သျှမ်းပြည် သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်းအထိ တရုတ်နံပတ်ပြားတပ် ကုန်တင်ကားကြီးများ ကျောက်မီးသွေး လာရောက်သယ်ဆောင်ပြီး ချင်းရွှေဟော်ဂိတ်မှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေကြောင်း စုံစမ်းသိရသည်။
လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်နိုင်ပြီးနောက် ယမန်နှစ် စက်တင်ဘာလမှ စတင်ပြီး သီပေါမြို့နယ်ရှိ ငွေရည်ပုလဲ ကုမ္ပဏီ တူးဖော်နေသည့် နမ္မကျောက်မီးသွေးတွင်းသို့ တရုတ်နံပတ်ပြားတပ် ကုန်တင်ကားကြီးများ ရောက်လာ၍ ကျောက်မီးသွေး တင်ဆောင်ပြီး ချင်းရွှေဟော်ဂိတ်မှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေကြောင်း ဒေသခံများက ပြောသည်။
“သဲတိုက်တဲ့ ကားလိုမျိုးပဲ။ နမ္မ ဘက်ကနေ ကျောက်မီးသွေးတင်လာပြီး နမ့်ပေါင်ဘက်က ထွက်တယ်၊ ပြီးတော့ လားရှိုးဘက်ကို တက်သွားတာ။ ကျောက်မီးသွေးကတော့ ကားပေါ် အပြည့်ပဲ၊ ကားမောင်းတာလည်း တအားမြန်တော့ အန္တရာယ်များတယ်။ နာရီဝက်အတွင်း ကျနော်ရှေ့မှာ ကျောက်မီးသွေးကား အစီး ၂၀ လောက် ဖြတ်သွားတာ”ဟု လားရှိုး-တောင်ကြီး ခရီးစဉ် ပြေးဆွဲနေသည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
သီပေါမြို့နယ်ရှိ နမ္မ ကျောက်မီးသွေးတွင်း၌ အဓိက သတ္တုတူးဖော်နေသည့် ကုမ္ပဏီမှာ ငွေရည်ပုလဲ ကုမ္ပဏီဖြစ်ပြီး ၂၀၀၄ ခုနှစ်ကတည်းက စတင်တူးဖော် လုပ်ကိုင်လျက်ရှိပြီး ဟေဟိန်း ကုမ္ပဏီ၊ စစ်ကောင်စီ၏ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC လက်အောက်ခံ မင်းရွှေလွှာ ကုမ္ပဏီတို့လည်း တူးဖော်ခဲ့ကြသည်။
နမ္မကျောက်မီးသွေးတွင်းသို့ လာရောက်သယ်ဆောင်သည့် ကားကြီးများသည် လားရှိုးမြို့မှ သိန္နီမြို့သို့ ဆက်လက်မောင်းနှင်ကာ သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးအတိုင်း ဖြတ်သန်းသွားပြီး MNDAA ထိန်းချုပ်ထားသည့် ချင်းရွှေဟော် နယ်စပ်ဂိတ်မှတဆင့် တရုတ်နိုင်ငံဘက်သို့ ရောင်းချကြောင်း သိရသည်။

၎င်းလမ်းကြောင်းတလျှောက်တွင် ကျောက်မီးသွေး တင်ဆောင်ထားသည့် ကားကြီးများ နေ့တိုင်းနီးပါး ဖြတ်သန်းသွားလာနေပြီး ကိုးကန့်တပ်၏ စစ်ဆေးရေးဂိတ်များတွင်လည်း အခြားသော ခရီးသည်တင်ကားများကဲ့သို့ ရပ်တန့်၍ သတင်းပို့ရန် မလိုဘဲ အလွယ်တကူ ဂိတ်ဖြတ်သန်းနိုင်ကြောင်း သိန္နီမြို့မှ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
“ကိုးကန့်သိမ်းပြီးတဲ့နောက်ပိုင်း ကျောက်မီးသွေး တင်တဲ့ကားတွေ တနေကုန် သွားနေတာ။ ဂိတ်တွေမှာလည်း ပြည်သူတွေလို ရပ်ပြီး သတင်းပေးစရာ မလိုဘူး။ ကားနံပါတ်ပြားက တရုတ်နံပါတ်နဲ့ လာတာ။ တစ်ထိုင်တည်း စောင့်ကြည့်တာဆိုရင် ခဏလေး ကား ၁၀ စီးလောက် ဖြတ်သွားတယ်”ဟု သိန္နီဒေသခံ ၎င်းအမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ယမန်နှစ် ၂၀၂၄ နိုဝင်ဘာလမှ စတင်ပြီး MNDAA ထိန်းချုပ်ထားသည့် ချင်းရွှေဟော် နယ်စပ်ဂိတ်ကို တရုတ်နိုင်ငံဘက်မှ ပြန်ဖွင့်ပေးခဲ့ရာ စက်မှုကုန်ကြမ်းဖြစ်သည့် ကြံနှင့် ပြောင်း အပြင် ကျောက်မီးသွေးများ တင်ပို့ခွင့်ရသော်လည်း စားသောက်ကုန်များကို တပိုင်တနိုင်သာ ခွင့်ပြုထားကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။
“တရုတ်က အဝင်ပဲ လက်ခံတယ်၊ အထွက်လုံးဝ မပေးသေးဘူး။ ကြံနဲ့ ပြောင်းပေါ့၊ ကျောက်မီးသွေးတော့ ဘယ်ပို့လဲ မသိဘူး၊ တရုတ်ပြည်လား ‘ဝ’ပြည်လား မပြောတတ်ဘူး။ သတ်မှတ်တန်ချိန်က ယာဉ်တစ်စီးကို ၃၅ တန်။ တရုတ်ပြည်က ကားဆိုရင် တခါတည်း ဂိတ်ဖြတ်လို့ ရတယ်၊ မြန်မာဘက်က ကားဆိုရင်တော့ ချင်းရွှေဟော်မှာ ကားချိန်းရတယ်”ဟု ချင်းရွှေဟော်မှ ကုန်သည် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ တန့်ယန်းမြို့နယ် ဝမ်ပန်ကျေးရွာအုပ်စုနှင့် နားဟုတ်ကျေးရွာအုပ်စုများတွင်လည်း ငွေရည်ပုလဲ ကုမ္ပဏီမှ တူးဖော်နေသည့် ကျောက်မီးသွေးများကို UWSA ထိန်းချုပ် နယ်စပ်ဂိတ်များမှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေကြောင်း ဒေသခံများက ပြောသည်။
ပုံစာ – တရုတ်နံပါတ်ပြားတပ် ကျောက်မီးသွေးတင် ကားကြီးများကို သျှမ်းမြောက် လမ်းပိုင်းတနေရာတွင် တွေ့ရစဉ် (ဓာတ်ပုံ – ဒေသခံ)












Leave a Comments