ကျောက်ဖြူ ဝိရောဓိ – အာဏာသိမ်းအစိုးရအပေါ် တရုတ်၏ ထောက်ခံမှုမှ စီမံကိန်း ကျရှုံးမှုကို သေချာစေခြင်း

မြန်မာစစ်ခေါင်းဆောင်အဖြစ်မှ လက်ရှိသမ္မတအဖြစ်တာဝန်ယူထားသူ ဦးမင်းအောင်လှိုင်၏ ၂၀၂၆ ခုနှစ်၊ ဇွန်လအစောပိုင်း ပေကျင်းခရီးစဉ်အပြီးတွင် နှစ်နိုင်ငံပူးတွဲကြေညာချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။ 

၎င်းကြေညာချက်သည် တရုတ်နိုင်ငံ၏ မြန်မာ့အရေး မဟာဗျူဟာများထဲမှ ကြီးမားသော ဝိရောဓိ “၎င်းကိုယ်တိုင်ပြန် ဒုက္ခရောက်စေမည့် လမ်းလွဲနေသည့်အခြေအနေ” ကို ကွက်ကွက်ကွင်းကွင်း မြင်သာလာစေသည့် သမိုင်းဝင် အပြောင်းအလဲ တခုဖြစ်လာနေသည်။

ယခုအခါ ပေကျင်း၏ ရပ်တည်ချက်သည် မရေမရာ ဝေဝါးနေသည့် အခြေအနေမျိုး လုံးဝမဟုတ်တော့ပေ။ 

တရုတ်နိုင်ငံသည် စစ်တပ်၏ “အရပ်သား တပိုင်း” ဟု အမည်တပ်ထားသော အုပ်ချုပ်ရေးအဖွဲ့ကို အစိုးရအဖြစ် တရားဝင်၊ အတိအလင်း နှင့် ခြွင်းချက်မရှိ ထောက်ခံအတည်ပြု ပေးလိုက်ပြီ ဖြစ်သည်။ 

ထို့အပြင် စစ်တပ်က ဦးဆောင်ကျင်းပခဲ့သည့် အတုအယောင် အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲများကို အသိအမှတ်ပြုပေးခဲ့ရုံမျှမက ကုလသမဂ္ဂနှင့် အာဆီယံကဲ့သို့သော နိုင်ငံတကာစင်မြင့်များတွင်လည်း အာဏာသိမ်း စစ်အစိုးရကို “အပြည့်အဝ၊ တန်းတူညီမျှမှုရှိသော၊ အတူပါဝင် တည်ဆောက်နိုင်ခွင့်” ရရှိရန်အတွက် မားမားမတ်မတ်တည် ပေးမည်ဟု ကတိပြုခဲ့သည်။

ပေကျင်းမှ ကမ္ဘာသို့ ပေးပို့လိုက်သော သတင်းစကားမှာ အလွန်ရှင်းလင်းသည်။ 

ရှေးမြန်မာစကားပုံတစ်ခုဖြစ်သည့် “ဆင်သွားရင် လမ်းဖြစ်သည်” ဟူသည့် စကားပုံအတိုင်း တရုတ်နိုင်ငံသည် ၎င်းတို့ လျှောက်လှမ်းသော ခြေလှမ်းတိုင်း လမ်းပွင့်လာလိမ့်မည်ဟု အခိုင်အမာ ယုံကြည်ထားခြင်းဖြစ်သည်။

တရုတ်၏ တွက်ချက်မှုအရ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးအင်အားကြီးနိုင်ငံက အာဏာသိမ်းစစ်အစိုးရသည်သာ တရားဝင်အစိုးရဖြစ်သည်ဟု ကြေညာပေးခြင်းနှင့်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းအတွက် ဘတ်ဂျက် ဘီလီယံပေါင်းများစွာ ကို စိုက်ထုတ်ပုံအောပေးလိုက်လျှင် မြေပြင်လက်တွေ့ရလဒ်များမှာလည်း ၎င်းတို့ယုံကြည်စွာ ကြေညာထားသည့် အချက်အလက်များအတိုင်း မလွဲမသွေဖြစ်ပေါ်လာနိုင်မည်ဟု အထင်ရောက်နေခြင်းဖြစ်သည်။ 

