ကုမ္ပဏီမှရွာအောက်ထိကျောက်မီးသွေးတူးယူနေမှု ရွာကျွံမည်ကို တန့်ယန်းမြို့ နယ်ခံများစိုးရိမ်  

0

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် ရွာအောက်အထိ ကျောက်မီးသွေး တူးနေမှုကြောင့် ကျေးရွာအတွင်း အက်ကြောင်းများ ဖြစ်ပေါ်နေရာ ကျေးရွာတခုလုံး ကျွံကျမည်ကို တန့်ယန်းမြို့မှ နယ်ခံများကစိုးရိမ်နေကြသည်။

Photo Tangyan Youth – တန့်ယန်းတွင် ကျောက်မီးသွေးတူးဖော်မှုကြောင့် နေအိမ်၀င်းအထိ မြေအက်ကြောင်းများဖြစ်ပေါ်

တန့်ယန်းမြို့ အနောက် တောင်ဘက် ၉ မိုင်အကွာ နားဟုတ်အုပ်စု ၀င် တတ်လျက်ရွာတွင် ထိုသို့ဖြစ်ပွါးနေခြင်းဖြစ်ပါသည်။ ထိုဖြစ်စဉ်ကို ဝိုင်းဝန်းဖြေရှင်းပေးရန် ရွာသူ ရွာသားများ စုပေါင်းပြီး လွှတ်တော်အမတ်များထံ စာရေးအကူအညီ တောင်းခံ ထားကြောင်းလည်းသိရသည်။

တတ်လျက်ရွာသား စိုင်းသျဲန် က – “ရွာထဲမှာ မြေကြီးတွေ တအားအက်နေပြီ၊ အက်ကွဲကြောင်းက မကြုံစဖူးလေ၊ တအား အက်နေတဲ့ ရွာထဲက အိမ် ၁၁ အိမ် ကိုတော့ ကုမ္ပဏီက အိမ်နဲ့ ခြံ တခု အတွက် ကျပ်သိန်းရာကျော် ပေးတယ်။ သူတို့ တွေ တော့ ပြောင်းဖို့ ပြင်နေပြီ ” – ဟု ပြောသည်။

တက်လျက်ရွာတွင် အိမ်ခြေ ရ၃ အိမ် ရှိပြီး ၁၁ အိမ်က မလွှဲမသွေ ပြောင်းရွေ့ရတော့မည်ဖြစ်ကြောင်း၊ ဒါ့အပြင် ရွာဦး ကိုးမြို့ရှင် နတ်နန်း အားလည်းပြောင်းရွှေ့ပေးရန် ကုမ္ပဏီမှ ငွေကျပ် သိန်း ၁၅၀ ပေးထားကြောင်း၊ ဒေသခံများ မတတ်နိုင် တော့သည့်အတွက် လွှတ်တော်အမတ်မင်းထံ တိုင်တန်းထားခြင်းဖြစ်ကြောင်း ရွာခံများပြောပြချက်အရသိရသည်။

အဆိုပါ ကိစ္စ နှင့် ပတ်သက်၍ သျှမ်းပြည် မဲဆန္ဒနယ် အမတ် ၃ ၊ လားရှိုးခရိုင် အမျိုးသားလွှတ်တော်အမတ် စိုင်းဝမ်းလျဲန်းခမ်းက – ဒီကျောက်မီးသွေးပြသနာက ကျနော်တို့ ကြားသိရတာကြာပြီ။ အခု ရွာသူ ရွာသားတွေ စာထပ်တင်လာတယ်၊ ဖြေရှင်း ပေးဖို့ပေါ့၊ ကျနော်တို့ အနေနဲ့လဲ လွှတ်တော်လမ်းကြောင်းကနေ အတတ်နိုင်ဆုံး ကူညီ ဆောင်ရွက်ပေးသွားပါ့မယ် – ဟု သျှမ်းသံတော်ဆင့်အား ပြောသည်။

Photo Tangyan Youth – တန့်ယန်းတွင် ကျောက်မီးသွေးတူးဖော်မှု

ယခု ကျောက်မီးသွေး တူးဖေါ်မှု သည် နမ့်ပန်ချောင်းဦး ဒေသဖြစ်သောကြောင့် ချောင်းရေပျက်စီးသွား မည်ကိုလည်း ဒေသခံများက စိုးရိမ်နေကြသည်။

တန့်ယန်းမြို့နယ်အတွင်းတွင် ကျောက်မီးသွေးကုမ္ပဏီ၊ ရာဘာကုမ္ပဏီ များ မှ ရပ်ရွာ လယ်ယာမြေများအား အဓမ္မသိမ်းပိုက် ဝယ်ယူခြင်း၊ ဒေခံများ မွေးမြူရေး၊ စိုက်ပျိုးရေး၊ သောက်သုံးရေ အတွက်အားကိုးအားထားရသည့် ရေထွက်ဦးများ သိမ်းပိုက် ဖျက်ဆီး နေသည့် ပြသနာများ ၁၀ စု နှစ်ချီ ရှိလာနေသည်။ ယခု ကျောက်မီးသွေးတူးဖေါ်နေသည့် ကုမ္ပဏီလည်း ဗိုလ်ချုပ်ခင်ညွန့်ခေတ် စစ်အစိုးရခေတ် ၂၀၀၀ ပြည့်နှစ်ကတည်းက ၀င်ရောက်လာသည့် ကုမ္ပဏီများဖြစ်သည်။


eastern_breeze
SHARE