မိုင်းကိုင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်နေအိမ်များ ဆက်လက်ဖျက်ဆီးခံနေရ

0

သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်း ကျေးရွာ အုပ်စု အတွင်း စစ်ဘေးရှောင်နေသည့် ဒေသခံများ၏ နေအိမ်နှင့်ဈေး ဆိုင်များ ဆက်လက် ဖျက်ဆီးမွှေနှောက်ခံနေရကြောင်း သတင်းရရှိသည်။

 

Photo by ကုန်းညောင် ဖာဆား ကျေးရွာ ဒေသခံ တဦး

မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ အုပ်စုအတွင်း သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) နှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲဖြစ်ကာ ဒေသခံများ နီးစပ်ရာ ဘုန်းကြီးကျောင်းများ၊ ဆွေမျိုး အိမ်များ သွားရောက် တိမ်းရှောင်နေရသည်။

စစ်ရှောင်များနေရပ်မပြန်နိုင်ကြသေးခင် အစိုးရ တပ်မတော်၏စစ်ကြောင်းများသည် ဟမ်းငိုင်းကျေးရွာ အနောက်ဘက် ရှိ ဟိုဖိုင်ကျေးရွာ အတွင်းရှိ နေအိမ်များ၊ ဈေးဆိုင်များကို ယမန်နေ့ (မတ် ၃) ရက်တွင် ဝင်ရောက် မွှေနှောက်မှု ထပ်မံပြုလုပ်ခဲ့သည်ဟု မျက်မြင်ကြုံရသည့်ရွာသားများကပြောကြောင်း မိုင်းကိုင်မြို့နယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံ က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ ဒီမနက် ဟိုဖိုင်ကျေးရွာ က ဈေးဆိုင်ပိုင်ရှင် ဖုန်းဆက်လာတယ်။ သူ့ဆိုင်တွေ ကို ဝင်မွှေပြီး ပစ္စည်းတွေ ယူသွားတယ်။ တန်ဖိုးငွေကတော့ များတယ်လို့ပြောတယ်။ ဘယ်လောက်လဲဆိုတာ မသိရသေးဘူး။ အိမ်တွေကိုလည်း ဖျက်ဆီးထားတယ်။ အတိအကျတော့ စာရင်းမသိရသေးဘူး” ဟု ဦးစိုင်းလုံ က ဆိုသည်။

Photo by ကုန်းညောင် ဖာဆား ကျေးရွာ ဒေသခံ တဦး

အဆိုပါစစ်ကြောင်းသည် နေ့လည်ခင်းအချိန် ကျေးရွာအတွင်း တပ်စခန်း ချပြီး ကျေးရွာရှိ ဈေးဆိုင်များ၊ နေအိမ်များ ၏ ပစ္စည်းများကို ဝင်ရောက် မွှေနှောက်ကြောင်း ၊ ညအချိန် တောပိုင်းသို့ပြန်သွားကြကြောင်း နေရပ်ပြန် အခြေအနေကြည့်ခဲ့သည့်ရွာသားများပြောပြချက်အရသိရသည်။

“ ဟိုဖိုင်ကျေးရွာထဲ က လူနေအိမ်ဆိုရင် တော်တော်များများ ပျက်စီးနေပြီ” ဟု ဦးစိုင်းလုံ က ထပ်လောင်းပြောပြသည်။

ဟမ်းငိုင်းကျေးရွာ အုပ်စု မှ ကုန်းညောင် ဖာဆား ကျေးရွာ တွင်လည်း မတ် ၂ ရက်မှစတင်ကာ အစိုးရ စစ်သားများက စစ်ရှောင် နေအိမ်များကို ဝင်ရောက် မွှေနှောက် သည်မှာ ယနေ့ထိတိုင်ဖြစ်နေကြောင်း ဒေသခံများ၏ ပြောပြချက် အရ သိရသည်။

