချမ်းရေး ဦးဆောင်ဆုလို့ နားလည်တယ်။ အဲ့ဆုကို ပြီးခဲ့တဲ့ JICM (၉ ) ကြိမ်မြောက် သြဂုတ် (၁၃) မှာ ကျင်းပတဲ့ အစည်းအဝေးမှာ ဂုဏ်ပြုမှတ်တမ်း လွှာတွေ ပေးအပ်တ ယ်လို့ နားလည်တယ်။ ထိုင်တဲ့ စားပွဲရှေ့မှာ လာချထားတယ်။ တစ်ဦးချင်း ပေးအပ်တာမဟုတ်ဘူး။

နောက်တစ်ခုက ငြိမ်းချမ်းရေးဖော်ဆောင်ဆု အဲ့ဆုကျတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ကြီးကြပ်လမ်းညွှန်တဲ့ UPDJC အဖွဲ့ဝင် (၄၈) ယောက်ရှိတယ်။ အစိုးရဘက်က (၁၆) ဦး နိုင်ငံရေးပါတီဘက်က (၁၆) ဦး နဲ့ EAO ဘက်က (၁၆) ဦး အဲ့ဆုကိုလည်း ပြီးခဲ့တဲ့ သြဂုတ်လ (၁၇) ရက်နေ့မှာ ကျင်းပတဲ့ UPDJC (၁၉ ) ကြိမ်မြောက်မှာ ခုနပြောတဲ့အတိုင်း အခင်းအကျင်းနဲ့ ပေးအပ်တယ်။ နောက် ဆု တစ်ခုက ငြိမ်းချမ်းရေး ထိန်းသိမ်းဆုက အဲ့ဆုက ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု JMCU အဖွဲ့ဝင်တွေ (၂၀) ကျော်လောက်ရှိတယ်။ အဲ့ (၂၀) ကျော်ကိုလည်း ငြိမ်းချမ်းရေး ထိန်းသိမ်းဆုကို ပေးအပ်မယ်။ ချုပ်ပြီးပြောရမယ်ဆိုရင် အစိုးရဘက်ကတော့ ၄ နှစ်တာ ကာလအတွင်းမှာ သူ့လက်ထက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်စိုက်မတ်မတ် ဦးဆောင် လမ်းညွှန် အကောင်အထည်ဖော် ထိန်းသိမ်းပေးတဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေ အသိအမှတ်ပြုတယ်။ခုနပြောတဲ့ ဂုဏ်ပြု မှတ်တမ်းလွှာနဲ့ ဆု ချီးမြှင့်တဲ့ ကိစ္စ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

မေး – PPST ယာယီအဖွဲ့ခေါင်းဆောင် မိန့်ခွန်းပြောကြားရာမှာ သျှမ်းဘာသာစကားနဲ့မိန့်ခွန်းပြောဖို့ စီစဉ်ထားပေမယ့် ဘယ်လိုအကြောင်းကြောင်းကြောင့် မြန်မာဘာသာ စကားနဲ့ မိန့်ခွန်းပြောဖြစ်သွား တာလဲ။

ဖြေ – ကျနော်သိသလောက်ဆိုရင် သျှမ်းလူမျိုး အသိုင်းအဝိုင်းကြားမှာ ဟိုလေးတကြော်ကြော် ဖြစ်သွားတယ်။ သျှမ်းဘာသာနဲ့ပြောဖို့ ညှိနှိုင်းဆွေးနွေးခဲ့တယ်။ နောက်ဆုံးတော့ live လွှင့်တဲ့အပိုင်းမှာ ဗမာလိုဖြစ်သွားတယ်။ ဘယ်လို အလှည့်အပြောင်း ဖြစ်တယ်ဆိုတဲ့ဟာလေး ဒီနေရာမှာ ပြောသင့် ပြောထိုက်တဲ့ကိစ္စလေးတွေ ပြောမှာဖြစ်ပါတယ်။

အမှန်ဆို ကျနော်တို့ဘက်က ပြောလိုတဲ့အကြောင်းအရင်း ကျနော်တို့မှာ ရှိတယ်။ ၁ အချက်က ကျနော်တို့ ဥက္ကဋ္ဌကြီး သိတဲ့အတိုင်းပဲ ဗမာစကား ဗမာစာ အပိုင်း အခက်ခဲ နည်းနည်း ရှိ တယ်။ ပြောနေကျမဟုတ်တော့ နည်းနည်း သူ့အတွက် အခက်ခဲဖြစ်တယ်။ နိုင်ငံတော်အဆင့် ဒီလို အခမ်းအနားမျိုးက တကယ့် ကြီးကြီးကျယ်ကျယ်ဖြစ်တာကို အဲ့လိုမျိုး ပြောဖို့ကလည်း အဆင်မပြေဘူး။

နောက်တစ်ချက်ကလည်း ပြီးခဲ့တဲ့ အစိတ်အပိုင်း(၃) မှာပါမယ့် ကိစ္စ တိုင်းရင်းသား ဘာသာစကား စာပေယဉ်ကျေးမှု မြှင့်တင်မယ်။ အချက် (၂) ချက်တောင်ပါတယ်လေ အပိုင်း(၁) မှာလည်း တစ်ချက်ပါတယ်။ ဖက်ဒရယ် အခြေခံမူ အပိုင်း(၃) မှာလည်း ပါတယ်။

တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင် ဝိသေသ လက္ခဏာ ထုတ်ဖော်ပြောဖို့ ဆိုတာရှိတယ်။ ဖက်ဒရယ်ပြည်ထောင်စုကို လက်ခံပြီဆိုတာနဲ့ မတူကွဲပြားမှု လက်ခံတယ်ဆိုတဲ့ အနေအထား ဒါတစ်ခု။ လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ထဲမှာလည်း ရှိထားပြီးသား။ ပုဒ်မ(၂၂) က မှာ တိုင်းရင်းသား လူမျိုးတို့၏ စာပေယဉ်ကျေးမှုမှာ မြှင့်တင်ဆောင်ရွက်မယ် စသဖြင့် ဒါကြောင့် ခုက ကျနော်တို့ ဖက်ဒရယ် တည်ဆောက်မယ် အားလုံး က သဘောတူ လက်ခံထားပြီးသား ဒါကြောင့်အဲ့လိုြ ဖစ်တဲ့အတွက် ကျနော်တို့ နိုင်ငံမှာ တိုင်းရင်းသားပေါင်းစုံ နေထိုင်တဲ့အနေအထားဖြစ်တယ်။

ဖက်ဒရယ် စနစ်နဲ့ လိုက်လျောညီထွေဖြစ်အောင် စမ်းပြီးတော့ အဖွင့်မိန့်ခွန်းမှာ PPST ရဲ့ ယာယီ အဖွဲ့ခေါင်းဆောင် လည်းဖြစ် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ယွက်စစ်ကို သျှမ်းဘာသာနဲ့ ပြောရရင် လှလှပပဖြစ်မယ်လို့ ကျနော်တို့ ဆွေးနွေးခဲ့တယ်။

ကျနော်တို့ဘက်က ပြောစေလိုတဲ့ အကြောင်းအရင်းက ဒီလို။ ကျနော်တို့ဘက်က အဲ့လိုတင်ပြတယ်။ UPDJC အတွင်းရေးမှူး အစည်းအဝေး အဲ့လို ဆွေးနွေးခဲ့တယ်။ ဒါမယ့် ဘာပဲပြောပြော အစိုးရဘ က်က လည်း သူ့အခက်ခဲနဲ့သူ ပြန်ပြောတာပေါ့ အခု ကိစ္စက တစ်နိုင်ငံလုံး နဲ့ဆို င်တယ် ပြည်ထောင်စု အတိုင်းအတာနဲ့လည်း ဆိုင်တယ်။ အကယ်၍ ပြည်နယ်အဆင့်ဆိုရင် တစ်မျိုးတော့ ဖြစ်နိုင်တယ်။

အခုက ပြည်သူ လူထု တစ်ရပ်လုံးကလည်း ဒီညီလာခံ အဖွင့်မှာ ဒီခေါင်းဆောင်ကြီး ဗိုလ်ချုပ်ကြီး ယွက်စစ်ပြောမယ့် မိန့်ခွန်း အရမ်း စိတ်ဝင်တစား နားထောင်နေတယ်။

စိတ်ဝင်တစားရှိတယ်။ ရှေ့လုပ်ငန်းစဉ် ပေါ်လစီပါမှာဖြစ်တဲ့အတွက် ပြည်ထောင်စု တစ်ဝှမ်းက လူထုတွေ နားစွင့်နေပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ မြန်မာလိုပဲ ပြောပေးပါ။ ဆိုတဲ့ အနေ အထား ဆွေးနွေးချက်ရှိတာပေါ့။ ကျနော်တို့လည်း သက်ဆိုင်ရာ နိုင်ငံတော် အကြီးကဲတွေထံ စာ နဲ့ ပေ နဲ့ ရေးခဲ့ပါတယ်။ တရားဝင် စာ တင်ခဲ့ပါတယ်။ အဖွင့်မိန့်ခွန်းမှာ မိခင်ဘာသာ စကား ပြောလို့ရအောင် ဒါမယ့် အစိုးရဘက်က လည်း တရားဝင် အကြောင်းပြန်ခဲ့ပါတယ်။ ကျနော်ပြောတဲ့အတိုင်းပဲ ဒီလို အခက်ခဲရှိတယ်ဆိုတာ ဒါမယ့် နောက်ဆုံး နှစ်ဖက်စလုံး အဆင်ပြေတဲ့ လမ်းကြောင်းညှိရင်း ဒီခေါက်တော့အခင်းအကျင်းအရ အနေအထားအရ တအားကပ်တဲ့အတွက် ဥက္ကဋ္ဌကြီး မိန့်ခွန်းပြောတဲ့ချိန်တော့ ဗမာလိုပဲ ပြောပါ။ ညီလာခံထဲမှာ သျှမ်းဘာသာ နဲ့ စာတန်းထိုးပေးပါ့မယ်။ ဆိုတဲ့အနေအထားနဲ့ ကျသွားတယ်။

ပြန်ချုပ်ရမယ်ဆိုရင် ခုလက်ရှိ အနေအထား အခင်းအကျင်းအရ အားလုံး လိုက်ပါနိုင်တဲ့အခင်းအကျင်း ဒီလောက် အဆင့်ပဲ ရနိုင်ပါတယ်။ ဒါမယ့် လာမယ့် ညီလာခံမှာကျတော့ သက်ဆိုင်တဲ့ ကိုယ့်တိုင်းရင်းသားတွေ ဘာသာစကားနဲ့ ပြောရအောင်ဆိုတဲ့အနေအထားတော့ ဆက်လက်ပြီးတော့ ညှိနှိုင်းဆွေးနွေးမှာ ဖြစ်ပါတယ်။ ခုလက်ရှိ အားလုံး အဆင်ပြေအောင် သူ့ဘက် ကိုယ့်ဘက် အဆင်ပြေအောင် ဗမာစကားပြောပြီး သျှမ်းလို စာတန်းထိုးတဲ့ အဆင့်ပဲ ရပါသေးတယ်။ နောက်နောင်ကျတော့ အားလုံး မျှော်လင့်တဲ့အဆင့်ရအောင် တော့ ဆက်လက်ညှိနှိုင်းလို့ရပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article