အာဏာဖြင့် ဖန်တီးသော သံတမန်ရေး အခြေအနေ

သို့သော်လည်း ယခုကဲ့သို့ အလွန်အမင်း ယုံကြည်မှုလွန်ကဲနေခြင်းကပင် “ကျောက်ဖြူ ဝိရောဓိ” (The Kyaukpyu Paradox) ကို ပိုမိုထင်ရှားစေသည်။ စီမံကိန်းလုံခြုံစိတ်ချရစေရန်အတွက် အာဏာသိမ်း အစိုးရကို ကျောထောက် နောက်ခံပေးသည့် ယခုလုပ်ရပ်ကပင် ရေရှည်တွင် ထိုစီမံကိန်းကြီးတခုလုံး ကျရှုံးပျက်စီးစေမည့် အဓိက အကြောင်းရင်း ဖြစ်လာနေခြင်း ဖြစ်သည်။ 

တရုတ်၏ ဗျူဟာမြောက်စဉ်းစားမှုဆိုသည်မှာ ၎င်းတို့၏ ကြီးမားသော သံတမန်ရေးနှင့် စီးပွားရေးဆိုင်ရာ လွှမ်းမိုးမှုအင်အား (ဩဇာအာဏာ)ကို တရားမဲ့အသုံးချသည့် သဘောမျိုး ဖြစ်ပုံရသည်။

 မြန်မာစစ်အစိုးရ၏ ရွေးကောက်ပွဲများကို ကြိုဆိုပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ကို ထပ်လောင်း အတည်ပြုခြင်းဖြင့် ပေကျင်းသည် ပြည်သူလူထုက လက်မခံသည့် တရားမဝင်သောအရာကို တရားဝင်ဖြစ်စေရန် အတင်းအဓမ္မ ကြိုးပမ်းနေခြင်း ဖြစ်သည်။

တရုတ်သည် ကုလသမဂ္ဂရှိ ၎င်း၏ ဗီတိုအာဏာနှင့် အာဆီယံအပေါ် လွှမ်းမိုးမှုကို အသုံးပြုကာ စစ်အစိုးရ၏ သံတမန်ကို နေရာချထားပေးရန် ကြိုးပမ်းနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) နှင့် ရက္ခိုင့်တပ်တော် (AA) အပါအဝင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်း (EROs) လေးဖွဲ့ပါဝင်သော ကျယ်ပြန့်သည့် မဟာမိတ်တပ်ပေါင်းစုကြီးကို သံတမန်ရေးရာ မြေပုံပေါ်မှ ထိထိရောက်ရောက် ဖျောက်ဖျက်ပစ်နိုင်ရန် လုပ်ဆောင်နေသည်။

အာဏာသိမ်း စစ်တပ်ကိုသာ တခုတည်းသော တရားဝင်အစိုးရအဖြစ် ဆက်ဆံခြင်းဖြင့် ပေကျင်းသည် တော်လှန်ရေး အတိုက်အခံ အင်အားစုများကို အထီးကျန် အင်အားမဲ့စေရန် မျှော်လင့်ထားပြီး အခြားရွေးချယ်စရာ နိုင်ငံရေး နယ်ပယ်မှ အသံများအတွက် နေရာမချန်ထားဘဲ တရုတ်လိုလားသည့် မျက်နှာစာတစ်ခုကို တည်ဆောက်လိုနေခြင်း ဖြစ်သည်။

တချိန်တည်းမှာပင်၊ မူဆယ်-မန္တလေး ရထားလမ်းနှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းတို့ကို ထိပ်တန်း ဦးစားပေး လုပ်ငန်းများအဖြစ် ကြေညာခြင်းဖြင့် တရုတ်နိုင်ငံသည် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှု အတွက် အာဏာသိမ်းအစိုးရကိုသာ တစ်ခုတည်းသော လုပ်ကိုင်နိုင်စွမ်းရှိသည့် မိတ်ဖက်အဖြစ် မလွှဲမရှောင်သာ အတင်းအကျပ်လက်ခံရမည့် သို့မဟုတ် ပြီးပြတ်ပြီးသားအခြေအနေ (fait accompli) တခုကို ဖန်တီးရန် မျှော်လင့်နေသည်။

