အသတ်ခံရ သျှမ်းနီ ကျောင်းသား ၂ ဦးကို KIA မှ နစ်နာ လျော်ကြေးငွေ ပေး

0

သတ်ဖြတ်ခံရသည့် သျှမ်းနီကျောင်းသား ၂ ဦးအတွက် ကချင် လွတ်မြောက်ရေး တပ်မတော် KIA ကလျော်ကြေးငွေ ပေးခဲ့ကြောင်း အသတ်ခံရသည့် ကျောင်းသားမိဘများကပြောသည်။

အသတ်ခံရသည့် သျှမ်းနီ ကျောင်းသား ၂ ဦး

သျှမ်းနီ ကျောင်းသား လူငယ် ၂ ဦးသည် စစ်ကိုင်းတိုင်း ဒေသကြီး ဟုမ္မလင်းမြို့နယ် ပါဟုတ်ကြီးကျေးရွာ တွင်နေထိုင်များဖြစ်ကြပြီး ဇူလိုင် ၆ ရက် ည ၁၀ နာရီ ဝန်းကျင်ခန့်က လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ဝင်လူတစုက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ၁၆ ရက်အကြာ တွင် သတ်ဖြတ်ခံရကြောင်း သတ်ဖြတ်ခံရသည့်ကျောင်း သား မောင်သန့်ဇင်အောင် ၏ ဖခင် ဦးအိုက်ဆန်း က ပြောပြသည်။

သတ်ဖြတ်ခံရသူ မောင်သန့်ဇင်အောင်သည် အသက် ၁၈ နှစ်အရွယ်ရှိပြီး တက္ကသိုလ်တက်ရန်စောင့်ဆိုင်း နေသူဖြစ်ကြောင်း၊ လက်ရှိ ရန်ကုန်မြို့အမေရိကန်စင်တာတွင် အင်္ဂလိပ်စာသင်တန်း တက်နေကြောင်း သိရသည်။ ကျန်တဦးမှာ နဝမတန်းကျောင်းသား အသက် ၁၇ နှစ်အရွယ် မောင်ဇော်မျိုးဦး ဆိုသူဖြစ်ကြောင်း သိရသည်။

အသတ်ခံရသူ ကျောင်းသား ၂ ဦး အတွက် ဇူလိုင် ၂၄ ရက်က KIAဘက်မှ နစ်နာကြေး/ လျော်ကြေးငွေ တဦးကို သိန်း ၂၀၀ ကျပ်ဖြင့် ၂ ဦးအတွက် သိန်း ၄၀၀ ကျပ် ပေးခဲ့ကြောင်း ဦးအိုက်ဆန်း က ပြောသည်။

“သူတို့ (KIA)ဘက်ကလည်း ဝန်ခံထားတယ်။ သူတို့ အဖွဲ့ဝင်တပ်သားလုပ်တယ်ဆိုတာ။ မနေ့က ကျနော်တို့ လုပ်စရာရှိတာအားလုံးပြီးအောင်လုပ်တယ်။ သူတို့ကတော့ ကလေး တဦးကိုသိန်း ၂၀၀ ကျပ်၊ ၂ဦးအတွက် သိန်း ၄၀၀ ကျပ် နစ်နာကြေး ပေးလိုက်တယ်” ဟု ဦးအိုက်ဆန်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။

သားဖြစ်သူ၏ အလောင်းကို မည်သည့်နေရာတွင် မြုပ်နှံထားသည်ကို လက်ရှိအချိန်အထိ မသိရှိသေးကြောင်း လည်း ဦးအိုက်ဆန်း က ဆိုသည်။

“ ဘယ်မှာ မြုပ်ထားလည်းဆိုတာ မသိသေးဘူး။ အလောင်းကတော့ မရသေးဘူး။ ကျနော်တို့ဘက်ကလည်း ရက်ကလည်း ကြာလာပြီ။ ကိုယ့်သားသမီး ရုပ်ပျက်ဆင်းပျက် ဖြစ်တာ၊မမြင်ရက်ဘူးဆိုတော့ မယူတော့တာပါ” ဟု ဦးအိုက်ဆန်း က ဆိုသည်။

