သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် စံသီးကုန်းကျေးရွာတွင် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန် (၁၃)ရက် ညတွင် စံသီးကုန်းကျေးရွာနေ အသက် (၄၀)ကျော်အရွယ်ရှိ အုပ်ချုပ်ရေးမှူး ဦးကျော်ဇော ဆိုသူကို အမည်မသိ အဖွဲ့တဖွဲ့က လာရောက်သတ်ဖြတ်သွာခဲ့ကြောင်း ပင်းတယမြို့ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့် ကို ပြောသည်။
ထိုသို့ အုပ်ချုပ်ရေးမှူးအသတ်ခံရပြီးနောက် စစ်ကော်မရှင်တပ်များက အင်အားအလုံးရင်းဖြင့် ကျေးရွာအတွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ပင်းတယသွားလမ်းတစ်လျှောက်တွင် စစ်ဆေးမှုများ တင်းကျပ်ထားကြောင်း သိရသည်။
“ဘယ်အဖွဲ့က သတ်တာလည်းတော့ မသိဘူး။ အုပ်ချုပ်ရေးမှူးတွေဆို ခဏခဏ အသတ်ခံရတယ်။ ကြားနေရတယ်။ အခုသတ်ခံရတဲ့ တစ်ယောက်ဆို အရင် အငြိုးတေးတွေကြောင့်လည်း ပါမယ်ထင်တယ်။ ဘာအကြောင်းကြောင့် လို့တော့ သေချာမသိဘူး။ ခုတော့ စစ်တပ်က စစ်ဆေးရေးပိုတင်းကျပ်ထားတယ်။”ဟု ပင်းတယ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ အသတ်ခံရသည့် အုပ်ချုပ်ရေးမှူးသည် ယခင်တွင်ငွေအလှူကိစ္စ ပြဿနာရှိကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဇွန်လ ပထမပတ်တွင်လည်း ရွာငံမြို့နယ် မြိုင်ကျေးရွာတွင် ပျူစောထီးတစ်ဦး အသတ်ခံရပြီး အမှိုက်ပုံ၌ အလောင်းစွန့်ပစ်ထားကြောင်း သိရသည်။
“မြိုင်မှာလည်း ပျူတစ်ကောင် အသတ်ခံထားရတယ်၊ သူ့အလောင်းကို အမှိုက်ပုံမှာတွေ့တာ ဓားဒဏ်ရာတွေနဲ့ ဘယ်အဖွဲ့က လုပ်တာလဲတော့ မသိဘူး၊ မြိုင်မှာဆို စစ်သားတွေ တပ်ချထားတယ်၊ အရင်ကထက်တော့ စစ်ဆေးမှု တင်းကျပ်နေတယ်။စစ်သားတွေရှိတော့ ပြည်သူတွေ နေရထိုင်ရ ခက်တာပေါ့ ကြောက်စိတ်နဲ့ နေရတာ။”ဟု ရွာငံဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ရွာငံမြို့နယ်တွင် အုပ်ချုပ်ရေးမှူးနှင့် အရပ်သားများ ပျူစောထီးများ မကြာခဏ အသတ်ခံရနေရသောကြောင့် ဒေသခံများ ကြောက်လန့်နေရပြီး အုပ်ချုပ်ရေးမှူး မလုပ်ရဲကြတော့ကြောင်း အဆိုပါ အမျိုးသားက ဆက်ပြောသည်။
ရွာငံမြို့နယ် တချို့သော ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးမရှိကြတော့ကြောင်းနှင့် လုပ်မည့်သူမရှိ၍ ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ကျေးရွာအတွင်း နေထိုင်နေရကြောင်း သိရသည်။
ပြီးခဲ့သည့် မေလအတွင်း ရွာငံမြို့နယ်၌ အရပ်သားများအပါဝင် ပျူစောထီးများ အုပ်ချုပ်ရေးမှူးများ (၉)ဦး အသတ်ခံခဲ့ရကြောင်း သျှမ်းသံတော်ဆင့်မှ စုဆောင်းထားသော သတင်းအချက်လက်ရသိရသည်။













Leave a Comments