ထို့အပြင် တနိုင်ငံနှင့်တနိုင်ငံ လုံခြုံရေးထိခိုက်စေနိုင်သည့် ကိစ္စများအတွက် မိမိတို့နယ်မြေကို အသုံးပြု ခွင့်ပေးမည်မဟုတ် ဟုဆိုသည့် ကတိကဝတ်သည် ဆန့်ကျင်ဘက် တော်လှန်ရေးအဖွဲ့အစည်းများအတွက် သွယ်ဝိုက်သတိပေးချက်တစ်ခုဖြစ်လာသည်။ တော်လှန်ရေးကို ခြေမှုန်းရန်အတွက် အာဏာသိမ်းအစိုးရ၏ စစ်တပ်ဖြစ်စေ၊ ၎င်းတို့၏လက်ဝေခံအဖွဲ့များကို ဖြစ်စေ အသုံးချသွားမည်ကို  သွယ်ဝိုက်ပြီး ခြိမ်းခြောက် လိုက်ခြင်းလည်းဖြစ်သည်။

တရုတ်နိုင်ငံသည် ၎င်း၏အရှိန်အဝါဖြင့် ရက္ခိုင့်တပ်တော် (AA) အား ဒူးထောက်လာအောင် ခြိမ်းခြောက်နိုင်သည် သို့မဟုတ် SCEF အား ပေကျင်း၏ စည်းကမ်းချက်များအတိုင်း ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ရောက်လာအောင် ဖိအားပေးနိုင်သည်ဟု ယုံကြည်နေပုံရသည်။ 

သို့သော်လည်း ယခုကဲ့သို့ အပေါ်စီးဆန်သော ချဉ်းကပ်မှုသည် ၎င်းကိုယ်တိုင်ပြန်ပက်မိနေသည့် အခြေခံကျကျ မြင်နေရသော လွဲချော်မှုကြီးတခုကို လုံးဝဥပေက္ခာပြုထားခြင်း ဖြစ်သည်။ 

တရုတ်သည် မြေပြင်တွင် အမှန်တကယ် စိုးမိုးနိုင်ခြင်းမရှိသော အဖွဲ့အစည်းကို မိမိ မိတ်ဖက်အဖြစ် အာဏာအပ်နှင်းခြင်းသည် ၎င်း၏ ဘီလီယံချီတန်သော အရင်းအနှီးများအပေါ် အန္တရာယ်ရှိနေစေရန် ကိုယ်တိုင်ဖန်တီးနေခြင်း ဖြစ်သည်။

အကျိုးဆက်ကြီးမားမည့် အားနည်းချက်နှင့် မြေပြင်အရှိတရား 

ယခုမဟာဗျူဟာ၏ အကြီးမားဆုံးဒုက္ခရောက်မည့် အားနည်းချက်မှာ နိုင်ငံရေးအရ စာရွက်ပေါ်တွင် တရားဝင်မှုဟု ပြသခြင်းနှင့် မြေပြင်တွင်ဖြစ်ပျက်နေသော နယ်မြေစိုးမိုးမှုအခြေအနေများနှင့် ကိုက်ညီမှုရှိမနေခြင်းပင် ဖြစ်သည်။ ဆင်ကြီးသွားရာ လမ်းကြောင်းဖြစ်နိုင်သော်လည်း လျှောက်စရာ မြေမရှိလျှင် လမ်းဖြစ်လာနိုင်စရာအကြောင်းမရှိပေ။

ရက္ခိုင့်တပ်တော် (AA) သည် လက်ရှိတွင် ရခိုင်ပြည်နယ်၏ ကိုးဆယ်ရာခိုင်နှုန်းကို ထိန်းချုပ်ထားပြီး၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ရှိရာ နယ်မြေ၏ ထောက်ပံ့ရေးလမ်းကြောင်းများ၊ ပြည်သူလူထုနှင့် လုံခြုံရေးအခြေအနေတစ်ခုလုံးကို ထိန်းချုပ်စိုးမိုးထားသည်။

ဆန့်ကျင်ဘက်အနေဖြင့် မင်းအောင်လှိုင်၏ အုပ်ချုပ်ရေးသည် အထီးကျန်စွာကျန်ရှိနေသည့် စခန်းအချို့ကိုသာ ကပ်သီးကပ်သတ် ထိန်းချုပ်ထားနိုင်ပြီး ရက္ခိုင့်တပ်တော်၏ ခွင့်ပြုချက်မရှိဘဲ ဆိပ်ကမ်း၊ ပိုက်လိုင်းများကို လုံခြုံအောင် မကာကွယ်နိုင်၊ သို့မဟုတ် ထိုနေရာများတွင် လုပ်ကိုင်နေသော တရုတ်အလုပ်သမားများ၏ ဘေးကင်းလုံခြုံရေးကို အာမမခံနိုင်ပေ။ 