သျှမ်းနီ ကျောင်းသား ၂ ဦးသည် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာသို့သွားရောက်လည်ပတ်ရင်း အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ ဆယ်ဇင်းကျေးရွာ နှင့် ပါဟုတ်ကြီးကျေးရွာသည် ဆိုင်ကယ်ဖြင့် နာရီဝက်ခန့်သာ သွားရသည့်နေရာဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး သျှမ်းနီး ကျောင်းသား (၂) ဦး နှင့် ပတ်သက်ပြီး KIAမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူ က “ ကျနော်တို့ ဖြေရှင်းစရာကိစ္စဖြစ်ပါတယ်။ ကျူးလွန်တဲ့သူတွေကိုလည်း ကျနော်တို့ ဖမ်းထားပါတယ်။ အခုက စစ်ဆေးတဲ့အချိန်ကာလဖြစ်ပါတယ်” ဟု သျှမ်းသံတော်ဆင့်ကို ဇူလိုင်လ ၂၄ ရက်က ပြောကြားခဲ့သည်။

ထိုကျူးလွန်ခဲ့သည့် သူများသည် KIA အဖွဲ့ဝင်များဖြစ်သော်လည်း KIA၏ ညွန်ကြားချက် အရသတ်ဖြတ်ခြင်းမဟုတ်ကြောင်း၊ အချင်းချင်း ပြဿနာဖြစ်ပွားပြီး ကျူးလွန်သည့် အမှုဖြစ်ကြောင်း၊ သို့သော် KIA ၏ အဖွဲ့ဝင်ဖြစ်သည့်အတွက် တာဝန်ယူ စစ်ဆေးကာ အရေးယူ ဆောင်ရွက်သွားမည် ဟု ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

“ ကျောင်းသားမိဘတွေရဲ့လိုလားချက် တောင်းဆိုချက်တွေကိုတော့ ကျနော်တို့ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးရမှာပါ” ဟုလည်း ဗိုလ်မှူးကြီး နော်ဘူ က ဆိုသည်။

နောက်နောင် ထိုကဲ့သို့သောအမှုများ မဖြစ်ပွါးအောင် KIA အနေဖြင့် အောက်ခြေ အဖွဲ့ဝင်များကို စိစစ်ပြီး ကြပ်မတ် ကိုယ်တွယ်ရမည် ဟုလည်း ဗိုလ်မှူးကြီး နော်ဘူ ကပြောသည်။

ယခုကဲ့သို့ ဖြစ်ပွားသည့် ကိစ္စ သည် ကချင်ပြည် အတွင်း နေထိုင်သည့် သျှမ်းနီ တိုင်းရင်းသားနှင့် ကချင်တိုင်းရင်းသားများအတွက် မကောင်းကြောင်း၊ ထို့ပြင် လက်ရှိဖြစ်ပွားသည့် ကိစ္စ သည် လူမျိုးရေး ပြဿနာ မဟုတ်ကြောင်း လည်း ဗိုလ်မှူးကြီး နော်ဘူ က ထပ်လောင်းပြောသည်။

“ ကျနော်အနေနဲ့ လူမျိုးရေး မဖြစ်စေချင်ဘူး။ တကယ်လို့ဖြစ်သွားရင် ကျနော်တို့ဒီမှာ နေတဲ့ ပြည်သူလူထုတွေ အရမ်းဒုက္ခအရမ်းရောက်သွားမယ်။ အဲ့ဒါကြောင့်မဖြစ်စေချင်ပါဘူး” ဟု ဖခြင်ဖစ်သူ ဦးအိုက်ဆန်း က ပြောဆိုလိုက်သည်။

သျှမ်းနီ ကျောင်းသား ၂ဦး သတ်ခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး သျှမ်းနီ နိုင်ငံရေး ပါတီ ဖြစ်သည့် ရှမ်းနီ (တိုင်းလိုင်) အမျိုးသားဖွံ့ဖြိုး တိုးတက်ရေး ပါတီ( TNDP) နှင့် ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေး ပါတီ (SSP) တို့က ဇူလိုင် ၂၃ရက် တွင် KIA တပ်သား၏ အနိုင်ကျင့်သတ်ဖြတ်သည့် အပေါ် ကန့်ကွက်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

Leave a Comments

SHARE