ကျိုင်းတောင်းရေအားလျှပ်စစ် ၀န်ထမ်း အိမ်ရာဆောက်ရန် ယာမြေ ဧက ၂၀၀ ကုမ္မဏီသိမ်းယူမည့်ကိစ္စ ဒေသခံ သဘောမတူ

 သျှမ်းပြည်တောင်ပိုင်း ရေအားလျှပ်စစ်ထုတ်လုပ်ရာ လင်းခေးခရိုင် မိုးနဲမြို့နယ်ကျိုင်းတောင်းမြို့နယ်ခွဲတွင် ၀န်ထမ်းအိမ်ရာ ဆောက်လုပ်ရန်အတွက် ဟုဆိုကာ ရွာသားများ၏ ယာမြေ ဧက ၂၀၀ ကျော်  ကို ကုမ္မဏီမှ သိမ်းယူမည့်အပေါ် ဒေသခံများက သဘောမတူနိုင်ကြောင်း ခရိုင်ရုံးထံသို့ ကန့်ကွက်စာပေးပို့ထားသည်ဟုသိရသည်။

ကျိုင်းတောင်းရေအားလျှပ်စစ်ထုတ်လုပ်ရေးစက်ရုံရှိသည့် ရေတံခွန်

 ဇူလိုင်လ လယ်ကတည်းက အဆိုပါကန့်ကွက်စာတင်ထားပြီးဖြစ်ကြောင်း ယာမြေပိုင်ရှင် ကွန်လုံအုပ်စု ၀တ့်ကတ် ခေါ် ၀မ်တတ်လုံရွာသား ဉီးလုံးတိ သျှမ်းသံတော်ဆင့်အားပြောသည်။

‘၀မ့်ကတ်မှာရှိတဲ့ကျနော်တို့ရွာသားတွေရဲ့ယာမြေ ဧက ၂၅၀ ကျော်ကိုသူတို့ယူမယ်လို့ပြောပါတယ်။ ကျနော်တို့ရွာရဲ့တောင်ဘက်မှာရှိတယ် ။ ကုမ္မဏီကမြေပုံဆွဲပြီး ကျနော်တို့ကိုလက်မှတ်လာ ထိုးခိုင်းပါတယ်။ ကျနော်တို့သဘောမတူပါဘူး။ ကန့်ကွက်စာလုပ်ပြီး  ဇူလိုင်လလယ်လောက်ကတည်းက ခရိုင်ရုံးနဲ့ မြို့နယ်ရုံးကိုတင်လိုက်ပါပြီ။ ’

ကုမ္မဏီမှသိမ်းယူမည့်ယာမြေသည် ကျိုင်းတောင်းမြို့တောင်ဘက်ရှိ ၀မ့်ကတ်ရွာတွင်တည်ရှိပြီး ရွာနှင့်နီးကပ်လွန်းကြောင်း ၊ အဆိုပါယာမြေများအသိမ်းခံရပါက ရွာသားများ လုပ်ကိုင်စားသောက်ရေးအတွက်အခက်အခဲဖြစ်မည်ဖြစ်ကြောင်း ရွာသားများကပြောသည်။

  မိုးနဲမြို့နယ်အမှတ် ၂ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဉီးစိုင်းမျိုးမြင့် (ခေါ်) လုံးကွဏ်းဆိုင်မိန်းက  – “သူတို့သိမ်းမယ့်ရွာသားတွေရဲ့ ယာမြေနေရာက ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းကနေ တက်လာရင် သိပ်မဝေးဘူး။  ရွာနဲ့အရမ်းနီးတယ် ရွာနဲ့ကပ်လျက်စိုက်ပျိုးခြံတွေနဲ့အရမ်းနီးတယ်။  ရွာသားတွေက သဘောမတူဘူး။ ကန့်ကွက်ကြတယ်။ ကျနော်တို့လည်းရွာသားတွေကိုသွားပြီး ကူညီဆောင်ရွက်ပေးနေတယ်။ ”ဟုဆိုသည်။