တရုတ်က ၎င်း၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန် အာဏာသိမ်းအစိုးရကို တောင်းဆိုနေခြင်းသည် ယုတ္တိဗေဒအရ လုံးဝမဖြစ်နိုင်သောအရာ ဖြစ်သည်။ အာဏာသိမ်းအစိုးရသည် မြေပြင်ကို အမှန်တကယ် စိုးမိုးထားသည့် အဖွဲ့အစည်း၏ ပူးပေါင်းဆောင်ရွက်မှု မရှိဘဲ ရခိုင်ပြည်နယ်အတွင်း မည်သည့်အရာကိုမျှ မကာကွယ်နိုင်၊ အာမခံနိုင်ခြင်းမရှိပေ။ 

တရုတ်သည် စစ်အစိုးရကို မိတ်ဖက်တစ်ခုအဖြစ် မျက်စိမှိတ် ကျောထောက်နောက်ခံပြုခြင်းဖြင့် ၎င်းဒေသရှိ စစ်ပွဲတွင် ရှုံးနိမ့်ပြီးဖြစ်သောဘက်ကို ပုံအော လောင်းကြေးထပ်နေခြင်းဖြစ်ပြီး၊ ထိုအကြောင်းသည်ပင် စီမံကိန်း ရပ်တန့်စေမည့် အခြေအနေအဖြစ် သေချာသလောက် ဖြစ်နေသည်။

အနာဂတ်တွင် ဖြစ်လာနိုင်ခြေရှိသော မဟာဗျူဟာက အခြေအနေ ၄ ခု

အကယ်၍ တရုတ်နိုင်ငံက မြေပြင်အင်အားစုဖြစ်သော ရက္ခိုင့်တပ်တော်နှင့် တရားဝင်စကားပြောရန် ငြင်းဆန်ပြီး အာဏာသိမ်းအစိုးရ၏ လမ်းကြောင်းဖြင့်သာ အတင်းအကျပ် တွန်းအားပေးပြီး လက်ရှိ မဟာဗျူဟာကို ဆက်လက် အသုံးပြုနေပါက ဤ ဝိရောဓိ (မိမိကိုယ်တိုင် ပြန်ဒုက္ခရောက်စေမည့် အခြေအနေ) သည် ပိုမိုနက်ရှိုင်းလာမည်ဖြစ်ပြီး အောက်ပါအခြေအနေများနှင့် ရင်ဆိုင်ရဖွယ် ရှိသည်။

၁။ “ရှေ့ဆက်သွားလို့ မရတော့သည့် လမ်းပိတ်” (Stalled Path):

ဆင်ကြီးသည် လမ်းလျှောက်ရန် ကြိုးစားနေသော်လည်း မြေပြင်က ပြိုကျသွားပြီး အခြေအနေ ဖြစ်သည်။ 

တရုတ်က ပူးတွဲကြေညာချက်များ မည်မျှပင် ထုတ်ပြန်စေကာမူ ရက္ခိုင့်တပ်တော်က အာဏာမရှိသော အာဏာသိမ်းစစ်တပ်ကို အသိအမှတ်ပြုရန် ငြင်းဆန်ပြီး စီမံကိန်းများကို ပိတ်ဆို့ထားသောကြောင့် တည်ဆောက်ရေးလုပ်ငန်းများ ရပ်ဆိုင်းသွားမည်ဖြစ်သည်။

 လက်တွေ့မြေပြင် အခြေအနေသည် လမ်းကြောင်းတစ်ခုလုံး ပိတ်ဆို့သွားပြီး ဖြစ်နေချိန်တွင်၊ စာရွက်ထဲက မြေပုံပေါ်ထဲတွင်သာ လိုင်းတစ်လိုင်းအဖြစ်သာကျန်ရှိနေသည့် လမ်းကြောင်းသာဖြစ်သည်။

၂။ “အလုံပိတ်ထားသည့် ခံတပ်” (Fortress Enclave):

