မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ ရာဂဏန်း အထိ ကူးစက်ပျံ့ပွားလာတဲ့အထဲမှာ သျှမ်းပြည်က ဒေသခံတဦးလဲ ပါ ပါတယ်။ လက်ရှိ သျှမ်းပြည်မှာ ကိုဗစ်နိုင်တင်း ရောဂါ ကူးစက်ခံရသူ ၁၁ ဦး ရှိပြီးတော့ ဒီတပတ်အတွင်း ရောဂါပိုးတွေ့ရှိသူ လူနာသစ် တစ်ဦးကလွှဲလို့ အားလုံးက ကုသ ပျောက်ကင်းနေပါပြီ။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဩဂုတ်လ ၂၅ ရက်ညပိုင်း ထုတ်ပြန်ချက်မှာ COVID-19 ရောဂါ ကူးစက်ခံရတဲ့ တောင်ကြီးသူဟာ ရန်ကုန်က ဓါတ်ခွဲအတည်ပြုလူနာအမှတ် (၄၇၇) ဖြစ်တယ်လို့ သိရပါတယ်။
COVID-19 လူနာအမှတ် (၄၇၇) ဟာ တောင်ကြီးမြို့ ဘုရားဖြူ ရပ်ကွက်နေ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ပြည်ပခရီးသွားလာတဲ့ ခရီးသွားရာဇဝင်မရှိပေမယ့် မိသားစု ကျန်းမှာရေးအတွက် ရန်ကုန်မြို့ ရောက်နေတာ တစ်လ ကျော်နေပြီလို့ မိသားစုအသိုင်းအဝိုင်းကပြောပါတယ်။
သူမနဲ့ တိုက်ရိုက်ထိတွေ့တဲ့ မိသားစုဝင် ၆ ဦး ကိုတော့ ကိုရိုနာဗိုင်းရပ် COVID-19 ရှိမရှိ ဓါတ်ခွဲ နမူနာတွေကို ယူပြီး ရန်ကုန်မြို့ အမျိုးသားဓါတ်ခွဲမှုဆိုင်ရာဌာန (NHL) သို့ ပေးပို့စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
အခု ရက်ပိုင်းမှာ ပြည်ထောင်စုတဝှမ်းလုံး ကိုဗစ်-၁၉ ကူးစက်မှုနှုန်း မြင့်တက်လာတဲ့အတွက် သျှမ်းပြည်အတွင်းရှိ အခြေခံ အထက်တန်းကျောင်းတွေကိုလဲ သြဂုတ်လ ၂၇ ရက်နေ့ကစလို့ ယာယီ ပြန်ပိတ် သွားမှာဖြစ်တယ်လို့ အခြေခံပညာရေး ဦးစီးဌာနက ညွှန်ကြားလိုက်ပါတယ်။
COVID-19 ကာကွယ်ထိန်းချုပ်ကာလ သျှမ်းပြည်တောင်ပိုင်းမှာ တရားဝင် ပြန်ဖွင့်ထားတဲ့ အစိုးရရဲ့ အခြေခံပညာအ ထက်တန်းကျောင်း ၂၆၄ ကျောင်းနဲ့ ကိုယ်ပိုင် အထက်တန်းကျောင်း ၄၅ ကျောင်း ရှိပါတယ်။ တချို့ကျောင်း တွေကတော့ Home Learning နည်းလမ်းနဲ့ သင်ကြားပို့ချမှုတွေ ပြုလုပ် သွားမယ်လို့ သိရပါတယ်။
လက်ရှိ သျှမ်းပြည်တောင်ပိုင်းမှာ COVID-19 ရောဂါ ပိုး ရှိမရှိ ဓါတ်ခွဲ နမူ ယူပြီး စစ်ဆေးအဖြေ စောင့် နေတဲ့သူ ၁၉၂ ယောက်ရှိပါတယ်။
သျှမ်းပြည်မြောက်ပိုင်းမှာတော့ မေလ ၆ ရက်နေ့မှာ သြဂုတ်လ ၂၅ ရက်နေ့ အထိ တရုတ်နိုင်ငံ ကနေ ပြန်လာတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၁၅၃၇၈ ဦးရှိရာမှာ ကျား ၉၄၃၉ ဦး၊ မ ၅၉၃၉ ဦး တို့ဖြစ်ပါတယ်။ သူတို့ ကို လားရှိုးမြို့ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသ ရေးကော်မတီ က စာရင်း ဇယားနဲ့ စနစ်ကျကျ လက်ခံထားပြီး မြန်မာ့မီးရထားနဲ့ ဇာတိမြို့အသီးသီးကို ပို့ဆောင်ပေးပြီးဖြစ်တယ် လို့ သိရပါတယ်။
ဒါ့အပြင် သျှမ်းပြည်အရှေ့ပိုင်း COVID-19 ကူးစက်မှု ထိန်းချုပ်နိုင်ဖို့ ၅ လ ကျော်ကြာပိတ်ထားတဲ့ ထိုင်း – မြန်မာ နယ်စပ် ချစ်ကြည်ရေး တံတားကိုလဲ စက်တင်ဘာလကုန်အထိ ဆက်ပိတ်ထားဖို့ ထိုင်းအစိုးရ ရက်ထပ်တိုးကြေငြာ ထားတဲ့ အတွက် နယ်စပ်ခရီးသွားတွေကို မှီခိုအားထားတဲ့ တာချီလိတ်မြို့ခံစျေး သည်တွေက အခက်အခဲကြုံ တွေ့နေပါတယ်။