Saturday, July 20, 2024

တန့်ယန်းမြို့နယ် အတွင်း အဆိပ်ရှိမှိုစားမိ လင်မယား ၂ဦးသေ

Must read

သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ် နမ့်လပ် ကျေးရွာ အုပ်စု နမ့်ပတ်ကျေးရွာ ဒေသခံ လင်မယား ၂ ဦး အဆိပ်သင့်မှို စားသုံးကာ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

တန့်ယန်းမြို့နယ် နမ့်လပ်ကျေးရွာအုပ်စု၊ နမ့်ပတ်ကျေးရွာဒေသခံ လင်မယား ၂ဦးစားမိသည့် အဆိပ်မှိုပုံ

အဆိုပါ သေဆုံးသွားသည့် လင်မယား ၂ ဦးသည် ဇွန် ၆ ရက် တွင်တောင်ယာသို့သွားအလုပ်လုပ်ရင်း မှိုများရလာခဲ့ရာ အဆိုပါမှိုများကိုစားသုံံးကြပြီးနောက် သေဆုံးသွားကြကြောင်း နမ့်ပတ်ကျေးရွာ ဒေသခံ စိုင်းစွမ် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

ထို အဆိပ်ရှိသည့် မှိုကို စားသုံးပြီးနောက် လင်ယောက်ကျားဖြစ်သူသည် ဇွန် ၈ရက် မနက်ပိုင်းတွင် သေဆုံးခဲ့ပြီး၊ ဇနီးဖြစ်သူသည် ဇွန်၉ ရက် ည ၈ နာရီဝန်းကျင်တွင် သေဆုံးခဲ့ကြောင်း စိုင်းစွမ် က ပြောသည်။

“ အဆိပ်ရှိတဲ့မှိုစားပြီးသေတယ်လို့ ပြောလို့ရပါတယ်။ လင်မယား၂ယောက်လုံးက ရှေ့ဆင့်နောက်ဆင့်ပဲ။ ဒီကသူတွေက မှိုဆိုတာ အဆိပ်ရှိမရှိ မသိဘူး။ စားကြတာပဲ” ဟု စိုင်းစွမ် က ဆိုသည်။

တန့်ယန်းမြို့နယ် အတွင်း နေထိုင်သူများစုသည် တောင်ယာသွားကာ တောထဲတွင် ဟင်းရွက်များ ရှာဖွေပြီးစားသုံးလေ့ရှိကြကြောင်း၊ ယခု ရာသီတွင် မှိုများစွာ ပေါက်သဖြင့် မှိုများတွင် အဆိပ်ရှိသည်မှို၊ အဆိပ်မရှိသည့် မှိုကို မသိရှိဘဲ ခူးလာကာ ချက်စားကြလေ့ရှိသည် ဟု စိုင်းစွမ် က ပြောပြသည်။

“ သေဆုံးသူ တွေမှာ တော့ကလေးကျန်ခဲ့တယ်။ ကလေးကတော့ ဘာမှ မဖြစ်ဘူး” ဟုလည်း စိုင်းစွမ် က ထပ်လောင်းပြောသည်။

ထို့ကြောင့် ယခုရာသီတွင် ဒေသခံ တောင်သူများကို တောထဲတွင် တွေ့သမျှမှိုများ မခူးစားရန် ပညာပေးသင့်ကြောင်း၊ မှိုစားသုံးပါက အဆိပ်ရှိ၊ မရှိ သိရှိရန် လိုအပ်ကြောင်းလည်း တန့်ယန်း ဒေသခံများက ပြောသည်။

“ ကျေးရွာမှာနေထိုင်တဲ့သူအများစုက အခြေခံ လူတန်းစားတွေများတယ်။ သူတို့တွေက မှိုမြင်တာနဲ့ စားလို့ရတဲ့မှိုပဲထင်ကြတယ်။ မစားခင်မှာ မှိုဆိပ်ရှိ၊မရှိ သိအောင်လုပ်သင့်တယ်” ဟု တန့်ယန်းဒေသခံ တဦးဖြစ်သည့် စိုင်းယီ က ပြောသည်။

အဆိပ်ရှိသည့် ဟု ယူဆရသည့် မှိုများမှာ- ဆွတ်ဆွတ်ဖြူသည့်မှိုများ၊ အညိုရောင်မှိုသေးသေးမွှားမွှားများ၊ အညိုရောင် မှိုပွင့်ကြီးများ၊ အနီရောင်၊ ပန်းရောင် အဆင်းရှိသည့် မှိုများ၊ မှိုပွင့်ကို လက်နှင့် ခြွေပတ်သည့် အခါ အနီရောင် အရည်ထွက်ခြင်းတို့ဖြစ်သည်။

ထို့ပြင် မှိုရိုးတံကို ဓားနှင့်ဖြတ်ပါက ဖြတ်နေစဉ် ညိုပြာသွားခြင်း၊ မှိုပေါ် ဆားရည် နှင့် စိမ်ကြည့်ပါက အရောင်ညို၊ ပြာနက်လာခြင်း၊ မှိုရိုးတံ ကို လက်နှင့် ခြေသည့်အခါ ကြေမွသွားခြင်း၊ မှိုပွင့်ထိပ်တွင်အကြေးခွံကဲ့သို့ အဖတ်များရှိနေခြင်း၊ မှိုရိုးတံ အထက်ပိုင်းတွင် အရစ်ပါရှိခြင်း၊ မှိုရိုးတံ ၏ အောက်ပိုင်း၌ ခြေကျင်းဝတ်ကဲ့သို့ အရစ်ပါရှိခြင်း တို့ဖြစ်ကြောင်း သိရသည်။

အဆိပ်ရှိသည့် မှိုများကို စားသုံးမိပါက ခံစားရသည့် ရောဂါလက္ခဏာများမှာ မူးဝေခြင်း၊ အော့အန်ခြင်း၊ သွေးပေါင်ချိန် ကျခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ သတိလစ်မေ့မျောခြင်း နှင့် တက်ခြင်း များဖြစ်ပွားနိုင်သည်။

မှိုဆိပ်သင့်ခြင်းကြောင်း သာမာန်ရောဂါ လက္ခဏာများမှ အသက်သေဆုံးသည့် အထိဖြစ်ပွားနိုင်ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article