တရုတ်သည် မိမိ၏ ကိုယ်ပိုင်လုံခြုံရေးအဖွဲ့များနှင့် အာဏာသိမ်းစစ်တပ်၏တပ်ဖွဲ့များ ကာကွယ်ထားသော၊ ပတ်ဝန်းကျင်နှင့် အဆက်အသွယ် လုံးဝဖြတ်တောက်ထားသော ခံတပ်ဆိပ်ကမ်းတစ်ခုကို တည်ဆောက်မည့် မဟာဗျူဟာကို ကြိုးစားလာနိုင်သည်။ 

၎င်းအခြေအနေသည် အဆိုပါ ခံတပ်ဆိမ်းကမ်းအား စစ်ရေးအရ အလုံပိတ်ခံစစ်ပြင်ဆင်ထားရသော်လည်း ရက္ခိုင့်တပ်တော် (AA) ၏  စနိုက်ဘာသမားများနှင့် လမ်းခရီးပိတ်ဆို့မှုများအောက်တွင် ပျက်စီးလွယ်၊ ထိခိုက်လွယ်ဖြစ်လာမည့် ကျွန်းငယ်လေးတစ်ခုသာဖြစ်လာမည် ဖြစ်သည်။ 

ထို့ကြောင့် ၎င်းနေရာသည် အောင်မြင်သည့်ကုန်သွယ်ရေးဗဟိုချက်တစ်ခုဖြစ်မလာနိုင်ဘဲ အဖတ်ဆယ််လို့မရသည့် စရိတ်ကြီးမားစွာကုန်ကျမည့် အထီးကျန် ဆိပ်ကမ်းတစ်ခုသာဖြစ်လာမည်ဖြစ်သည်။

၃။ “မလွှဲသာမရှောင်တာ လမ်းကြောင်းရှာရခြင်း” (Forced Detour):

ရက္ခိုင့်တပ်တော်အနေဖြင့် တရုတ်က ၎င်းတို့နှင့် ဆွေးနွေးလိမ့်မည်မဟုတ်ကြောင်း အသေအချာ သိရှိသွားသည့်အခါ ကတိပြုထားသည့် ၂၀၂၇ ခုနှစ်တွင် ရခိုင်တစ်ပြည်လုံးကို သိမ်းပိတ်ရယူမည့် ရည်မှန်းချက်အတိုင်း ကျောက်ဖြူကို တိုက်ခိုက်သိမ်းပိုက်ရန် ဆုံးဖြတ်ခြင်း ဖြစ်သည်။

ထိုကြောင့် တရုတ်သည် စစ်ရေးအရ တိုက်ရိုက် ဝင်ရောက်စွက်ဖက်ပြီး ဒေသတွင်းစစ်ပွဲကြီးဖြစ်မည့် အန္တရာယ်ကြီးသည့်အခြေအနေ သို့မဟုတ် ရက္ခိုင့်တပ်တော်အား ဒီဖက်တို (လက်တွေ့) အုပ်ချုပ်သူအဖြစ် အရှိတရားအတိုင်းလက်ခံကာ ၎င်း၏ မဟာဗျူဟာ ကျရှုံးကြောင်း တရားဝင် ဝန်ခံရမည့်အခြေအနေအဖြစ် ကြီးမားပြင်းထန်သည့် ရွေးချယ်မှုနှစ်ခုနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

၄။ “နောက်ဖေးတံခါး လှည့်ကွက် သို့မဟုတ် နောက်ကွယ်မှ လမ်းကြောင်း လျှို့ဝှက်ပြောင်းလဲခြင်း” (Backdoor Pivot):

အာဏာသိမ်းစစ်တပ်ကို ထောက်ခံသည့် “ဆင်ကြီး”မဟာဗျူဟာ၏ ကြီးမားလှသော ကုန်ကျစရိတ်များနှင့် မြေပြင်အကျပ်အတည်းများကြောင့် တရုတ်သည် အပြင်ပန်းတွင် စစ်အစိုးရကို ထောက်ခံနေသည့် ပုံရိပ်ကို ထိန်းသိမ်းထားရင်း ရက္ခိုင့်တပ်တော်၊ SCEF တို့နှင့် နောက်ကွယ်တွင် တိတ်တဆိတ် ဆွေးနွေးမှုများ ပြုလုပ်လာနိုင်ခြင်း ဖြစ်သည်။ ထိုလုပ်ရပ်သည်သာ စီမံကိန်းများ အောင်မြင်နိုင်မည့် တစ်ခုတည်းသော လက်တွေ့ကျသော အခြေအနေဖြစ်သော်လည်း၊ တရုတ်အနေဖြင့် တော်လှန်ရေးအဖွဲ့များနှင့် ဆွေးနွေးရန် ငြင်းဆန်နေသည့် လက်ရှိကျင့်သုံးနေသော တင်းမာသည့် ဝါဒကို စွန့်လွှတ်ရန် လိုအပ်သည်။