လျှပ်စစ်ထုတ်လုပ်ရေး၀န်ထမ်းအိမ်ရာဆောက်လုပ်ရန် အစိုးရထံမှ ခွင့်ပြုချက်ရပြီးဖြစ်ကြောင်း ၄င်းမြေယာများကို ကုမ္မဏီမှ တိုင်းတာခဲ့ပြီးဖြစ်ကြောင်း ထို့ကြောင့်ရွာသားများ သဘောတူကြောင်းလက်မှတ်ထိုး ရန်သာကျန်ကြောင်း ကုမ္မဏီကပြောသည်ဟု  ရပ်မိရပ်ဖလည်းဖြစ်သည့် လုံးတိ က ပြောသည်။

“သူတို့က ၂၀၁၂ ခုနှစ်ကတည်းကလာပြီး မြေတွေတိုင်းပြီးပြီလို့ပြောတယ်။ကျနော်တို့က ဘာမှမသိရဘူး။ သူတို့လာတိုင်းတုန်းကလည်း ကျနော်တို့ကိုအသိမပေးဘူး။ ကျနော်တို့ သဘောမတူလို့လက်မှတ်မထိုးပေးနိုင်ဘူး။ ကျနော်တို့မထိုးလည်းသူတို့က အစိုးရ၊ စစ်တပ် နဲ့လာတော့  ကျနော်တို့က သူတို့ကိုမှ မနိုင် နိုင်တာ” – ဟုလုံးတိ ကပြောသည်။

Photo Credit to SHRF- Upper Keng Taung တည်ဆောက်နေဆဲ နေရာ

၄င်းနှင့်ပတ်သက်ပြီး သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ စိုင်းခေးဆိုင်က – “ရွာသားတွေစုပေါင်းပြီးဆန့်ကျင်ကန့်ကွက်ရမှာပေါ့နော်။ ဒါမှ သက်ဆိုင်ရာ တာ၀န်ရှိပုဂ္ဂိုလ်တွေက ကွင်းဆင်းကြည့်ရှုပြီး  တားဆီးဆောင်ရွက်ပေးနိုင်မှာ ။  လူထုရဲ့ယာမြေကိုသိမ်းရင်လူထု စိုက်စားမယ့်နေရာမရှိဘဲဖြစ်သွားမှာပေါ့။ “- ဟုသျှမ်းသံတော်ဆင့်အားပြောသည်။

မိုင်းကိုင်မြို့တွင်မြစ်ဖျားခံပြီး စီးဆင်းလာသည့်နမ့်တိန်းချောင်းပေါ်တွင် အဆိုပါ ကျိုင်းတောင်း စုံအန်ရေအားလျှပ်စစ်ထုတ်လုပ်ရေးကို ပြီးခဲ့သည့် ၂၀၁၂ က တည်ဆောက်ပြီးစီးခဲ့ပြီး လျှပ်စစ်ဓါတ်အား ၆၀ မဂ္ဂါ၀ပ်ထုတ်လုပ်ကာ သျှမ်းပြည်  တောင်ပိုင်းမြို့နယ်တချို့နှင့် တောင်ကြီးမြို့စစ်တိုင်းရုံး ၊ ရလခ စစ်တိုင်းရုံးတို့ ကို  လျှပ်စစ်မီးပေးနေကြောင်း  မြန်မာ့လျှပ်စစ်၏ ၀က်ပ်ဆိုက်စာမျက်နှာတွင်ဖော်ပြထားသည်။

အဆိုပါစုံအန်ရေအားလျှပ်စစ်ထုတ်လုပ်ရေးအပြင် ၄င်း၏အထက်ပိုင်းရှိ  မြို့နှင့် ၁၄ မိုင်ခန့်အကွာ တွင် အထက်ကျိုင်းတောင်းရေအားလျှပ်စစ်ထုတ်လုပ်ရေးကို လက်ရှိတည်ဆောက်နေဆဲဖြစ်ကြောင်းသိရသည်။  အဆိုပါစီမံကိန်းကို ၂၀၂၁ ခုနှစ်တွင်  အပြီးဆောက်လုပ်ဖို့ရှိပြီး အလားတူ လျှပ်စစ်ဓါတ်အား ၆၀ မဂ္ဂါ၀ပ် ထုတ်လုပ်မည်ဖြစ်ကြောင်းလည်းသိရပါသည်။

Leave a Comments