“ မတ် ၂ ရက် က အိမ် ၄ အိမ်ပဲ သူတို့ ဝင်မွှေတာ။ မနေ့က (မတ် ၃) ရက်မှာ အိမ် ရော ဆိုင်တွေရော တော်တော်များများ ဝင်မွှေတာတွေ့ရတယ်။ တွေ့တာအကုန်ယူတာ။ မွှေထားတာ လည်း တော်တော်ဆိုးတယ်” ဟု ကုန်းညောင် ဖာဆာ ကျေးရွာ မှ အသက် ၄၀ ကျော် စိုင်းမု က သျှမ်းသံတော်ဆင့် သို့ပြောသည်။

ကုန်းညောင် ဖာဆားကျေးရွာမှ စစ်ရှောင်ရွာသားအမျိုးသားတချို့သည် နေ့ခင်းအချိန်နေရပ်ပြန်ပြီးကျန်ခဲ့သည့် ဝက်များ၊ နွားများကို အစာသွားကျွေးစဉ် မြင်ခဲ့ရကြောင်း ဘုန်းကြီးကျောင်းသို့ပြန်ရောက်လာသည့် အဆိုပါရွာသားများက သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ ကျနော်တို့ရွာသား ၁၀ ယောက် ရွာပြန်ပြီး ဝက်တွေ၊နွားတွေကို အစာကျွေးကြတယ်။ အဲ့မှာ စစ်သားတွေတွေ့တော့ လှမ်းခေါ်တာ ။ ကျနော်တို့မရပ်လို့ သေနတ်နဲ့လိုက်ပစ်တယ်။တော်သေးတယ် လူမထိလို့ ” ဟု ထွက်ပြေး လွှတ်မြောက်လာသူ တဦး က က ထပ်လောင်း ပြောပြသည်။

ထိုနည်းတူ ရွာထဲရှိ ဝက်၊နွား၊ ကျွဲ များကို အစာပြန်သွားကျွေးသည့် အမျိုးသား ၂ ဦး ကို အစိုးရ စစ်သားများက တရက် ချုပ်နှောင်ထားခဲ့ကြောင်းလည်း ကုန်းညောင် ဖာဆာ ကျေးရွာ ဒေသခံ စိုင်းမု က ပြောသည်။

“ ရိုက်တော့ မရိုက်ဘူးတဲ့။ မနေ့က တညလုံးချုပ်ထားပြီး ဒီမနက်မှ ပြန်လွှတ်လာတာ” ဟု စိုင်းမု က ဆိုသည်။

လက်ရှိ RCSS/SSA နှင့် အစိုးရ တပ်မတော်တို့သည် မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ အုပ်စုအတွင်း ဖေဖော်ဝါရီ ၂၇ ရက်နေ့က တိုက်ပွဲစတင်ဖြစ်ပွားကာ ယနေ့တိုင် စစ်ရေး တင်းမာနေဆဲ ဖြစ်ပါသည်။

ထို တိုက်ပွဲကြောင့် ဟမ်းငိုင်းကျေးရွာ အုပ်စု လွိုင်စက် ကျေးရွာ ဘုန်းကြီးကျောင်းတွင် စစ်ရှောင် ၃၀၀ ကျော်၊ ကုန်းစုံ ကျေးရွာ ရှိ ဘုန်းကြီးကျောင်းတွင် ၂၀၀ ဝန်းကျင် တိမ်းရှောင် ခိုလှုံနေရသည်။

ထိုစစ်ဘေးရှောင်များသည် ဟမ်းငိုင်းကျေးရွာ အုပ်စု အတွင်းရှိ ကုန်းညောင် ဖာဆားကျေးရွာ၊ ဖာပေါင် ကျေးရွာ၊ ဟိုနောင်ကျေးရွာ၊ နောင်အု ကျေးရွာ နှင့် ဟိုဖိုင် ကျေးရွာ မှ ဒေသခံများ ဖြစ်ကြကြောင်း သိရသည်။

Leave a Comments

SHARE