နိဂုံး- တံလျှပ်လား၊ လက်တွေ့လား

အဆုံးသတ်ရသော်၊ ကျောက်ဖြူ “ဝိရောဓိ”သည် အာဏာနှင့် ငွေကြေးအင်အားဖြင့် မြေပြင်က ပကတိအရှိတရားကို ပြောင်းလဲစေနိုင်သည်ဟူသော ပေကျင်း၏ မာနထောင်လွှားမှုပေါ်တွင် တည်ရှိနေသည်။ 

မြန်မာနိုင်ငံတွင် အာဏာဆိုသည်မှာ သံတမန်ရေးအရ အသိအမှတ်ပြုမှု သို့မဟုတ် စာရွက်ပေါ်တွင် ပူးတွဲကြေညာချက်များ ထုတ်ပြန်ရုံမျှ မဟုတ်ပေ။ အာဏာအစစ်အမှန်သည် တောင်တန်း၊ မြေပြန့် မြို့ရွာများနှင့် ပြည်သူလူထုကို မြေပြင်တွင် မည်သူက အမှန်တကယ် ထိန်းချုပ်ထားသနည်းဟူသည့် အချက်ဖြစ်လာသည်။

အကယ်၍ ရက္ခိုင့်တပ်တော်နှင့် ပိုမိုကျယ်ပြန့်သော ဖက်ဒရယ်မဟာမိတ်တပ်ပေါင်းစုများက မြေပြင်ကို ဆက်လက်စိုးမိုးထားမည်ဆိုပါက ကုလသမဂ္ဂတွင် မည်မျှပင် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်စေကာမူ တရုတ်၏ လမ်းသည် ဖြတ်၍ပင်ရနိုင်မည် မဟုတ်ပေ။

အာဏာသိမ်းစစ်အစိုးရသည် ၎င်းကိုယ်တိုင် မနည်းရပ်တည်နေရသည့်အခြေအနေနှင့် တရုတ်၏ ကတိကဝတ်များကို အကောင်အထည်မဖော်နိုင်သလို၊ တရုတ်သည်လည်း ရက္ခိုင့်တပ်တော်ကို ရိုးရိုးရှင်းရှင်း ကျော်ဖြတ်သွားနိုင်မည် မဟုတ်ပေ။

တရုတ်သည် စစ်အစိုးရအပေါ် ထပ်လောင်းပုံအောခြင်းဖြင့် လမ်းကိုရှင်းလင်းနေခြင်း မဟုတ်ဘဲ ၎င်းတို့၏ ကိုယ်ပိုင်စီမံကိန်းလမ်းကြောင်းများကို ကိုယ်တိုင် ပိတ်ဆို့နေခြင်း ဖြစ်သည်။

လာမည့်လများတွင် ဆင်ကြီး (တရုတ်) အနေဖြင့် တောင်တန်းကို ဖြတ်ကျော်၍ လမ်းသစ်တစ်ခု ဖောက်နိုင် လောက်အောင် သန်မာမည်လော၊ သို့မဟုတ် တောင်တန်းသည် ရှိမြဲအတိုင်း ဆက်ရှိနေပြီး ဆင်ကြီးကို ရပ်တန့်စေရန်၊ ပြန်လှည့်သွားစေရန် သို့မဟုတ် နောက်ဆုံးတွင် မာန်လျော့ပြီး ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ရောက်လာစေရန် ဖိအားပေးမည်လော ဆိုသည်ကို စမ်းသပ်ကြလိမ့်မည် ဖြစ်သည်။ 

တရုတ်၏ ကျောက်ဖြူလမ်းသည် လက်တွေ့ဖြစ်လာနိုင်မည်လော သို့မဟုတ် ၎င်းတို့၏ခြေလှမ်းများမှ ဖုန်မှုန့်များကြောင့် ဖြစ်ပေါ်လာသည့် တံလျှပ်တစ်ခုမျှသာ ဖြစ်နေမည်လော ဆိုသည်ကို ကမ္ဘာက စောင့်ကြည့်နေပြီး၊ ထိုတံလျှပ်ကို ကျောက်ဖြူ ဝိရောဓိက အချိန်ကိုက် ဖော်ထုတ်ပြသနေပြီ ဖြစ်သည်။

ဤဆောင်းပါးပါ အချက်အလက်နှင့် သုံးသပ်ချက်များသည် စာရေးသူ စိုင်းဝမ်းဆိုင်၏ အာဘော်နှင့် ရှုမြင်ချက်သာဖြစ်သည်။ 

*အထက်ပါဆောင်းပါးမှာ စိုင်းဝမ်းဆိုင် ရေးသားထားသော THE KYAUKPYU PARADOX: How China’s Support for the Junta Guarantees Projects Failure ၏ အင်္ဂလိပ်ဘာသာဆောင်းပါးအား ယူဂျင်းမှ ဘာသာပြန်ဆိုထားခြင်းဖြစ်သည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရုတ်နှင့် အမေရိကန်၏ ဖိအားများကြား တာချီလိတ် ကျားဖြန့်လုပ်ငန်းများကို စစ်ကော်မရှင် အရေးယူပြ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသား စုစုပေါင်း ၅၂ ဦးကို စက်ပစ္စည်းအမြောက်အမြားနှင့်အတူ ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင် ယမန်နေ့ (ဧပြီလ ၂၇) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ယမန်နေ့ (ဧပြီလ ၂၇ ရက်) နေ့လယ် ၁၂ နာရီခန့်တွင်...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

တရုတ်- အမေရိကန် ကျားဖြန့်အားပြိုင်မှုကြား ရုန်းထွက်ရန် ကြိုးစားနေသည့် စစ်အုပ်စုနှင့် EAOs များ

0
ကမ္ဘာ့အင်အားကြီး အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် မြန်မာနယ်စပ်မှ ကျားဖြန့်နှိမ်နင်းရေး လုပ်ငန်းများကို အပြိုင်အဆိုင် လုပ်ဆောင်လာနေပြီး အဆိုပါနိုင်ငံကြီးနှစ်ခု အားပြိုင်မှုတွင် ကြားမညှပ်ရေး စစ်အုပ်စုနှင့် လက်နက်ကိုင် အဖွဲ့အစည်းအချို့က ရုန်းထွက်ရန် ကြိုးစားနေကြကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောသည်။ တရုတ် - မြန်မာ နယ်စပ်တစ်လျှောက် အပါအဝင် ထိုင်း...

တရုတ်နိုင်ငံရောက် စစ်ကော်မရှင်ဝန်ကြီး ဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးကိစ္စဆွေးနွေး

0
စစ်ကော်မရှင်လက်အောက်ခံ စွမ်းအင်ဝန်ကြီးသည် တရုတ်နိုင်ငံပိုင် စွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းများမှ အကြီးအကဲများနှင့် တွေ့ဆုံစဉ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း လုံခြုံရေးကိစ္စများ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ တရုတ်နိုင်ငံတွင် စွမ်းအင်အသွင်ကူးပြောင်းရေးဖိုရမ် တက်ရောက်နေသည့် စစ်ကော်မရှင်လက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် အောက်တိုဘာလ (၂၁) ရက်တွင် တရုတ်နိုင်ငံပိုင် China...

ပိုးလမ်းမစီမံကိန်း BRI ကို လူထုလက်ခံလာရေး ဆိုရှယ်မီဒီယာပေါ်ထိုးဖောက်ရန် တရုတ်ကြိုးပမ်း

0
တရုတ်နိုင်ငံက အကောင်အထည်ဖော်နေသည့် ပိုးလမ်းမစီမံကိန်း BRI ကို လူထုလက်ခံလာရေး ဆိုရှယ်မီဒီယာမှတဆင့် ထိုးဖောက်ရန် သက်ဆိုင်ရာနိုင်ငံများမှ အင်တာနက်ပေါ် နာမည်ကြီးသူများကို ဖိတ်ခေါ်ကာ ယူနန်ပြည်နယ်တွင် မီဒီယာဖိုရမ် ကျင်းပပြုလုပ်ခဲ့သည်။ စက်တင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်တွင် ယူနန်ပြည်နယ် ကူမင်းမြို့၌ ပိုးလမ်းမစီမံကိန်း BRI နှင့်...